Breaking News

စစ်ဆင်ရေး သတ်ဖြတ်မှုတွေ မြင့်တက်လာတဲ့ စစ်ကိုင်းတိုင်း

မြန်မာနွေဦး ခရိုနီကယ် - မတ် ၄ မြင်ကွင်း

(မိုးမခ) မတ် ၅၊ ၂၀၂၃


စစ်ဆင်ရေး သတ်ဖြတ်မှုတွေ မြင့်တက်လာတဲ့ စစ်ကိုင်းတိုင်း

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက ၄င်းတို့သက်တမ်းကို ၆ လ ထပ်တိုးပြီးနောက် နိုင်ငံထဲက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက်မှာ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံဒေသအချို့မှာ စစ်ဆင်ရေး အရှိန်မြှင့်လုပ်လာပြီး သတ်ဖြတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ပိုမိုမြင့်တက်လာတာတွေ့ရပါတယ်။ 

စစ်ကောင်စီအနေနဲ့ PDF လှုပ်ရှားမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့မှာ ၄င်းတို့ရဲ့  တပ်တွေကို ပိုမိုပြီး လှုပ်ရှားကာ စစ်ကြောင်းထိုးတာတွေ PDF တပ်တွေကို ထောက်ခံသူတွေကိုပါ ဖမ်းဆီး သတ်ဖြတ်တာတွေ ၊ ကျေးရွာတွေမှာ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှု နေအိမ်တွေ ဆန်စပါး၊ ပဲ ရိက္ခာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုမိုလုပ်ဆောင်လာတာ သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။ 

အခု ရက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေ အချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ပြီး မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတွေ ဖြစ်ပွားခဲ့သလို၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေ လှည့်လည်ကာ တိုက်ခိုက်မှုတွေ ရှိနေပြီး PDF တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။ စစ်ကောင်စီတပ်က အလားတူ ချောင်းဦးမြို့နယ် ခင်မွန်ရွာက နေအိမ်တွေ အတော်များများလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းတွေလည်း ထပ်မံတွေ့ရပြီး စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်း ဒေသအချို့မှာလည်း စစ်ကောင်စီတပ်က ဒေသခံတွေ ဖမ်းဆီးတာ သတ်ဖြတ်တာတွေ ဖြစ်ပွားနေပြီး ခုရက်ပိုင်း စစ်ကိုင်းမြို့နယ်ထဲက တာတိုင်ကျေးရွာမှာလည်း ကျေးရွာသူ ကျေးရွာသား ၁၇ ဦး သတ်ဖြတ်ခံရတဲ့ သတင်းတွေ တွေ့ရှိရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းတင်မက တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က ကောင်းဝပ်ဆိုတဲ့ ကျေးရွာတရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒေသခံ ၆ ဦး သတ်ဖြတ်ခဲ့တဲ့ သတင်းလည်း သတင်းဌာနတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဖေဖော်ဝါရီလဆန်း စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာ အခုလိုစစ်ဆင်ရေးတွေ ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာတာ ဖြစ်ပြီး PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်တိုက်ခိုက်မှုတွေလည်း ပိုမြင့်တက်လာနိုင်တဲ့ အခြေအနေမျိုးဖြစ်လာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေဟာ ငြိမ်းတော့မယ့် မီးတိုင်တတိုင်ရဲ့ နောက်ဆုံးတောက်လောင်ခြင်း ဖြစ်မလား သို့မဟုတ် ဒီလို တိုက်ပွဲအရှိန်မြင့်တက်လာမှုတွေကနေ ပြည်တွင်းစစ်မီးဖြစ်ပွားတဲ့ ဧရိယာပိုမို ကျယ်ပြန့်လာကာ နောက်ထပ် မြို့နယ်တွေ ကျေးရွာတွေကို ဆက်ပြီး ဖြစ်ပွားလာစေနိုင်မလားဆိုတာ အခုချိန်မှာ မှန်းဆရ ခက်ခဲနေဦးမယ့် သဘောဖြစ်ပါတယ်။ 

စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးရာမှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ နဲ့ အရပ်သားဆိုတဲ့ ကွဲပြား ခြားနားမှုကိုလည်း ဂရုမစိုက်ဘဲ ထောက်ခံသူ သို့မဟုတ် ဆက်နွှယ်မှုရှိသူလို့ သံသယရှိရုံနဲ့တင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ဆက်လက်ကျူးလွန်နေကြတာလည်း သတင်းတွေကို ကြည့်ရင် အကဲခတ်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ စစ်ဆင်ရေး PDF ချေမှုန်းရေးမှာ အနိုင်ရဖို့တချက်ကိုသာ အလေးထားပြီး လူ့အခွင့်အရေး ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု ဆိုတာတွေကို စစ်ကောင်စီဘက်က အလေးမထားဘဲ အနိုင်ရရေး ဒေသနေ လူထုအနေနဲ့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို လုံးဝထောက်ခံတာ မလုပ်ဆောင်ရဲအောင် တဦးချင်းသာမက ကျေးရွာအလိုက် ဝိုင်းကြီးချုပ် ဒဏ်ခတ်တာ၊ မီးရှို့တာ၊ နေအိမ် ပိုင်ဆိုင်မှုတွေ ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ဒီလို အချိန်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုံး သတ်ဖြတ်မှုတွေ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ချက်ချင်း အပြစ်ပေးနိုင်ဦးမယ့် အနေအထားမျိုး မရှိသေးပေမယ့် မှတ်တမ်းတင်ထားကာ တချိန်ချိန်မှာ တာဝန်ရှိသူတွေကို တာဝန်ခံစေမယ့် ရည်ရွယ်ချက်နဲ့ မှတ်တမ်း မှတ်ရာတွေ စုဆောင်းထားကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရာဇဝတ်မှုလိုမျိုး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အရပ်သားတွေ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အမျိုးသမီးတွေကို လက်နက်ကိုင် ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး သတ်ဖြတ်တာမျိုးတွေ မကျူးလွန်မိဖို့ သတိကြီးကြီးထား ဖို့လိုအပ်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း ထွက်ရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ ဖော်ပြမှုတချို့ ပါရှိတယ်လို့ သတင်းတွေမှာလည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုလို့ မှတ်တမ်းတင်ခံရနိုင်တဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ အပါအဝင် အရပ်သားတွေကို သတင်းပေး စစ်ကောင်စီကို ထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် စတဲ့ သံသယ သို့မဟုတ် စွပ်စွဲမှုနဲ့ သတ်ဖြတ်မှုတချို့လည်း မှတ်တမ်းတင်ခံရပြီး ဒီကိစ္စရပ်တွေ နဲ့ပတ်သက်လို့ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က တိကျတဲ့ အရေးယူ အပြစ်ပေးမှုမျိုး နောက်ထပ် မဖြစ်ပွားအောင် ဆောင်ရွက်မှုမျိုးတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလမှာ ဒီလိုအဖြစ်အပျက်တွေ တခုချင်း အရေးတယူမလုပ်နိုင်ဘူး တော်လှန်ရေး အောင်မြင်ဖို့က အဓိကလို့ ဆင်ခြေတက်ကောင်း တက်နိုင်ပါတယ်။ သို့ပေမဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ ဒီမိုကရေစီကို လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်ကောင်စီတပ်တွေက ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးတွေ မကျူးလွန်မိစေဖို့ အရေးကြီးပြီး အရပ်သားနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဆိုတဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို နားလည် လိုက်နာဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar