နေချိုသွေး - ဆုထူးပန်
ဆုထူးပန်
နေချိုသွေး
(မိုးမခ) မတ် ၆၊ ၂၀၂၃
ရိုးပြတ်ကွင်းထဲ
ခြေကုန်သုတ်ပြေးခဲ့ရတဲ့ နေ့ရက်တွေ
မီးလောင်တိုက်သွင်းခံနေရတဲ့ အိုးအိမ်တွေကို
အဝေးကနေ ငေး...
ဝဋ်ကြွေးတွေ ပြေစေတော့ရယ်လို့
ဖြေဆည်ရာ ရှာမရတဲ့ အနိဋ္ဌာရုံတွေမှာ
အကြမ်းဖက် လူသတ်ရက်သူတွေကို
သံသရာအဆက်ဆက် မှတ်ပြီး
ကျိန်စာတိုက်ခွင့်ပြုပါတော့ အရှင်ဘုရား...။
ဖက်ဆစ်သန္ဓေပါတဲ့ စစ်တပ် ကျရှုံး ပျက်သုဉ်းပါစေ အရှင်ဘုရား...။
အမေကြီးရဲ့...
လွင်ပြင်ဒေသတွေကို လှမ်းမျှော်ကြည့်မိတော့
ဆို့တက်လာတဲ့ မျက်ရည်တွေက မီးခိုးတလူလူ
ရင်ထဲက အပူတွေ
ဘုရားရိပ် တရားရိပ်မှာလည်း မအေးမြနိုင်
ဘုရားမကူ
တရားလည်း မကူနိုင်
ဒီနိုင်ငံမှာ...
သားစဉ်မြေးဆက် ခေတ်အဆက်ဆက်
ပေးဆပ်စရာ ကျန်သေးပါရဲ့လား အရှင်ဘုရား...။
ဝဋ်ကြွေးရှိရင် ဆပ်ရမယ်ဆို
သူယို့တွေရဲ့ ရဟန်းရှင်လူ ပြည်သူအပေါ်
ညှင်းပန်း နှိပ်စက် သတ်ဖြတ်ထားမှုတွေ
တူသောအကျိုးပေး ဝဋ်ကြွေးတွေ
ဘယ်တော့များလဲ အရှင်ဘုရား...။
အာဏာရှင်အဆက်ဆက်ချမှတ်ခဲ့တဲ့ ဆိုးမွေနဲ့
ဒီနိုင်ငံက ပြည်သူတွေမှာ
ဒုက္ခစရိယာ ကျင့်ခဲ့ရတာ ကြာနေပြီ...။
ဓမ္မနဲ့ အဓမ္မရဲ့ တိုက်ပွဲမှာ
တရားသောသူတွေသာ နိုင်ဖို့ရာဆို
ဘယ်နှဘဝစာ ဘယ်လောက်အသင်္ချေမျှ
ပေးဆပ်ရမှာပါလဲ အရှင်ဘုရား...။
ကျင်လည်ရာ ဘဝတွေက
လွတ်မြောက်ပါရချင်း အကျိုးငှာ
အခုအချိန်မှာ
တကိုယ်စာ တကိုယ်ကောင်း လွတ်မြောက်ဖို့အတွက်
မဂ်ဉာဏ် ဖိုဂ်ဉာဏ်ကိုလည်း
မရချင်တော့ပါဘူး အရှင်ဘုရား...။
အဖန်ငါးရာ ငါးကမ္ဘာတိုင်တိုင်
တပည့်တော် တဦးတယောက်ထဲသာ
အပြစ်သားအဖြစ်ခံယူလိုက်ပါ့မယ်
ဒီနိုင်ငံနဲ့...
တိုင်းရင်းသား ပြည်သူတွေအားလုံးအပေါ်
ခွင့်သူညီမျှမှုတွေနဲ့ ဖြူစင်တဲ့ဝါဒကိုသာ
ပေးအပ်နိုင်ခွင့် ပြုပါတော့ အရှင်ဘုရား...။
ဒီနိုင်ငံနဲ့...
တိုင်းရင်းသား ပြည်သူတွေအားလုံးအပေါ်
တရားမျှတ လွတ်လပ်ချင်းရဲ့ အနှစ်သာရကို
ပေးအပ်ခွင့်ပြုတော်မူပါ အရှင်ဘုရား...။
ဒီနိုင်ငံနဲ့...
နွေဦးကစခဲ့တဲ့ တော်လှန်ရေးမှာ
လုံးစုံများစွာ သတ္တဝါတွေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေးလို့
ချမ်းသာ ကိုယ်စိတ် မြဲပါစေ...။
မအလ မိသားစုနဲ့ အလိုတော်ရိတွေ
အာဏာရှင်တွေနဲ့ အပေါင်းအပါတစုတော့
မပါ ပါဘူး အရှင်ဘုရား...။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar