Breaking News

ပေါက်မြို့နယ်မှာ အရပ်သား ၈ ဦးသတ်ဖြတ်ခံရ၊ မြဝတီ-ကော့ကရိတ် အာရှလမ်း ပြန်ပွင့်၊ ရွှေဖောင်တွေကို လေယာဥ်နဲ့ ပစ်ခတ်


မြန်မာ့နွေဦးခရိုနီကယ် - ဇန်နဝါရီ ၅ မြင်ကွင်း

မိုးမခ - ဇန်နဝါရီ ၆၊  ၂၀၂၃


ပေါက်မြို့နယ်မှာ အရပ်သား ၈ ဦးသတ်ဖြတ်ခံရ၊ မြဝတီ-ကော့ကရိတ် အာရှလမ်း ပြန်ပွင့်၊ ရွှေဖောင်တွေကို လေယာဥ်နဲ့ ပစ်ခတ်

လွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းက ပခုက္ကူကနေ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကားလမ်းပေါ်က ရေပြာတံတားမှာ ချထားတဲ့ စစ်ကောင်စီ လုံခြုံရေးဂိတ်ကို PDF တွေတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ တံတားအနီးက နဂါးဗွက်ရွာက အရပ်သား ၈ ဦး လက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖေါ်ပြထားပါတယ်။ 

သတင်းဌာနအချို့က ဖော်ပြချက်အရ ရေပြာတံတားကို တိုက်ခိုက်တဲ့ အဖွဲ့တွေက ပြန်အထွက်မှာ နဂါးဗွက်ကျေးရွာကို ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်သလဲဆိုတာတော့ ထုတ်ဖေါ်ပြောဆိုထားတာ မရှိသေးပဲ ခန့်မှန်းချက်အရ PDF တပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တာလို့ ယူဆရပါတယ်။ ၄ နှစ်အရွယ် ကလေးငယ် တဦးအပါအဝင် အမျိုးသမီး အမျိုးသား စုစုပေါင်း ၈ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုလို့ ဆိုရမယ့် အခုလို ဖြစ်ရပ်တွေက စစ်အာဏာသိမ်းပြီးတဲ့ နှစ်လယ်ဝန်းကျင်ကတည်းက စတင်ဖြစ်ပွားခဲ့ရာမှာ ၂၀၂၂ ခုနှစ်ထဲမှာ ဖြစ်ရပ်ပေါင်းများစွာ ရှိခဲ့သလို အခုချိန်ထိလည်းဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အများစုကို စစ်ကောင်စီတပ်တွေက ကျူးလွန်ကြတာ ဖြစ်ပြီး အနည်းသောဖြစ်ရပ်တွေကတော့ PDF လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်ကြတာ ဖြစ်ပါတယ်။ အရပ်သား တဦးတလေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိသလို အခုလို ဆယ်ဂဏန်းအောက် အသတ်ခံရတဲ့ဖြစ်ရပ်၊ ဒါဇင်နဲ့ချီသတ်ခံရတဲ့ ဖြစ်ရပ် အချို့လည်း လွန်ခဲ့တဲ့ ၂ နှစ်နီးပါးကာလအတွင်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်ပင် ကျေးရွာမှာ အသတ်ခံရတာ၊ ဖရူဆိုမြို့နယ် က မိုဆူးကျေးရွာအနီး ကားနဲ့ အတူမီးရှို့သတ်ဖြတ်ခံကြရတဲ့ ဖြစ်ရပ် ဒီပဲယင်း မြို့နယ် လက်ယက်ကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းထဲက စာသင်ကျောင်းကို ပစ်ခတ်ရာမှာ ကလေးငယ်အပါအဝင် ၁၃ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေက သတင်းမီဒီယာတွေမှာ အကြိမ်ကြိမ် ဖေါ်ပြခဲ့လို့ လူသိများတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ အလားတူ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက သတ်ဖြတ်မှုအနည်းငယ်ရှိခဲ့ကြရာမှာ ကရင်ပြည်နယ် ဝေါ်လေဒေသမှာ တံတားဆောက်လုပ်ရေး လုပ်သား ၄၈ ဦးကျော်ဖမ်းဆီးပြီး ၂၄ ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခဲ့တာ၊ ယမန်နှစ်က ယောပီဒီအက်ဖ်က ကျေးရွာတရွာက မိသားစုတစုနဲ့ အိမ်နီးချင်းတွေကို သတ်ဖြတ်မှုတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားသော ဖြစ်ရပ်တချို့ ရှိခဲ့တာ ဖြစ်ပါတယ်။ အရပ်သားတွေကို ပီဒီအက်ဖ်လို့ စွပ်စွဲသတ်ဖြတ်တာ ပီဒီအက်ဖ်ကို ထောက်ပံ့ပေးနေသူအဖြစ် စွပ်စွဲသတ်ဖြတ်တာ၊ တဖက်က သတင်းပေးလို့ စွပ်စွဲသတ်ဖြတ်တာတွေက လွန်ခဲ့တဲ့ ၂ နှစ်တာနီးပါးအချိန်ကာလအတွင်း ရာထောင်ချီ ပမာဏရှိနေခဲ့ပြီ ဖြစ်ပါတယ်။ 

စစ်ကောင်စီက အရပ်သားတွေကို သံသယနဲ့ သတ်ဖြတ်တာတွေကို ခွင့်ပြုထားခြင်းဟာ အရပ်သားတွေအနေနဲ့ PDF တွေနဲ့ လုံးဝ ပတ်သက်ခြင်းမပြုအောင် နည်းဗျူဟာအရ လုပ်ဆောင်တာလို့ ယူဆရမှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေက ဒီလိုဖြစ်ရပ်တွေ စစ်အာဏာသိမ်းပြီးနောက် ဆက်တိုက်ဆိုသလို ကျူးလွန်နေခဲ့ကြတာ ဖြစ်ပြီး တဖက်က လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီကို ထောက်ခံတယ်လို့ ယူဆတဲ့ အရပ်သားတွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကြံ့ခိုင်ရေး ထောက်ခံသူတွေကို သတင်းပေး အနေနဲ့ သံသယ စွပ်စွဲမှုတွေ နဲ့ သတ်ဖြတ်ကြတာမျိုး ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်စေ အရပ်သားတွေ အပေါ်မှာ ကျူးလွန်တဲ့သတ်ဖြတ်မှုတွေဟာ ဘယ်လိုအကြောင်းကြောင့်မှ လက်ခံဖို့ မဖြစ်နိုင်တဲ့ စစ်ရာဇဝတ်မှုတွေ သာဖြစ်နေမှာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ သီတင်း ၂ပတ်ကြာမျှ သွားလာခွင့်ပိတ်ထားတဲ့ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ကော့ကရိတ်- မြဝတီ အာရှလမ်းပိုင်း ပြန်ပွင့်သွားတဲ့ သတင်းဖြစ်ပါတယ်။ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့ ၊ PDF ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့နယ်တဝိုက် အာရှလမ်းမှာ ဒီဇင်ဘာလ တတိယပတ်လောက်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး ကားလမ်း ပိတ်သွားခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ရေးမဟာဗျူဟာအရ စစ်ကောင်စီ ထောက်ပံ့ပို့ဆောင်ရေး လမ်းကို ပိတ်ဆို့ချင်တာ သဘာဝ ဖြစ်ပေမယ့် ထိုင်းနိုင်ငံအနေနဲ့ စီးပွားရေးအရ ထိခိုက်နစ်နာစေတာကြောင့် တစိတ်တပိုင်း ဖိအားပေးကောင်းပေးမှာလို့ ယူဆရပါတယ်။ 

ဒီနေ့အတွက် အခြားထူးခြားတဲ့ သတင်းတပုဒ်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲက ဧရာဝတီ မြစ်နံဘေးက မြစ်ထဲရွှေတူးဖော်တဲ့ ဖောင်တွေကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဥပဒေနဲ့ မညီတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းလုပ်ကိုင်နေသူ အရပ်သားတွေကို လက်နက်ကိုင် တပ်ဖွဲ့ အလားသဘောထားပြီး လေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းက ပထမဆုံးသော ဖြစ်ရပ်ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို အခုလို လုပ်ဆောင်တာဟာ ဘယ်လို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့မှ ဆင်ခြေပေးလို့မရနိုင်ဘဲ စစ်ကောင်စီက မြေပြင်မှာ မစိုးမိုးနိုင်တော့တဲ့ လက္ခဏာကို ထင်ရှားစေပြီး မလိုအပ်ပဲ လက်နက်အင်အား အလွန်အကျွံသုံးတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar