မောင်တူး - ကေဇဝင်းကဗျာများ၊ ကေဇဝင်းအတွက် ကဗျာများ
မောင်တူး - ကေဇဝင်းကဗျာများ၊ ကေဇဝင်းအတွက် ကဗျာများ
မိုးမခ ၊ မတ် ၂၀ ၊ ၂၀၂၆
ခုခံခဲ့တယ်
တွန်းလှန်ခဲ့တယ်
ကျဆုံးခဲ့ရ
ကေဇဝင်း
ကွယ်လွန်ခြင်း
ငါးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ ။
စစ်ကိုင်းတိုင်း မုံရွာမြို့က ကဗျာဆရာ ကေဇဝင်း (ခေါ်) ကိုချမ်းသာဆွေဟာ စစ်တပ် အာဏာသိမ်းပြီးစ မတ်လ ၃ ရက်က မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီအနီး ဆန္ဒပြနေတုန်း စစ်တပ်က ပစ်ခတ်လို့ ခေါင်းထိမှန်ပြီး ကျဆုံးခဲ့တယ်။ အခု ၂၀၂၆ ခုနှစ် မတ် ၃ ရက်က သူ့ရဲ့ အာဇာနည်သူရဲကောင်း ပီသစွာ ကျဆုံးခြင်း ၅ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
ခေါင်းခွံများအကြောင်း
တော်လှန်ရေးက
လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ။
တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
စကားတခွန်း ပြောသွားသေးလား
မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေညာချက်တွေဟာ အရေးပါသေးလား။
ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှရမယ်။
တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်။
မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့ စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။ ။
ကေဇဝင်း
ဖေဖေါ်ဝါရီ ၂၃ ၊ ၂၀၂၁
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ မတ် ၂၁ ရက် ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ ကဗျာရွတ်ပွဲ လုပ်မယ်တဲ့။ ကဗျာဆရာ ပိုင်သစ်မိုးဃ်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အခုလို ဖော်ပြထားပါတယ်။
ကဗျာဆရာတွေ သေရင် ကဗျာနဲ့ သရဏဂုံတင်ရတယ်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်ဟာ ကမ္ဘာ့ကဗျာနေ့ (World Poetry Day) ဖြစ်ပါတယ်။ ကမ္ဘာ့ကဗျာနေ့မှာ "သုခုမဒေသ" အဖွဲ့သားတွေအနေနဲ့ တော်လှန်ရေးကာလထဲမှာ ကျဆုံးသွားတဲ့ ကဗျာဆရာတွေကို ဂုဏ်ပြုဦးညွှတ်တဲ့ ကဗျာရွတ်ပွဲတခု မဲလ်ဘုန်းမြို့မှာ ကျင်းပပြုလုပ်သွား ပါမယ်။ ခေတ်အဆက်ဆက်က ကဗျာဆရာတွေဟာ လူ့အဖွဲ့အစည်းရဲ့ အချိုးအကွေ့တိုင်းမှာ ပြည်သူလူထုရဲ့ဘက်မှာ ရပ်တည်ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း တော်လှန်ရေးရဲ့ တထောင့် တနေရာမှာ ကျဆုံးသွားခဲ့တဲ့ကဗျာဆရာတွေ ရှိခဲ့ကြပါတယ်။
"ကဗျာဆရာတွေ သေရင်
ကဗျာနဲ့ သရဏဂုံတင်ရတယ်"
(မောင်ချောနွယ်)
ဆရာမောင်ချောနွယ်ရဲ့ စကားလိုပဲ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးကဗျာဆရာတွေကို ကဗျာနဲ့ပဲ ဂုဏ်ပြုဦးညွှတ်သင့်တယ်လို့ "သုခုမဒေသ"က ယုံကြည်ပါတယ်။ မဲလ်ဘုန်းက ကဗျာဆရာတွေ၊ အနုပညာရှင်တွေ၊ မြို့ခံပြည်သူတွေအားလုံး အတူတကွ ကဗျာတွေ ခံစားရွတ်ဆိုကြရင်း ဆုံတွေ့ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အခန်းကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာ၊ ကဗျာဆရာမတွေဟာလည်း ဒီကဗျာရွတ်ပွဲမှာ အွန်လိုင်းကတဆင့် ပါဝင်ရွတ်ဆိုကြမှာပါ။ ဒါ့အပြင် လူငယ် ကဗျာဆရာ ပွဲစီစဉ်သူ ပိုင်သစ်မိုဃ်းက ကျနော့်ကို နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့ကြရတဲ့ ကဗျာဆရာ ခက်သီ၊ ဆရာဂျင်မီ၊ ကဗျာဆရာမ ကြည်လင်အေး၊ ကဗျာဆရာ အေစိုင်းကေ၊ ကဗျာဆရာ မောင်ပို၊ ကဗျာဆရာ ကိုရင်ဩနဲ့ ကဗျာဆရာ ကေဇဝင်း စသူတို့ရဲ့ ကဗျာတွေ၊ သူတို့ကို ဂုဏ်ပြုရေးသားထားတဲ့ ကဗျာတွေကို ရွတ်ဆိုကြဖို့ စီစဉ်ထားကြောင်း ပြောပြပါတယ်။ ဆရာ ကေဇဝင်း ဟာဆိုရင် အခု မတ်လ ၃ ရက်မှာ ကျဆုံးခဲ့တာ ၅ နှစ်ပြည့်ပါပြီ။
မြိုင်
အညံ့မခံ တေးတွေနဲ့
"မြိုင်" လို့။
ခုခံခဲ့တယ်
တွန်းလှန်ခဲ့တယ်
သွေးမြေကျခဲ့ရတယ်။
ဘာမထီ မြို့ကလေးတမြို့ပေါ့။
ညီညွတ်ဖို့
လွမ်းဆွတ်ဖို့။
တနေ့နေ့
အရောက်လာခဲ့ပါဦးမယ်။ ။
ကေဇဝင်း
၁၂ မတ် ၂၀၂၁ မနက် ၈း၁၀
ဆရာ ကေဇဝင်းရဲ့ "မြိုင်" ကဗျာလေးကို ဖတ်ရတော့ အဖြစ်အပျက်တွေကို သာမန်သူတွေ မြင်တာထက် ကဗျာဆရာတွေ မြင်တာနဲ့ ကွာခြားပါ့လားလို့ တွေးမိတယ်။ စစ်တပ်က လက်နက်ပြပြီး အာဏာသိမ်းခဲ့တာပါပဲ။ ဒါကို လက်မခံတဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။ တနိုင်ငံလုံး လူလှိုင်းပင်လယ်ကြီးတွေနဲ့ ပြခဲ့ကြတာပါ။ ကေဇဝင်း ကဗျာဖွဲ့တဲ့ မြို့ကလေးကလည်း ပြခဲ့ကြပါတယ်။ ကဗျာဆရာက ရေးဖွဲ့တဲ့အခါကျမှ သမိုင်းဝင် "မြိုင်" ကဗျာလေး ကျန်ထားခဲ့ရတော့တာပေါ့။ ပြည်သူတွေရဲ့ ရုန်းကန်သံတွေကို ဖွဲ့ဆိုထားတဲ့ နွေဦးကဗျာ "မြိုင်" အတွက် ကျေးဇူးပါ ဆရာကေဇဝင်းရေ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က "ကဗျာဆိုတာ ကျမတို့ရဲ့ ရုန်းကန်သံပါပဲ"လို့ ရေးဖွဲ့ခဲ့တာမဟုတ်ပါလား။ ဆရာ ကေဇရဲ့ နောက်ကဗျာတပုဒ်ကို ကြည့်ပါဦး။ "နေပူထဲမှာနေမယ်" တဲ့။ သွေးမအေးကြဘူးလို့ ပြောသွားသလို ပြည်သူတွေ သွေးမအေးကြနဲ့လို့ လှုံ့ဆော် သွားတဲ့ ကဗျာတပုဒ် အလားပါပဲ။
နေပူထဲမှာနေမယ်
နေရောင်ထဲ
သမဂ္ဂအလံတော်ဟာ ရဲရဲပွင့်ပွင့် လွင့်နေတယ်။
အရိပ်လိုချင်ရင်
နေပူထဲက စောင့်ရတယ်
ဒီမိုကရေစီလိုချင်ရင်
စစ်အာဏာရူးတွေရဲ့ သွေးအိုင်ထဲက စောင့်မယ်။
နေက သိပ်ပူတယ်
အဓမ္မတရားရဲ့ ငရဲမီးက
ငါတို့ခေါင်းပေါ်ကနေထက် အဆထောင်သောင်း ပိုပြီး ပူတယ်
ဒီတိုက်ပွဲ မနိုင်မချင်း
ငါတို့ပြည်သူတွေ နေပူထဲမှာ ဆက်နေမယ် ။ ။
ကေဇဝင်း
၂၀၂၁ ဖေဖော်ဝါရီ ၂၄
ဆရာ ကေဇဝင်း ကျဆုံးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှာ ကဗျာဆရာမ ကြည်လင်အေးလည်း မုံရွာသပိတ်အတွင်း ကျဆုံးခဲ့ပါတယ်။ ကဗျာဆရာ ခက်သီဟာလည်း ၂၀၂၁ မေ ၉ ရက်က စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်တာကြောင့် ရွေဘိုမြို့မှာ ကျဆုံးခဲ့ရပါတယ်။ ဆရာခက်သီဟာ ၂၀၂၁ မတ်လ ၅ ရက်က ကျင်းပခဲ့တဲ့ ဆရာကေဇဝင်းရဲ့ ဈာပနမှာတောင် ကဗျာတို တပုဒ် ရေးသား ရွတ်ဆိုခဲ့သေးတာပါ။
“ကေဇရေ…
သူတို့က
ခေါင်းကို ပစ်တယ်
တော်လှန်ရေးက
နှလုံးသားမှာရှိတာ
သူတို့ မသိကြဘူး။ ။”
ခက်သီ
ကေဇဝင်း (ကိုချမ်းသာဆွေ) ကို အဖ ဦးကျော်ဆွေ၊ အမိ ဒေါ်ဝင်းမေတို့က ၁၉၈၂ ခုနှစ် မေလ ၂၄ ရက်က ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာမှာ မွေးဖွားခဲ့တာပါ။ သူကွယ်လွန်ချိန်က အသက် ၃၉ နှစ် ရှိပါပြီ။ သူ့အသက် ၁၆ နှစ်အရွယ်ကစပြီး ပဲခူးဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းမှာ သူ့ကဗျာ စတင်ပါဝင်ခဲ့တယ်။ ၂၀၀၄ ခုနှစ်က သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာ “ဇာတ်သိမ်း" ကဗျာနဲ့၊ First Eleven Sport Journal တွေမှာ သူ့ကဗျာတွေ စတင် ဖော်ပြခံခဲ့ရတယ်။ ၂၀၀၉-၂၀၁၀ ကစလို့ ကဗျာတချို့၊ နိုင်ငံရေးဆောင်းပါးတချို့ကို မောင်းချင်းဆွေ(သလ္လာမြေ)၊ ချမ်းဆွေ၊ ခမ်းမွန်လဗ်၊ ခမ်းမွန်၊ မိုးကေခမ်းစတဲ့ ကလောင်ခွဲတွေသုံးပြီး ရေးသားခဲ့တယ်။ ရာမွန်သို့ ပြန်စာ တကိုယ်တော် ကဗျာလုံးချင်းထုတ်ဝေခဲ့တယ်။ ဇနီးရှိရာ ဂျပန်နိုင်ငံကို သွားရောက်ခါနီးမှာ ဒီမိုကရေစီပညာရေး (ပင်မသပိတ်စစ်ကြောင်း) ကျောင်းသားလှုပ်ရှားမှုကို ဝန်းရံ ပံ့ပိုးပြီး လက်ပံတန်းမှာ ၂၀၁၅ ခုနှစ်က အဖမ်းခံခဲ့ရတယ်။ ထောင် ၂ နှစ်ကျခဲ့ကာ သာယာဝတီထောင်က လွတ်မြောက်ပြီးနောက် မုံရွာမှာ ပြန်နေထိုင်ခဲ့တယ်။ မြန်မာစာပြ ပရဟိတ ကျောင်းဆရာ၊ အနောက်မြောက်လွင်ပြင် ကဗျာဆုအဖွဲ့ဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများသမဂ္ဂ အဖွဲ့ဝင်အဖြစ် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့တယ်။ နွေဦးတော်လှန်ရေး စတင်ကတည်းက မုံရွာသပိတ်စစ်ကြောင်းမှာ သတ္တိရှိရှိ ဦးဆောင်ပါဝင်ခဲ့ပြီး မုံရွာသပိတ်အကြမ်းဖက် ဖြိုခွဲခံရချိန် ကျဆုံးသွားခဲ့တာ ၅ နှစ် မြောက် ရှိခဲ့ပါပြီ။
ရာမွန်သို့ ပြန်စာ
သို့
ချစ်သောရာမွန်
သင့်ထံမှပေးပို့သော စာလွှာကို
ကျွန်ုပ်တို့ ပြည်သူတွေရှေ့မှာ ဖတ်ပြခဲ့တယ်။
ကျွန်ုပ်တို့ စတွေ့ခဲ့ကြတဲ့
"မာရီယာ အန်တိုနီယာ"ရဲ့ အိမ်ခန်းလေးကနေ
သင့် နောက်ဆုံးသတင်းကို
ကျွန်ုပ် အတည်ပြုကြေညာနေရ
ယခုအချိန်ထိ
ကျွန်ုပ်တို့နှစ်ဦးကြားက ခေါင်းစဉ်ဟာ
"တော်လှန်ရေး" မဟုတ်လား ရာမွန်။
တပ်(ဇ်)ပန် ဆိပ်ကမ်း ၊ အူဗာရိုတိုက်ပွဲ
စန်တာကလာရာထိုးစစ်...
ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်တိုင်း
စေးပျစ်နေတဲ့ သွေးကိုချည်း ထိစမ်းမိခဲ့
ရွက်ဖျင်ဟာ ဟောင်းနွမ်းခဲ့ပေမယ့်
ကျွန်ုပ်တို့ရွက်လှေကတော့
ဆက်လက်ရွက်လွင့်ဆဲပါပဲ ရာမွန်။
အို...ရာမွန်
"တကမ္ဘာလုံးအတွက်
တော်လှန်ရေးကို သင် ချန်ထားနိုင်ခဲ့ပေမဲ့
သင့်ချစ်ဇနီးနဲ့သင့်သားငယ် သမီးငယ်တို့အတွက်တော့
တာဝန်မကျေပွန်သူတယောက်"တဲ့လား
မဟုတ်ရပါဘူး ရာမွန်
"အယ်လင်ဒါ"ဟာ
သင့်အတိုင်း ရဲရင့်သူ ဇနီးတယောက်ဖြစ်ပြီး
သင့်သားသမီးတွေကလည်း
သင့် စွန့်လွှတ်မှုမှာ ဂုဏ်ယူတတ်ကြပါရဲ့ ရာမွန်။
အို...ရာမွန် သင်က
အရပ်ရပ်သော အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်သော တပ်ဦးက
လွန်သွားတချောင်းဖြစ်ရဲ့
သင့်သေဖော်ဟာ ကျွန်ုပ်ဖြစ်ပြီး
ကျွန်ုပ်သေဖက်က သင်ဖြစ်ရဲ့ ရာမွန်။
တကမ္ဘာလုံးက
ညီညွတ်သော အလုပ်သမားထုနဲ့
ညီညွတ်သော လယ်သမားတို့ရဲ့ တိုက်ပွဲဝင်အလံမှာ
သင့်သွေးဟာ ပင်မရောင်စဉ်ပါပဲ ရာမွန်။
ချစ်သော ရာမွန်
လူတန်းစားပဋိပက္ခတွေကို ငြင်းပယ်ခြင်းဟာ
ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်ပြီး
ဘုရားသခင်ကို ငြင်းပယ်ခြင်းကတော့
လူတန်းစားပဋိပက္ခကို လက်ခံခြင်းဖြစ်ရဲ့ မဟုတ်လား
အပျင်းထူတဲ့ (နတ်)ဘုရားတွေ
အဆီယစ်နေတဲ့ ဘုန်းတော်ကြီးတွေနဲ့
သေသောက်ကြူးနေတဲ့ အာဏာရှင်တွေဟာ
လွန်ခဲ့တဲ့ ရာစုနှစ်တွေကထက် ပိုညီညွတ်လာကြပေါ့။
ကမ္ဘာအရပ်ရပ်မှာတော့
သီးနှံစပါးတွေ စိုက်ပျိုးရင်းက
လယ်သမားတွေက ဝမ်းစာရိက္ခာချို့ငဲ့နေကြဆဲ
တနေ့...ရှစ်နာရီထက် ပိုအလုပ်လုပ်ရင်းက
အလုပ်သမားတွေဟာ
မျှတနေတဲ့ လုပ်ခလစာကို တောင်းဆိုနေရဆဲ
တော်လှန်ရေးဟာ မပြီးဆုံးသေးခင်
သင်ကတော့ ထွက်ခွာနှင့်ပြီပေါ့ ရာမွန်။
ရာမွန်ရေ...
သူတို့ရဲ့ သွားလေသူ သမ္မတအတိုင်းပဲ
တက္ကဆပ်က ကောင်းဘွိုင်တွေလည်း
ဟာဘားနာ ဆေးပြင်းလိပ်ကို ခဲကုန်ကြပြီ
ဝက်ပင်လယ်အော်မှာလည်း
ခရီးသည်တင် သင်္ဘောတချို့ဟာ ဖြတ်သန်းလို့။
အမေရိကဟာ
ပုပ်ပွနေတဲ့ သူ့အလောင်းကောင် သူထမ်းပြီး
အခုထိ ရူးနှမ်းနေဆဲပေါ့ ရာမွန်။
ကျွန်ုပ်တို့ရဲ့ ခံကတုတ်တချို့လည်း
ကော်ပိုရိတ်ယဉ်ကျေးမှုအောက်မှာ ပြိုလဲခဲ့ပေါ့
ကျွန်ုပ်တို့ လူ့တော်လှန်ရေးကတော့
လူလူချင်း ကုပ်သွေးစုပ်မှုတွေ မချုပ်ငြိမ်းမချင်း
မြင်းရိုင်းတကောင်လို
ခရီးပြင်း နှင်နေဆဲပဲ ရာမွန်။
ဘိုလီဗီးယားရဲ့ တောနက်ထဲက
တောင်ပေါ်ရွာငယ်ကလေး "ဟီဝူးရာ"မှာ
သင် အိပ်ပျော်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပေမဲ့
သင့်နာမည်နာမနဲ့ သင့်တော်လှန်ရေးကတော့
ကမ္ဘာ့နာမည်နာမနဲ့ ကမ္ဘာ့တော်လှန်းရေးဖြစ်နေဆဲပါပဲ ရာမွန်။
အို...ကျွန်ုပ်တို့ရဲ့ ရာမွန်
ချူချာတဲ့ ပန်းနာရင်ကျပ်သည် ကောင်ကလေးဟာ
ကမ္ဘာကြီးကို သူ့ပခုံးနဲ့ တွန်းရွှေ့ခဲ့ပါပေါ့။
တောင်အမေရိကရဲ့ နယ်စစ်မျဉ်းတွေပေါ်
မော်တော်ဆိုင်ကယ်တစီးနဲ့ ဖြစ်သန်းခဲ့တဲ့ လူငယ်ကလေးဟာ
ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ ကောင်းကင်ယံမှာ
နီလင်းနေတဲ့ ကြယ်ဖြစ်ခဲ့ပါပေါ့လား ရာမွန်...။
အလေးနီဖြင့်
သင့်ရဲဘော် ဖီဒယ်
(ကေဇဝင်း)
ဆရာ ကေဇဝင်း ငါးနှစ်ပြည့် ကဗျာရွတ်ပွဲကို ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ၂၀၂၆ မတ် ၃ ရက်က ပြုလုပ်ခဲ့တယ်။ ဒီပွဲမှာ အမှတ်တရစကားပြောကြားတာ၊ ကဗျာဆရာ ကေဇဝင်းရဲ့ အတ္ထုပ္ပတ္တိဖတ်ကြားတာ၊ ပေးပို့လာတဲ့ သဝဏ်လွှာတွေဖတ်ကြားတာနဲ့ ကဗျာဆရာ ကေဇဝင်းရဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြတယ်။ ကဗျာဆရာတွေဖြစ်တဲ့ ဆရာတော် ဦးကဝိန္ဒ၊ ဦးအိုက်မွန်း၊ ကိုငြိမ်းချမ်း(တံတားဦး)၊ မြတ်မင်းအိမ်၊ ဆူးခက်၊ ဆဏ်းမောင်(ကွတ်ခိုင်)၊ ယဥ်ဝယ်ထက်၊ ဘရန်လီအောင်၊ သရက်သီး၊ ပြည့်ဖြိုးဆွေဦး၊ ထွန်းတောက်မင်း (အရှေ့မြောက်စစ်ဒေသ)၊ ဆရာဥာဏ်၊ ဟောင်း၊ ဂျွန်၊ ခန့်ဝေအောင်၊ သဲသဲသူ၊ ဇေယျာသွန်း၊ ငြိမ်း စတဲ့ ကဗျာဆရာတွေ တက်ရောက်ခဲ့ပြီး ကဗျာချစ်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဆရာ ကေဇဝင်းအတွက် ကဗျာတွေ ရှာကြည့်ရာမှာ ဆရာ အောင်ဝေးက ❝မုဆိုးမနှင့် ကေဇာဝင်းနိုင်ငံတော်❞ ကဗျာ ရေးခဲ့တယ်။
ကဗျာလက်နက်၊ တို့လက်နက်။
အာဏာသိမ်းစစ်အုပ်စု မုချကျရှုံးရမယ်။
ကေဇဝင်းနိုင်ငံတော် အဓွန့်ရှည်ပါစေ။
ကြည်လင်အေးနိုင်ငံတော် အဓွန့်ရှည်ပါစေ။
(အောင်ဝေး) ဆိုပြီး ကဗျာရဲ့ အဆုံးသတ်အပိုဒ်မှာ ရေးဖွဲ့ထားပါတယ်။
အောင်ရဲ (၁) ရေးသားတဲ့ " ကေဇဝင်းနေ့ " ကဗျာကိုတော့ တယ်လီကျန်းမာ ဖေ့စ်ဘွတ်ခ်က ယူထားတာပါ။
“ကေဇဝင်းနေ့”
သဘောထားချင်း
ကွဲပြားကွဲပြား
ခင်ဗျားတို့တွက်
အသက်ပေးမည်
ယုံကြည်ရာလမ်း
လျှောက်လှမ်းသွားရင်း
ကေဇဝင်းဟု
အလင်းပွင့်တွေ
ပေးဝေလမ်းပြ
လောကလူနာ
ကဗျာဆရာ
သက်တော်ရာကျော်ရှည်စေသတည်း...။ ။
အောင်ရဲ (၁)
(နွေဦးတော်လှန်ရေးအစ ၃-၃-၂၀၂၁ က ကျဆုံးခဲ့သော ကဗျာဆရာ ကေဇဝင်း ကျဆုံးခြင်း ငါးနှစ်ပြည့်)
“ကေဇဝင်း” ခေါင်းစဉ်နဲ့ချည်းပဲ ကဗျာ ၂ ပုဒ် တွေ့ရပါတယ်။ ခေါင်းစဉ်တူ ကဗျာ ၂ ပုဒ်ပေါ့။ တပုဒ်ကတော့ “မင်းငြိမ်းအေး” က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ရေးခဲ့တာပါ။
ကေဇ
မီးသင်္ကန်းလည်း
ငါတို့ကြုံခဲ့ပြီ ။
ရေသိမ်နဲ့
ကုန်းသိမ်ကို
နေရာလဲခဲ့ပြီ
စက်မှုခေတ်ရဲ့ခွေးသွားစိတ်တွေက
ငါတို့အရိုးတွေကို
ဖြတ်တောက်ကြပြီ
တောမီးနဲ့
တောကြောင်တွေကို
ငါတို့ အတိုင်းသား တွေ့ခဲ့ပြီ
ကန်စွန်းနွယ်ပင်လေးလို
ကိုယ့်အပွင့်ကို
အရောင်မှန်အောင်
ပွင့်ခဲ့တာ
မင်းအရည်အချင်းပါပဲ ။
လေးထောင့်အခန်းထဲက
နံရံမှာ
အမြဲလွတ်လပ်နေတဲ့အရာ
မင်းသိတဲ့ကဗျာ
တော်လှန်အဘိဓမ္မာနဲ့
မစွန်းရင်းလည်းငြိပါစေ။ ။
(မင်းငြိမ်းအေး) “ကေဇဝင်း” ကဗျာမှ
“ကေဇဝင်း” ခေါင်းစဉ်နဲ့ပဲ နောက်ကဗျာတပုဒ်ကိုတော့ ကဗျာဆရာ ထွန်းကို ကရေးခဲ့ပါတယ်။
"ကေဇဝင်း"
ယဉ်ကျေးတယ်
သူ့ရဲ့ပြင်းပြမှုကိုလည်း အံ့ဩရ
ဘာသာခြားမလေးရဲ့ ဂျပန်နိုင်ငံဆီ
သူ မရောက်နိုင်ခဲ့ဘူးပေါ့။
လက်ပံတောင်းသားရဲ့ သွေးတွေ
ရာမွန်ရဲ့ပြန်စာ
သူ့ကိုပစ်သတ်သွားသူကို
လက်စားချေခွင့်ရမယ်ဆိုရင်တောင်
သူသတ်မှာ မဟုတ်ပါဘူး။ ။
ထွန်းကို
(ကဗျာကို မော်ဒန်ရပ်ကွက် ဖေ့စ်ဘွတ်ခ်က ယူပါတယ်။)
ကဗျာဆရာ ထိန်လင်းကတော့ “ကဗျာဆိုတာ စကားလုံးတွေကို တန်ဆာဆင်ပြီး ပန်းတွေလို သီဖွဲ့ ထုံမွှမ်းရတာဖြစ်သလို ကဗျာဆရာတွေရဲ့ နှလုံးသားကလည်း နူးညံ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ဒုက္ခကြုံရပြီဆိုရင် ပြည်သူ့ဘက်တော်သား ကဗျာဆရာတွေဟာ ရှေ့တန်းက ရပ်တည် ပါဝင်ကြပါတယ်” ဆိုပြီးသူ့ရဲ့ ကေဇဝင်း ဂုဏ်ပြုဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
မတ်လ ၃ ရက်က ကျဆုံးခြင်း ၅ နှစ်ပြည့်သွားတဲ့ ကဗျာဆရာ ကေဇဝင်းဟာလည်း အာဏာရှင်တွေကို အသက်စွန့်တော်လှန်ဖို့ ဆုံးဖြတ်ထားသူပါ။ အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့ အချိန်ထိ အရာရာကို ရင်ဆိုင်မယ်ဆိုတာ သူ ရေးသားခဲ့တဲ့ ကဗျာတွေက သက်သေခံနေကြသလို သူ့ရေးဖက် ကဗျာဆရာတွေရဲ့ သူ့အတွက် ကဗျာတွေဟာလည်း သူ့ရဲ့ တော်လှန်စိတ်ကို ဖော်ပြနေကြပါတယ်။ လာမဲ့ ကမ္ဘာ့ကဗျာနေ့မှာ ကေဇဝင်းနဲ့တကွ နေဦးမှာ ကြွေလွင့်ကြတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကို ရွတ်ဖတ်ကြပါတော့မယ်။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar