Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဆရာကြီးဦးသော်ကောင်း-စာပေါင်းစု

မျိုးသန့်ထွန်း(စစ်ကိုင်း) - ဆရာကြီးဦးသော်ကောင်း-စာပေါင်းစု

(မိုးမခ) မတ် ၅၊ ၂၀၂၃


ဒီဇင်ဘာလ ၂၀၂၂ မှာ ဆရာကြီးဦးသော်ကောင်းရဲ့ စာပေါင်းစု စာစဉ်-၁ စာအုပ် ထွက်လာတယ်။ကြိုဆိုပါတယ်။ သိပ်ဝမ်းသာမိပါတယ်။ ဒီစာအုပ်ဟာ မြန်မာ‌ရှေး‌ဟောင်းစာပေသမိုင်းနဲ့ စာကြည့်တိုက်သမိုင်းအတွက် လိုအပ်ချက်တွေကို ဆရာက ဖြည့်ဆည်းပေးတဲ့စာအုပ် ဖြစ်ပါတယ်။ စာပေလေ့လာသူများအတွက် မရှိမဖြစ် အိမ်မှာ ဆောင်ထားရမယ့် စာအုပ်ဖြစ် အကြံပေးပါတယ်။။စာကြည့်တိုက်တွေမှာတော့ ပြောဖွယ်ရာမရှိ။ လေး ငါးအုပ် ဆောင်ထားရမယ့်စာအုပ် ဖြစ်ပါတယ်။

ဒီစာအုပ်မဖြစ်ခင်ကUCL စာကြည့်တိုက်မှူး ဒေါ်လှိုင်လှိုင်ကြီးက ဆရာကြီး စာအုပ်ထုတ်မယ့်အကျိုးအကြောင်း ဖုန်းဆက်ပြောပါတယ်။ ကူညီ‌ပေးဖို့လည်း ပြောပါတယ်။ ကူညီဖို့အသင့်ပါပဲ။ ချက်ချင်းပဲ ဆရာကြီးရဲ့စာများ၊ အမှာစာများ၊ အင်တာဗျူးများ အိမ်တွင်းစာအုပ်စင်က ရှာဖွေကာ viber နဲ့ ပို့ပေးခဲ့ပါတယ်။ ဆရာမောင်စွမ်းရည်ရဲ့"စာပေဝေဖန်ရေးသမိုင်း"မှာ ဆရာကြီးဦးသော်ကောင်း၏ အမှာစာ ပါ ပါတယ်။ အင်မတန်ကောင်းတဲ့ ဆရာကြီး အမှာစာ ဖြစ်ပါတယ်။ ထိုစာအုပ်ကိုလည်း ဒေါ်လှိုင်လှိုင်ကြီး ဆီ အရောက်ပို့ပေးခဲ့ပါတယ်။ 

စာကြည့်တိုက် ဆိုတာနဲ့ ဆရာကြီးဦးသော်ကောင်းကို မျက်စိထဲ တန်းမြင်တယ်။ ဦးသော်ကောင်းနဲ့စာကြည့်တိုက်ဟာ ကွဲခြားလို့မရပါ။‌ စွယ်တော်ရွက်လို ဖြစ်နေပါတယ်။ ဆရာကြီးရဲ့ နှလုံးသားဟာ စာကြည့်တိုက် ဆောင်ပုဒ်လိုပဲ "ပညာရှာသူ တို့ဝိုင်းကူ"စိတ်ဓာတ် အမြဲရှိနေသူ ဖြစ်ပါတယ်။ ဆရာကြီးဟာ သုတေသီများ၊ စာပေပညာရှင်များ လိုအပ်ချက်တွေ အမြဲတမ်း ဖြည့်ဆည်းပေးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဆရာကြီးအိမ်ကို ရောက်ဖူးပါတယ်။ စကားလည်း ပြောဖူးပါတယ်။ ဆရာကြီးမောင်စွမ်းရည် လာတုန်းကလည်း ဆရာကြီးအိမ်ကို ရောက်ပါတယ်။ ဆရာကြီးနဲ့ စာကြည့်တိုက်အကြောင်း၊ စာပေအကြောင်း ပြောဖူးပါတယ်။ ကျနော့် "ဦးနုစာစုစာရင်း"စာအုပ်နဲ့ စာအုပ်အချို့ကို ဆရာကြီးအတွက်လက်ဆောင်ပေးဖူးပါတယ်။ ဆရာကြီးဟာ ပညာမင်းကြီးဦးကောင်းရဲ့သား ဆိုပြီး မာန်မာန လုံးဝမရှိတာကို တွေ့ပါတယ်။ စကားပြောတဲ့အခါ ယဉ်ကျေးသိမ်မွေ့ပါတယ်။ တိုးတိုးညင်ညင်သာ စကားပြောကာ ဒေါသ၊ မော၊ လောဘ ကင်းစင်တာ တွေ့ပါတယ်။ 

ဆရာကြီးဦးသော်ကောင်းဟာ ယနေ့တိုင် စာရေး စာဖတ် လုပ်ဆောင်နေတာကို သိ၍ လေးစားဂုဏ်ယူမိပါတယ်။ အမှန်ဝန်ခံရရင် ငယ်ငယ်က ဆရာကြီးဦးသော်ကောင်းကို အားကျမိခဲ့သူပါတယ်။သို့သော် နယ်မြို့မှာ နေလာတယ်ဆိုတော့ ဆရာကြီးရဲ့ စာအုပ်စာတမ်းက အရောက်အပေါက်နည်းပါတယ်။ ရန်ကုန် ရောက်မှသာ  ဖတ်ရှုခွင့်ရပါတယ်။ စာကြည့်တိုက် Field အထဲကမဟုတ်ဘဲ စာကြည့်တိုက်ပညာကို ဝါသနာအရ သင်ကြားခွင့်ရခဲ့ပါတယ်။ စာ-သု ဒီပလိုမာဘွဲ့အတွက် ဦးနုစာစုစာရင်းပြုစုခဲ့ပါတယ်။ အမှန်က ဆရာကြီးဦးသော်ကောင်းရဲ့ ပညာနို့ရည် သောက်ခံဖို့ စာကြည့်ပညာ လာတက်တာပါ။ ဒါပေမဲ့ ထိုအချိန်မှာဆရာကြီး ကပင်စင်ယူသွားပြီးဖြစ်လို့ သင်ကြားခွင့်မရရှိခဲ့ပါဘူး။ နောက်တော့ ဆရာကြီးနဲ့ စကားပြောခွင့် ကြုံခဲ့ပါတယ်။ ဆရာကြီးမှာ သမိုင်း စာပေဗဟုသုတအပြင် အခြားအကြောင်းအရာတွေလည်း နှံ့နှံ့စပ်စပ် သိရှိထားသူ ဖြစ်ပါတယ်။ ဆရာကြီးဦးသော်ကောင်းဟာ အနေအထိုင် ရိုးသားပါတယ်။ ဆရာကြီးဟာ စာပေသမားတွေကို ကူညီပေးဖို့ အမြဲအဆင်သင့် ဖြစ်နေပါတယ်။ ဆရာကြီးအိမ်မှာ စာအုပ်‌အပြည့် ဗီရိုတွေနဲ့ နံရံမှာ ဆရာ့အဖေ ပညာမင်းကြီးဦးကောင်း ရေးဆွဲတဲ့ ပန်းချီကားတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဆရာကြီး အိမ်ရဲ့ ဧည့်ခံထောင့်တနေရာမှာ စာအုပ် စာတမ်းတွေ တောင်ပုံရာပုံ ထားရှိနေပါတယ်။စာအုပ်စာပေကို ဘယ်လောက်မြတ်နိုးလဲ ဆိုတာ လက်တွေ့သိနိုင်ပါတယ်။ အဲဒီအတွက် ဆရာကြီးကို အားကျစရာ ဂုဏ်ယူရပါတယ်။

ဆရာကြီးဦးသော်ကောင်းလက်ထက်က စာကြည့်တိုက်ဟာ ရှားပါးစာပေ၊ ရှေးဟောင်းပေ ပုရပိုက်တွေကို အမြဲတ‌စေ စုဆောင်းလေ့ရှိပါတယ်။ ဆရာကြီးမှာ နယ်ဝေးတစ်နေရာ က  ရှားပါးစာတွေ၊ပေ ပုရပိုက်တွေ အလှူမယ့်လူရှိရင် သူကိုယ်တိုင် ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ ခရီးဖြစ်ပါစေ၊ ရောက်အောင်သွားပါတယ်။ ရှားပါးစာအုပ်တွေ ‌စာအုပ်ရောင်းသူတွေထံက ဝယ်လေ့ရှိတယ်။ရှေးဟောင်းပေပုရပိုက်တွေကို ဘုန်းကြီးကျောင်းတွေဆီက အလှူခံပါတယ်။ ရောင်းမယ်ဆိုလည်း ဝယ်ပါတယ်။

ပေ ပုရပိုက်တွေကို ကဗျာဆရာ မောင်စွမ်းရည်က သူ့စရိတ်နဲ့သူ ရှာဖွေခဲ့ပါတယ်။ ဆရာမောင်စွမ်းရည် ကိုယ်တိုင် ရှာလို့ရတဲ့ ရှေးဟောင်းပေပုရပိုက်တွေ ဆရာကြီးဦးသော်ကောင်းထံ အလှူဒါန်းလေ့ရှိတယ်။ ဆရာကြီးဦးသော်ကောင်းက ဆရာကြီးမောင်စွမ်းရည်ကို အဖိုးအခ ပေးပါတယ်။ဒါပေမဲ့ ဆရာကြီးမောင်စွမ်းရည်က လုံးဝ ပိုက်ဆံမယူပါ။ သူ့ရှိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ရေးမှုကို UCL စာကြည့်တိုက်ထံ ထပ်မံအလှူလိုက်ပါသေးတယ်။ ဆရာကြီးမောင်စွမ်းရည်ရဲ့စေတနာကို စာကြည့်တိုက်မှူး ဦးသော်ကောင်း လေးစားဂုဏ်ယူပါကြောင်း အသိအမှတ်ပြုပါတယ်။ဆရာကြီးဦးသော်ကောင်းနဲ့ ဆရာကြီးမောင်စွမ်းရည်တို့ဟာ မွေးဖွားတဲ့ ၁၉၃၇ ခုနှစ်ချင်း တူပါတယ်။ စာကြည့်တိုက်ပညာ ဝါသနာချင်းတူပါတယ်။

ထိုအချိန်က UCL စာကြည့်တိုက်မှာ ပေပုရပိုက် ဌာနစိတ်ရှိပါတယ်။ ထိုဌာနစိတ်မှာ ပေပရပိုက်ပညာရှင် ဆရာကြီး ဦးညွန့်မောင် ရှိပါတယ်။ ဆရာကြီးဦးသော်ကောင်းနဲ့ ဆရာကြီးဦးညွန့်မောင်တို့ဟာ ပေ ပုရပိုက် စုဆောင်းရေးအတွက် အတူတူဆောင်ရွက်ကြပါတယ်။ ထိုအတွေ့အကြုံတွေဟာ ဆရာကြီးအတွက် တန်ဖိုးဖြတ်လို့မရပါဘူး။ ဆရာကြီးမှာ စာကြည့်တိုက်မှူး အတွေ့အကြုံနဲ့ မှတ်စုမှတ်တမ်းလုပ်လေ့ရှိပါတယ်။ ထိုအတိုအထွာ၊ မှတ်စု၊ မှတ်တမ်းတွေဟာ စာအုပ်အဖြစ် ပေါ်ထွက်လာခဲ့ပါပြီ။ စာအုပ်မထွက်ခင်က ဟိုအဝေးတနေရာက ကဗျာဆရာကြီး မောင်စွမ်းရည်က မက်ဆေ့ပို့လာပါတယ်။ ဟေ့ ဆရာဦးသော်ကောင်း စာအုပ်ထွက်ရင်း စွမ်း+မျိုး(မင်းနဲ့ ငါ) နှစ်အုပ်ဝယ်မယ်ဟေ့လို့ ကြွေးကြော်ပါတယ်။ ဆရာစွမ်းကတော့ ဆရာကြီးဦးသော်ကောင်း စာအုပ်အတွက် သိပ်ကိုပီတိဖြစ်နဲ့တယ်။ ကျနော့်ကိုလည်း ဆရာစွမ်းက ရာဇသံပေးပါတယ်  စာအုပ်ဝယ်ပြီးရင်း ငါ့ဆီပို့၊ ချက်ချင်း Book Review ရေးမယ်လို့ ဆရာစွမ်းက  ဩဘာ‌ပေးပါတယ်။

ဆရာကြီးဦးသော်ကောင်း အသက်ရာကျော်ရှည်ပါစေ။ ကျန်းကျန်းမာမာ အကျိုးပြုစာစုများ ဆက် လက် ပြုစုနိုင်ပါစေလို့ စာ-သု တပည့် မျိုးသန့်ထွန်းက ဆုမွန်တောင်းလိုက်ပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar