Breaking News

အောင်သူငြိမ်း ▪ ထိုင်းနိုင်ငံရေး

အောင်သူငြိမ်း ▪ ထိုင်းနိုင်ငံရေး 
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၂၂

(၁)
ထိုင်းရွေးကောက်ပွဲသစ်ကို မေလ ၇ ရက်နေ့မှာ ကျင်းပဖို့ ကြေညာထားပါပြီ။ 

မနေ့ကတော့ နည်းနည်းရုတ်ရုတ်သည်းသည်း ရှိပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများရဲ့ ဝန်ကြီးချုပ်အမည်စာရင်း တင်သွင်းသူတွေကို မှတ်ပုံတင်ရမယ့်ရက်ဖြစ်လို့ပါပဲ။ မှတ်ပုံတင်ရမယ့် Queen Sirikit Centre မှာ ဝန်ကြီးချုပ်လောင်း အမည်တင်သွင်းဖို့ လူတွေ စုဝေးခဲ့ကြပါတယ်။ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက United Thai Nation Party (UTN) ထိုင်းနာမည် ရုံမ်ထိုင်း ဆန်ချတ်ပါတီ (Ruam Thai Sang Chart Party) ကနေ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းခဲ့ပါတယ်။ လက်ရှိအာဏာရပါတီ ဖလန်ပရာချာရတ်သ်ပါတီ (PPRP) ကနေ အမည်စရင်း မတင်သွင်းတာကတော့ ထူးဆန်းပါတယ်။ 

“ကျနော်က နိုင်ငံရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို လေးစားပါတယ်။ ဒါကြောင့် ဒီနေရာကို ရောက်လာခဲ့တာပါ” လို့ သူက ဆိုပါတယ်။ သူ့အနေနဲ့ ဖြေရှင်းရမယ့် ပြဿနာတွေအဖြစ် မြေပြဿနာ၊ မြင့်မားလာတဲ့ လူနေမှုစရိတ်၊ မတရားမမျှတမှုနဲ့ အဂတိလိုက်စားမှုတွေလို့ ဖော်ပြပါတယ်။ 

ဝန်ကြီးချုပ်ပရာယွတ်က ဝန်ကြီးချုပ်နေရာယူထားတာ ၈ နှစ် ရှိပါပြီ။ ထိုင်းနိုင်ငံရေးမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်လို့တောင် ဆိုလို့ရပါတယ်။ သူက စစ်အာဏာသိမ်းပြီး ၄ နှစ်၊ နောက် ရွေးကောက်ပွဲအပြီး ၄ နှစ်ကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပါပြီ။ အခုမှပဲ ပါတီနေရာရတယ်လို့ ဆိုရပါလိမ့်မယ်။ လက်ရှိပါတီ UTN က လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၀၀ လောက် နိုင်မယ်မှန်းထားပါတယ်။ အတိုက်အခံ ဖွေ့ထိုင်းပါတီအတွက်လည်း အတော့်ကို စိန်ခေါ်မှု အကျပ်အတည်းကြုံရ နိုင်ဖွယ်ရှိပါတယ်။ ဖွေ့ထိုင်းက လူထုဆန္ဒမဲ စစ်တမ်းတွေမှာ ရှေ့ပြေးနေတာပါ။ အခုတော့ UTN ပါတီက ဝန်ကြီးချုပ်လာပြီး ပူးပေါင်းလိုက်တဲ့အခါ အတော့်ကိုအားဖြစ်သွားစေပါတယ်။ 

ဝန်ကြီးချုပ်ပရာယွတ်က ၂၀၁၉ ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့တော့ ပါတီတခုခုရဲ့ ကိုယ်စားလှယ် မဟုတ်ခဲ့ပါဘူး။ စစ်အစိုးရက ခန့်အပ်ထားတဲ့ အထက်လွှတ်တော် (ဆီးနိတ်) အမတ် ၂၅၀ က ရွေးကောက်ပြီး တက်လာတဲ့ ဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်ပါ။ စစ်အစိုးရကို လိုလားတဲ့ ဖလန်ပရာချာရတ်သ်ပါတီ (PPRP) က ကိုယ်စားလှယ် အများစုရလို့ အစိုးရပါတီ ဖြစ်လာပါတယ်။ ဒါပေမယ့် ပါတီနိုင်ငံရေး အရှုပ်အရှင်းတွေနဲ့ သိပ်မဆိုင်သလို၊ ပါတီက ခြစားမှုတွေက သူနဲ့ မပတ်သက်သလို နေနိုင်ခဲ့ပါတယ်။ အခုတော့ သူကိုယ်တိုင် နိုင်ငံရေးသမားအစစ်ကို ခံယူလိုက်ရပြီလို့ ဆိုနိုင်ပါတယ်။ 

တချိန်က စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပေမယ့်လည်း တကယ့်နိုင်ငံရေး လုပ်ငန်းစဉ်ကို လေးစားဖို့ လိုအပ်တယ်ဆိုတာ ပြသနေတာပါပဲ။

(၂) 
ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ် (Prawit Wongsuwon) ကို အာဏာရပါတီ ဖလမ်ပရာချာရတ်သ်ပါတီ (PPRP) က ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းတယ်။ သူက လက်ရှိဒုတိယဝန်ကြီးချုပ်။ ဒါပေမယ့် သတင်းဖော်ပြချက်အရ ဝန်ကြီးချုပ်ပရာယွတ်နဲ့ သူတို့အကြား ဘာမှ ပြဿနာမရှိပါဘူးတဲ့။ ညီအစ်ကိုလိုပါပဲတဲ့။ တရက်က နိုင်ငံရေးတော့ မပါဘူး။ စကားတွေအကြာကြီး ထိုင်ပြောကြတယ်လို့ ဆိုတယ်။ 

ရွေးကောက်ပွဲနီးလာတော့လည်း scandals (အပုတ်နံ့သတင်း) လေးတွေ ခပ်စိတ်စိတ်လေး မြင်လာရတယ်။ တလောက ထိုင်းမှာ တရုတ် ရာဇဝတ်ဂိုဏ်း (Chinese crime syndicate) ရဲ့ခေါင်းဆောင် တူဟောင် Chaiyanat 'Tuhao" Kornchayanant ကို ဖမ်းဆီးမိခဲ့တယ်။ စွဲချက်တွေကတော့ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှု၊ လောင်းကစား၊ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်သွယ်မှု၊ အကျင့်ပျက် အရာရှိ/နိုင်ငံရေးသမားတွေနဲ့ ဆက်နွယ်နေမှု၊ အဂတိမှု၊ ပေါ့ဆမှု (negligence) အစုံပဲ။ သူ့နောက်ထပ် ပြဿနာက ၂၀၂၀-၂၀၂၁ ခုနှစ်ထဲမှာ ကျောင်းသား/ စေတနာ့ဝန်ထမ်းဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချို့ ဖောင်ဒေးရှင်အမည်နဲ့ တရုတ်နိုင်ငံက လူ ၁၀,၀၀၀ လောက် ထိုင်းနိုင်ငံထဲ ဗီဇာမျိုးစုံနဲ့ သွင်းလာခဲ့တယ်။ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတာ ရှိတယ်။ 

ညောင်မြစ်တူးတော့ ပုတ်သင်ဥပေါ်ဆိုသလို ရွေးကောက်ပွဲနီးစပ်တဲ့ကာလမှာ အခြား ပြဿနာတွေလည်း ပေါ်ပေါက်လာ တယ်။ ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦးက ရွေးကောက်ပွဲကော်မရှင်ကို ဒီဇင်ဘာ ၆ ရက်နေ့မှာ တိုင်ကြားလာတယ်။ တူဟောင် (Tuhao) ဆီက ငွေဘတ် ၃ သန်းကို အာဏာရပါတီ PPRP က မနှစ်က ယူထားတယ်ဆိုတဲ့ အကြောင်း ပေါ်ပေါက်လာတယ်။ PPRP ရဲ့ အဓိကမဟာဗျူဟာ ရေးဆွဲသူ လက်ရှိတရားရေးဝန်ကြီး ဆုမ်ဆက် (Somsak Thepsutin) က ဒီအဖြစ်ကို ဝန်ခံတယ်။ 

အတိုက်အခံ ဖွေ့ထိုင်းပါတီ (Pheuthai Party) လည်း မလွတ်ဘူး။ တူဟောင် (Tuhao) နေအိမ်၊ သိမ်းဆည်းခံရတဲ့အိမ်က SC Asset Corporation က ဆောက်ထားတဲ့ နေအိမ်ကို ဝယ်ထားတာ။ ဒါနဲ့ ပတ်သက်လို့ တူဟောင်နဲ့ ချိတ်ဆက်မှု ရှိနေသလို စွပ်စွဲနေကြတယ်လို့ ဖွေ့ထိုင်းပါတီ ခေါင်းဆောင်တွေက ငြင်းဆိုတယ်။ SC Asset Corporation ကုမ္ပဏီ အစုရှယ်ယာဝင် ဖြစ်နေသူတွေနဲ့ တူဟောင် ဘာမှ မပတ်သက်ဘူးလို့ ဆိုကြတယ်။ SC Asset Corporation ကုမ္ပဏီမှာ ပါတီရဲ့ တီထွင်ဆန်း သစ်မှု အကြံပေးကော်မတီဝင် (ဝန်ကြီးချုပ်လောင်းလို့ နာမည်ပြေးနေသူ၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး မစ္စ ပေတုန်တန် (Ms Paetongtarn) က ရှယ်ယာ 28.82% ပိုင်ဆိုင်တယ်။ သူ့အမကြီး မစ္စ ပင်တုန်တာ (Pintongta Shinawatra Kunakornwong) က 27.89 % ပိုင်ဆိုင်တယ်။ ရွေး/ကော်ကို တိုင်ကြားထားသူ အမျိုးသမီးက ဒီအချက်တွေ ကြောင့် ပါတီ ၂ ခုက ဖျက်သိမ်းဖို့ ထိုက်တန်တယ်လို့ တိုင်ကြားထားတယ်။ ကြားထဲမှာ အာဏာရပါတီအစုထဲက ဒုတိယအင်အားကောင်းတဲ့ပါတီ ကျန်းမာရေးဝန်ကြီး အနုတင်/ ယခင်ပါတီနိုင်ငံရေးပွဲစား နေဝင်းချစ်ချော့ပ်တို့ကအမတ်များများ ပိုရပြီး၊ ‘ပေါက်ကောင်’ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ 

နောက် scandal သတင်းတခုပေါ်လာတာက အရင်ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှီနာဝတ်နဲ့ ဖွေ့ထိုင်းပါတီ ဒု-ဥက္ကဋ္ဌ ချိုလာနန် ဆရီကရောက် (Cholanan Srikaew) ရဲ့ လိင်ကိစ္စ အရှုပ်တော်ပုံပဲ။ မစ္စတာ ချိုလာနန်က ဆရာဝန်- နိုင်ငံရေး သမား ပါတီထဲမှာ ဒခေါင်း ဆောင်အထိ နေရာရောက်လာခဲ့တယ်။ ဖွေ့ထိုင်းပါတီ အမတ်တွေကတော့ ဒီကိစ္စ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ တောင်းဆိုနေကြတယ်။ အစိုးရတာဝန်ရှိ ခေါင်းဆောင်တဦးရဲ့ အရှုပ်တော်ပုံသတင်း ဖြစ်နေလို့ပါပဲ။ ထိုင်းအရေးက တော့ ရှုပ်နေတာပါပဲ။ 

နောက်တခုရှိသေးတာက မြန်မာနိုင်ငံက မူးယစ်ဆေး၊ ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဆီးခံနေရတဲ့ ထွန်းမင်းလတ်ရဲ့ နောက်ကွယ် မှာလည်း ထိုင်းဆီနိတ်လွှတ်တော် အမတ် ဥပကစ် (Upakit Pachariyangkun) ပါဝင်ပတ်သက်မှုရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တယ်။ ဒီအမတ်ကတော့ သူမပတ်သက်ဘူးလို့ ငြင်းတယ်။ 

ဘန်ကောက်ပို့စ် သတင်းစာ ဆောင်းပါးတခု ခေါင်းစဉ်တော့ သဘောကျတယ်။ ချူဝစ် (ယခင် ရေချိုးခန်းပိုင်ရှင်/ နိုင်ငံရေးသမားဟောင်း) ရဲ့ ဒုစရိုက်ဂိုဏ်းတွေအကြောင်း ထုတ်ဖော်မှုမှာ အရာရှိတွေ ရှက်ကိုးရှက်ကန်း နေမထိထိုင်မသာ ဖြစ်နေကြပြီ” Officials squirm amid Chuvit's Triad expose ဆိုတဲ့ခေါင်းစဉ်ပါ။ Squirm ဆိုတဲ့ ဝေါဟာရကိုတောင် ဒစ်ရှင်နရီ ကြည့်လိုက်ရသေးတယ်။ သဘောက “အနာရှိရင် စပ်ကြပေါ့”။ 

မြန်မာပြည်နိုင်ငံရေးတော့ လာမမေးပါနဲ့။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar