Breaking News

တိုက်ရိုက်စစ်ရေး ပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုများလာ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၃ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၄၊  ၂၀၂၃


တိုက်ရိုက်စစ်ရေး ပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုများလာ 

ခုလပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားတဲ့ အချိန်အခါတွေမှာ လေကြောင်းပစ်ကူအနေနဲ့ သုံးတာတင် မဟုတ်တော့ဘဲ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဌာနချုပ်၊ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ နေထိုင်တယ်လို့ ယူဆရတဲ့ နေအိမ်၊ ရုံးစိုက်ရာနေရာတွေကို ပစ်မှတ်ထားတာ စတဲ့ဖြစ်စဥ်တွေ ပိုမိုတွေ့လာရပြီး လေကြောင်းတိုက်ခိုက်မှုကို မဟာဗျူဟာကျကျ ပိုအသုံးပြုလာတာ တွေ့လာနေရပါတယ်။ 

ဖားကန့်က ကေအိုင်အေ ထူထောင်တဲ့ အထိမ်းအမှတ်ပွဲကို လေကြောင်းကနေ တိုက်ခိုက်မှုက အသေအပျောက်အများဆုံး လေကြောင်း တိုက်ခိုက်မှု ဖြစ်ရပ်တခုဖြစ်ပြီး ဖားကန့် အနီးက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေထဲက လက်နက်ကိုင် တပ်ရဲ့ အရာရှိတွေ တပ်ဖွဲ့ဝင်တွေနဲ့ မြို့ပေါ်က သွားရောက်ကြတဲ့ အဆိုတော်၊ လုပ်ငန်းရှင်အပါအဝင် အရပ်သားတွေစုစုပေါင်း အနည်းဆုံး ၆၀ ဦးဝန်းကျင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ကေအိုင်အေ တပ်မဟာတခုက ကမကထလုပ် ကျင်းပတဲ့ ကေအိုင်အေ ထူထောင်ခြင်း အထိမ်းအမှတ် ဂီတဖြေဖျော်ပွဲကို စစ်ကောင်စီဘက်က အခုလို လေကြောင်းနဲ့ တိုက်ခိုက်လိမ့်မယ်လို့ ကေအိုင်အေဘက်က လုံးဝမျှော်လင့်ထားခဲ့မှာ မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဌာနချုပ် လုပ်ကြတဲ့ နေရာတွေကို စစ်ကောင်စီဘက်က ယေဘုယျအားဖြင့် သိရှိနေကြတာ ဖြစ်လို့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာလို၊ ကေအန်ယူ၊ မွန်ပြည်သစ်၊ ကေအန်ပီပီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို မြေပြင်က တိုက်ခိုက်တာ လေကြောင်းက တိုက်ခိုက်တာမျိုး ယေဘုယျအားဖြင့် လုပ်ဆောင်လေ့မရှိတာကြောင့် တဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီအတွက် ကြီးကြီးမားမား လုံခြုံရေး ပြင်ဆင်ထားကြတာ မရှိကြပါဘူး။ မကြာသေးခင်ကလည်း CNF လို့ခေါ်တဲ့ ချင်းအမျိုးသားတပ်ဦး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ်လို့ ဆိုရမယ့် အိန္ဒိယနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ Victoria Camp ကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ ၅ ဦးသေဆုံးပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ နှစ်နိုင်ငံနယ်နိမိတ် ဖြစ်တဲ့ မြစ်ထဲကို ဗုံးကျရောက်တဲ့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ စိုးရိမ်မှုတွေရှိတဲ့အကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။ 

အခုတဖန် စစ်ကောင်စီ ရဲ့ ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလိုမျိုး၊ NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ်ဆိုင်ရာ အခမ်းအနားတွေကို တက်ရောက်လေ့ရှိတဲ့ DKBA အဖွဲ့ရဲ့ စစ်ဦးစီးမှူးတဦးရဲ့ နေအိမ်ကို ခုရက်ပိုင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြန်ပါတယ်။ DKBA အဖွဲ့ဟာ စစ်ကောင်စီနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာမရှိပေမယ့် လက်အောက်ခံတပ်ရင်း တပ်ခွဲအချို့ကတော့ ကေအန်ယူ၊ PDF၊ အခြား ကရင်လက်နက်ကိုင် အဖွဲ့ခွဲတွေရဲ့ ခုလပိုင်း စစ်ကောင်စီ စခန်းတွေ၊ အခြေစိုက်တပ်ရင်းတွေကို တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားတဲ့ တိုက်ပွဲတွေ ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ DKBA စစ်ဦးစီးမှူး တဦးရဲ့ နေအိမ်ကို သတိပေးတာ၊ တိုက်ခိုက်တာ၊ ဖိအားပေးတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

ဒီအဖြစ်အပျက်တွေ မတိုင်ခင် လအနည်းငယ်က ဘုရားသုံးဆူနယ်မြေ မက္ကသာကျေးရွာက ကေအန်ယူရဲ့ သတ္တုထုတ်လုပ်ရေး မိုင်းတွင်းတခုကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား တဦးအပါအဝင် ၃ ဦးခန့် သေဆုံးခဲ့ရပါတယ်။ 

ခုရက်ပိုင်းမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဒုက္ခသည်စခန်းအတွက် ရိက္ခာဆေးဝါးတွေ သိုလှောင်ထားတဲ့ ကျေးရွာက နေအိမ်တအိမ်၊ ဒုက္ခသည်စခန်းတို့ကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ခြုံကြည့်ရင် စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုက်ပွဲဖြစ်ပွားနေစဥ် အကူအညီပေးတဲ့ အနေနဲ့ တိုက်ခိုက်တာ၊ အသာစီးရအောင် တိုက်ခိုက်တာတင် မကတော့ပဲ၊ စစ်ကောင်စီက သူ့ရဲ့ ရန်သူလို့ သတ်မှတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခြေစိုက်ရာ စခန်းတွေ၊ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓိကကျတဲ့ စစ်ရေးခေါင်းဆောင်တွေ ကိုပါ ပစ်မှတ်ထား လုပ်ကြံတိုက်ခိုက်တာမျိုးအထိ လေကြောင်းတိုက်ခိုက်မှုကို အသုံးချလာတဲ့ သဘောမျိုး တွေ့လာနေရတာ ဖြစ်ပါတယ်။ 

အခုလို အဖြစ်အပျက်တွေမတိုင်မီအထိကတော့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကို တဦးချင်း ပစ်မှတ်ထား လုပ်ကြံဖို့ တိုက်ခိုက်ဖို့ ရည်ရွယ်လုပ်ဆောင်တာမျိုး နည်းပါးပြီး၊ အဖွဲ့အစည်းကို သွေးကွဲအောင် ၊ အဖွဲ့တွေ ကွဲထွက်တာမျိုး ဖြစ်အောင် ဗျူဟာအမျိုးမျိုး၊ နည်းပရိယာယ် အမျိုးမျိုးနဲ့ ကြိုးစားခဲ့တာတွေ ရှိသော်လည်း ခေါင်းဆောင် လူပုဂ္ဂိုလ် တဦးချင်းကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာမျိုး နည်းပါးခဲ့တာ တွေ့ရပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ဘာကြောင့် အခုလို မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပြောင်းလဲလာသလဲ တိတိကျကျ မသိရပေမယ့် စစ်ရေး တိုက်ခိုက်မှုဘက်မှာ အဆုံးအရှုံးများလာတဲ့အနေအထား ကို အခုလို နည်းလမ်းတွေနဲ့ ကျားကန်တာလို့ အပြင်ပန်းမှတ်ချက်ချရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar