Breaking News

ကောင်းဇေလူ - အာဆီယံဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ပြန်လည်ထူထောင်နိုင်မည်လား

ကောင်းဇေလူ - အာဆီယံဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ပြန်လည်ထူထောင်နိုင်မည်လား

(မိုးမခ) မတ် ၄ ၊ ၂၀၂၃

 

ကမ္ဘာ့အရေးနှင့် မြန်မာ့အရေးကို သီးခြားစီ ခွဲခြားစဉ်းစား၍ ရတော့မည်မဟုတ်ဟု ဆိုရတော့မည်။ ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။ ယင်းစစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကို သိသိသာသာ ထိခိုက်လျှက်ရှိသည်။ ယူကရိန်းအပေါ်  ရုရှားကျူးကျော်စစ် ကြောင့် နိုင်ငံတကာ စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုကို အတော်ပင် လှုပ်ခတ်စေခဲ့ပြီး ထိခိုက်နစ်နာမှုများ ကြီးမားလာနေ သည်။ ထို့ကြောင့် ရုရှားအနေဖြင့် ယူကရိန်းအပေါ် ရန်လိုမှုများ အဆုံးသတ်ရေးနှင့် ယူကရိန်းရှိ ရုရှားတပ်များ ပြန်လည်ရုပ်သိမ်းရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်တရပ်ကို မဲခွဲအတည်ပြုခဲ့သည် ကို တွေ့ရသည်။

“မဲခွဲရာမှာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ရ မဲ နဲ့ ကြားနေမဲ ၃၂ မဲ ရတဲ့အတွက် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါပြီ” ဟု ညီလာခံဥက္ကဌ Csaba Korosi က ပြောကြားခဲ့ကြောင်း VOA က ဖော်ပြသည်။

“ယူကရိန်းမှာ ပြည့်ဝမှု တရားမျှတမှုနဲ့ ရေရှည်ငြိမ်းချမ်းမှုရရေးအတွက် အထူးပြုချမှတ်တဲ့ ကုလသမဂ္ဂရဲ့ သဘောတူညီ ချက် မူဝါဒများ” ဆိုင်ရာ မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။ အိမ်နီးချင်းနိုင်ငံငယ် ယူကရိန်းကို ရုရှားတပ်များက ၂၀၂၂ ဖေဖော်ဝါရီ ၂၄ တွင် နယ်စပ်ကျော်ဖြတ် ဝင်ရောက်ခဲ့ချိန်ကစ၍ ယခုဆုံးဖြတ်ချက်သည် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ၅ ခုအနက် မဲအများဆုံးဖြင့် အတည်ပြုနိုင်ခဲ့သည့် ဆုံးဖြတ်ချက်လည်း ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားက ဗီတို အာဏာသုံး ပယ်ချနိုင်သောကြောင့်  အထွေထွေညီလာခံက ဦးဆောင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခု ဆုံးဖြတ်ချက်သည် မဖြစ်မနေ လိုက်နာစရာ မလိုသော်လည်း ကမ္ဘာ့နိုင်ငံများ၏ အမြင်ကို ထင်ဟပ်စေသည့် ဆုံးဖြတ်ချက် ဖြစ်သဖြင့် အရေးပါသည်ဟု ဆိုရမည်။ ယူကရိန်းစစ်ပွဲသည် တနှစ်ကြာမြင့်လာပြီဖြစ်၍ နှစ်ဖက် သေဆုံးမှု သောင်းဂဏန်းချီရှိနေပြီး၊ မြို့လုံးကျွတ် ပျက်စီးရသည့် မြို့များနှင့်အတူ ကမ္ဘာတလွှား စားနပ်ရိက္ခာဈေးများ မြင့်တက်လာနေသဖြင့် ငွေဖောင်းပွမှု တိုးလာနေပြီ ဖြစ်သည်။

တချိန်တည်းတွင် အာရှ-ပစိဖိတ်ဒေသတွင်လည်း တရုတ်နိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှု ပေါ်ပေါက်နေသည်။ ထိုင်ဝမ် အပါအဝင် အာရှနိုင်ငံများ ပါ၀င်ပတ်သက်နေသည့် တောင်တရုတ်ပင်လယ်အရေး၌ တရုတ်နိုင်ငံ၏ ရန်လိုမှုများ မြင့်မား လာနေသည်။ ထိုသို့ တရုတ်၏ ပိုမိုရန်လိုလာနေမှုကို ဆန့်ကျင်ကာကွယ်ပေးရေး အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး Lloyd Austin က၊ စင်္ကာပူက Shangri-La ဆွေးနွေးပွဲ (၂၀၂၂ ဇွန်လ ၁၁ ရက်နေ့) ၌ ချပြခဲ့သည်။ ယူကရိန်းတွင် ရုရှား ကျုးကျော်စစ်အပြီး အာရှဘက်တွင်လည်း တရုတ်က အလားတူ လုပ်ရပ်မျိုး ကျူးလွန်လာမည်ကို နိုင်ငံတကာက စိုးရိမ်ပူပန်နေကြသည်။

အာရှဒေသအတွင်း တရုတ်နှင့် တင်းမာမှုများကို စစ်ပွဲပဋိပက္ခအဆင့်အထိ ရောက်မလာစေရန်  ဝိုင်းဝန်း ထိန်းညှိပေးနေကြချိန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က တရုတ်၏ ရန်လိုမူများမှ အာရှနိုင်ငံများကို ကာကွယ်ပေးမည်ဟု ကတိပေးလိုက်ခြင်း ဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေးကိစ္စသည် အမေရိကန်၏ စစ်ရေးဆိုင်ရာ ဦးစားပေးမျက်နှာစာ ဖြစ်သည်ဟု ဝန်ကြီး Austin က ဆိုသည်။ အာရှဒေသသည် အမေရိကန် မဟာဗျုဟာတစ်ခုလုံး၏  အသက်သွေးကြော လည်း ဖြစ်သည်ဟု အာရှလုံခြံုရေးထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသော ၄၂ နိုင်ငံမှ ဝန်ကြီးများနှင့် အရာရှိများအား  Austin က ပြောလိုက်ခြင်း ဖြစ်သည်။

တရုတ် ရန်လိုမူကို စိုးရိမ်နေကြသော အာရှနိုင်ငံများအားလုံး တညီတညွတ်တည်း ရင်ဆိုင်ရေး အစီအစဉ် အသေးစိတ်ကို ရှင်းပြခဲ့ရာတွင် မဟာမိတ်ဖွဲ့မူနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မူများအပြင်၊ ရုရှားကို စီးပွားရေးအရ ပူးပေါင်း ဒဏ်ခတ်ခြင်း မျိုးအထိ ဝန်ကြီး Austin က ပြောခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုသို့ပြောဆိုခြင်းသည်  ထိပ်တိုက်တွေ့ ရေးမဟုတ် သကဲ့သို့၊ ပဋိပက္ခဖြစ်လာစေမည့် စစ်အေးတိုက်ပွဲ ဖော်ရန်လည်း မဟုတ်ဟု ဆိုသည်။  အာရှတိုက် နေတိုးအဖွဲ့သဘော ဆန့်ကျင်ဖက် မဟာမိတ်အုပ်စု ဖော်ဆောင်ရန်လည်း မဟုတ်ကြောင်း  Austin က ပြောခဲ့သည်ဟု ဆိုသည်။

ဝန်ကြီး Austin သည် အာရှဒေသတွင်းက အဓိက မဟာမိတ်များဖြစ်သည့် ဂျပန်နှင့် သြစတျေးလျ ကာကွယ်ရေးဝန်ကြီးများနှင့် သုံးပွင့်ဆိုင် တွေ့သည့်အပြင်၊ တောင်ကိုရီးယားနှင့် ဂျပန် ကာကွယ်ရေးယန်ကြီးများနှင့်လည်း အတူတွဲကာ သုံးပွင့်ဆိုင် ထပ်မံ တွေ့ဆုံခဲ့ကြသေးသည်ဟု ဗွီအိုအေသတင်းက ဆိုသည်။

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများသည် ပထမဆုံးအကြိမ် စီးပွားရေးဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။ ကုန်ပစ္စည်းထောက်ပံ့ရေး ကွင်းဆက်လမ်းကြောင်းများ အားကောင်းစေပြီး နည်းပညာဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေး လုပ်ဆောင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ဂျပန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော်လည်း ဆက်ဆံရေး သိပ်မချောမွေ့လှပေ။ သို့သော် အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံသည် ကမ္ဘာ့နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာချိန်၌ အခြားတစ်ဖက်တွင် အင်အားကောင်းလာသည့် တရုတ်နှင့် မှန်းဆဖို့ခက်သော မြောက်ကိုရီးယားနိုင်ငံတို့နှင့် ရင်ဆိုင်နေရသဖြင့် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန် စိတ်အားထက်သန်နေကြသည်ဟု ဆိုသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်နေတာကို အခု သုံးနိုင်ငံအဆင့်အထိ ချဲ့ထွင်တိုးချဲ့လိုက်လို့ ဒီဆွေးနွေးပွဲဟာအဓိပ္ပာယ်ရှိတယ်” ဟု တောင်ကိုရီးယား သမ္မတရုံး၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

အမေရိကန်သမ္မတ Joe Biden ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် တောင်ကိုရီးယားသမ္မတ Yoon Suk-yeol တို့သည် ၃-နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများ ဟာဝိုင်ယီတွင် ကျင်းပသွားရန်  ၂၀၂၂ နိုဝင်ဘာလက ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲတခုတွင် ခေါင်းဆောင် ၃-ဦး သဘောတူခဲ့ကြသည်ဟု ဆိုသည်။ တရုတ်နှင့် ရုရှားတို့သည် ကမ္ဘာ့စီးပွားရေးကို အနှောင့်အယှက်ပြုရန် နှင့် ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကုန်ပစ္စည်းထောက်ပံ့ရေး လမ်းကြောင်းများကို လက်နက်သဖွယ် အကျပ်ကိုင် အသုံးချနေကြသည်ဟုလည်း အမေရိကန်က စွပ်စွဲထားကြောင်း မတ်လ ၁ ရက်နေ့ ဗွီအိုအေသတင်း၌ ဖော်ပြသည်။

ထိုသို့ ဥရောပမျက်နှာစာ၌ အမေရိကန်ဦးဆောင်သည့် နေတိုးမဟာမိတ်အဖွဲ့နှင့် ရုရှားနိုင်ငံတို့ ယူကရိန်းစစ်ပွဲကြောင့် တင်းတင်းမာမာ ထိပ်တိုက်တိုးနေကြသည်။ အာရှပစိဖိတ်မျက်နှာစာတွင်လည်း တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ် အရေးနှင့် မြောက်ကိုးရီးယားဒုံးပျံစမ်းသပ်မှုအရေး စသည်တို့ကြောင့် တရုတ်-မြောက်ကိုးရီးယာကတဖက်၊ အမေရိကန်-ဂျပန်-တောင်ကိုးရီးယား-ထိုင်ဝမ်-ဖိလိပိုင်တို့က တဖက် ထိပ်တိုက်ရင်ဆိုင် စောင့်ကြည့်နေကြသည်။ ထို့ကြောင့် ယနေ့ ကမ္ဘာ့နိုင်ငံရေးတင်းမာမှု ပေါ်ပေါက်နေပြီး အမေရိကန်-အီးယူ-ဂျပန်-တောင်ကိုးရီးယား-ထိုင်ဝမ်-သြစတြေးလျားနိုင်ငံ များနှင့် တရုတ်-ရုရှား-မြောက်ကိုးရီးယား-အီရန်နိုင်ငံများအကြား စစ်ရေးတင်းမာမှု ပေါ်ပေါက်နေပေသည်။  

တချိန်တည်းမှာပင် မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းနိုင်ငံရေး ပဋိပက္ခအကျပ်အတည်းသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေသည်ဟု မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟင်က မတ်လ ၁ ရက်နေ့က ပြောလိုက်သည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးအတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံနှင့် လက်တွဲ အလုပ်လုပ်လာစေရန် သိမ်းသွင်းနိုင်ရေးအတွက် နည်းလမ်းသစ်များ လိုနေကြောင်း  မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

“အရင်က အတွေ့အကြုံတွေနဲ့ပြောရရင် ကျနော် အဲဒီလိုပဲ အကြံပြုမှာပါ။ မြန်မာစစ်အာဏာပိုင်တွေကို အာဆီယံထဲမှာပဲ အသင်းအဖွဲ့ဝင်အဖြစ်နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ နားချနိုင်ရေးက နည်းလမ်းအသစ်တွေ ရှာဖို့လိုပါတယ်။ မြန်မာ့အရေးက ပြည်တွင်းရေးသက်သက်လို့ စဉ်းစားလို့ မရတော့ပါဘူး။ ဒေသတခုလုံးရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေလို့ပါ” ဟု မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟင်က မနီလာ ခရီးစဉ်အတွင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကိုစ် ဂျူနီယာနှင့် တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတက ထပ်မံသတိပေး ပြောဆိုခဲ့သည့် မြန်မာအရေးဆိုင်ရာ အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် လိုသည်ဆိုခြင်းကိုလည်း မလေးရှားဝန်ကြီးချုပ်က ထောက်ခံသဘောတူကြောင်း ပြောဆိုခဲ့သည်။ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် ဘက်ပေါင်းစုံ ကမောက်ကမ ဖြစ်နေသည်။ စစ်ကောင်စီက နိုင်ငံရေးပြိုင်ဘက်များကို ချေမှုန်းရာ၌ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ် လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂတို့က စွပ်စွဲထားသည်။

အာဆီယံအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာဆိုင်ရာ ပြည်တွင်းရေးကိစ္စ၌ လက်ရှောင်သည့် မူဝါဒကို ကာလကြာရှည် ကျင့်သုံးခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် သဘောတူထားသည့်  ငြိမ်းချမ်းရေး အစီအစဉ် အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်ဘက်က အကောင်အထည်ဖော်ခြင်း မရှိသဖြင့်  အာဆီယံအဖွဲ့က စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဟု ဆိုကာ မြန်မာကိစ္စ သောင်မတင်ရေမကျ ဖြစ်နေခဲ့သည်။ အာဆီယံ အဆင့်မြင့်အစည်းအဝေးများတွင် မြန်မာစစ်ဗိုလ်ချုပ်များအား တက်ရောက်ခွင့် ပိတ်ပင်ထားပြီး၊ မလေးရှားနိုင်ငံကလည်း စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည်။ အကြမ်းဖက် မြန်မာစစ်ကောင်စီဘက်ကလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု တုံ့ပြန်လေ့ရှိသည်။

မြန်မာ့အရေးသည် ပြည်တွင်းပြဿနာ ဆိုသော်လည်း ဒေသအတွင်း ဂယက်ရိုက်ခတ်မှု အကျိုးဆက်များ ဖြစ်ပေါ်နေသောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် တညီတညွတ်တည်း တုံ့ပြန်ရန် လိုအပ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဖေဖော်ဝါရီ ၉ ရက်နေ့က ပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha နှင့် တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံအဖွဲ့)အနေဖြင့် သြစတြေးလျ၊ နယူးဇီလန်တို့နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ယခုနှစ်တွင် သက်တမ်းတိုးရမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း၌ အဆိုပါ သဘောတူညီချက်အသစ်ရရှိရေး ရည်မှန်းထားကြောင်း အာဆီယံကုန်သွယ်မှု ညှိနှိုင်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး Dina Kurniasari က ပြောသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများကဲ့သို့သော  အခက်အခဲ အဟန့်အတားများလည်း ရှိနေသည်ဟု ဆိုသည်။ လက်ရှိ အခြေအနေတွင် မြန်မာစစ်ကောင်စီဘက်က စာချုပ် သဘောတူ လက်မှတ်ရေးထိုးမည်ကို သြစတြေးလျနှင့် နယူးဇီလန်တို့က လိုလားမည် မဟုတ်ဟုလည်း ထောက်ပြထားသည်။  မြန်မာပြဿနာသည် အာဆီယံ၏ တရားဝင်မှု အရေးကိစ္စ၌လည်း အခက်အခဲတခုသဖွယ် ဆက်စပ်ပတ်သက်နေ သည်ဟု အင်ဒိုနီးရှား နိုင်ငံ Gdjah Mada တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Randy W Nandyatma က ဆိုသည်။ ထို့ကြောင့် လက်ရှိ အနေအထားတွင် မြန်မာဘက်က အာဆီယံ၏ စည်းမျဉ်းများကို လိုက်နာ/လိုက်လျောလာ စေရန် ASEAN အနေဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖွယ် အလားအလာ မမြင်ဟုဆိုနေကြသည်။


မြန်မာနိုင်ငံတွင်း ပြဿနာများကြောင့် အခြားနိုင်ငံ အများအပြားဘက်ကလည်း ဆက်ဆံမှု အပြောင်းအလဲများ  ဖြစ်ပေါ် လာနေပြီး၊ ယင်း ရိုက်ခတ်သက်ရောက်မှုကို အာဆီယံအနေဖြင့်လည်း အဖွဲ့အလိုက် ရင်ဆိုင်နေရသည်။  အာဆီယံ အနေဖြင့် အဖွဲ့၏ မဟာဗျူဟာမြောက် မိတ်ဖက်များနှင့် ဆက်ဆံရေး၌ မြန်မာကိစ္စက အဟန့်အတား ဖြစ်နေသည်ဟု စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Suryoprtomo က ဆိုသည်။

“မြန်မာနိုင်ငံတွင်းက ပြဿနာတွေကို ဖြေရှင်းရာမှာ ကျယ်ကျယ်လောင်လောင် မူဝါဒနဲ့ ဆောင်ရွက်လို့ ရနိုင်မှာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာဘက်အသီးသီးကို ချဉ်းကပ်နိုင်ရေး ကြိုးပမ်းပြီး တတ်နိုင်သလောက် တိုးတိုးတိတ်တိတ်သာ ဆောင်ရွက်နိုင်မှာပါ။ ဒါဆိုရင်တော့ ပြဿနာတွေချည်း ဖြစ်လာမှာမဟုတ်သလို မြန်မာအတွက်လည်း အခက်တွေ့စေမှာ မဟုတ်ပါဘူး။ ”

မည်သည့်ဘက်ကိုမျှ မျက်နှာမပျက်စေဘဲ ပြဿနာအားလုံးကို ကောင်းကောင်း ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်းလည်း သံအမတ်ကြီးက ထပ်လောင်းပြောကြားသည်။ အင်ဒိုနီးရှားလွှတ်တာ်အမတ် Muhaammad Farhan ၏ အဆိုအရ မြန်မာ ဘက်က အခိုင်အမာ ပိုင်းဖြတ်လာအောင် အာဆီယံဘက်က လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ထောက်ပြသည်။

“အလုံးစုံပါဝင်မှုရဲ့ဆိုလိုရင်းကတော့ မြန်မာဘက်က တခြားသူတွေနဲ့အတူ လုပ်ငန်းစဉ်မှာ ပါဝင်ရမှာပါ။ ဒီအတွက် အခိုင်အမာပိုင်းဖြတ်ချက်က အရေးကြီးပါတယ်။ သူတို့ဘက်က ကတိပြုလာရေး နားချဖို့က ကိစ္စတခုဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ၊ အာဆီယံဟာဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လုပ်ဆောင်နိုင်တဲ့ အဖွဲ့ကြီးလည်း မဟုတ်ပါဘူး။ ”

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှား အနေနဲ့ မြန်မာ့ ပြဿနာ ဖြေရှင်းရေးမှာ စိန်ခေါ် အကဲစမ်းမှု အကြီးအကျယ် ကြုံရမယ်လို့လည်း မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Yose Rizal Damuri က ဆိုသည်။ “ အပြင်က အမြင်မှာတော့ အရပ်သားတွေနဲ့ စစ်အစိုးရတိုက်ခိုက်မှုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်က မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားအဖွဲ့တွေကြားမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ ပြဿနာတွေက လက်တွေ့မှာ ပိုပြီးကျယ်ပြန့်ပါတယ်” ဟု သူက သုံးသပ်သည်။

မြန်မာ့အရေးကိစ္စနှင့် စပ်လျဉ်း၍ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ရှိသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ချဉ်းကပ်ပုံ သဘောထား မတူညီကြကြောင်း မြင်နေရသည်။ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ် စသည့် နိုင်ငံများက မြန်မာစစ်ကောင်စီနှင့် နီးနီးကပ်ကပ် ဆက်ဆံခြင်းဖြင့် အပြောင်းအလဲဖြစ်စေလိုသော သဘောရှိသည်။ မလေးရှားနိုင်ငံကမူ စစ်ကောင်စီနှင့်သာမက၊ NUG အမျိုးသား ညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တို့ကိုလည်း တရားဝင်ထိတွေ့ ဆက်ဆံ ညှိနှိုင်း ဆွေးနွေးစေလိုသော သဘောရှိသည်။ ထိုင်းနိုင်ငံက အလွတ်သဘောဟု ဆိုကာ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲကို စင်ကာပူက ကန့်ကွက်သည့် အချက်ကိုလည်း သတိပြုသင့်သည်။ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အာဆီယံဘုံသဘောထားအတိုင်း အကောင်အထည်ဖော်မည်လား၊ သီးခြားစဉ်းစားချက် ရှိသလား ဆိုသည်ကိုမူ စောင့်ကြည့်ကြရမည် ဖြစ်သည်။

“မြန်မာ့ ပြည်တွင်းပြဿနာကို ပြည်တွင်းမှာပဲ ဖြေရှင်းရမှာဖြစ်တယ် ဆိုပေမယ့်လည်း မြန်မာ့အရေးက ဒေသတွင်း ရိုက်ခတ်မှုတွေနဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြားရှိနေတဲ့ မလေးရှားနိုင်ငံကို တိုက်ရိုက် ရိုက်ခတ်ပါတယ်”  ဟု မလေးရှားဝန်ကြီးချုပ်က ပြောခဲ့သည်။

“တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးမှုရှိရေး ဆိုတဲ့ အာဆီယံ အခြေခံမူတွေအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖို့ အင်မတန် အရေးကြီးတယ်” ဟု မလးရှား ၀န်ကြီးချုပ် Anwar Ibrahim က ပြောကြားသည်။

“အာဆီယံအဖွဲ့ဝင် နိုင်ငံတခုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကျူးလွန်လာရင် အာဆီယံအနေနဲ့ နှုတ်ဆိတ်မနေသင့်ဘူး။” ဟု ဖိလစ်ပိုင်နိုင်ငံ ဘွဲ့နှင်းသဘင်အခမ်းအနားတခု၌  မိန့်ခွန်းပြောကြားခဲ့သည်။

“လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ မြန်မာနိုင်ငံကို တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေဖို့ အာဆီယံ အဖွဲ့ထဲကနေ ယာယီ ဖယ်ထုတ်ထားဖို့ လိုတယ်လို့ သိပ်မကြာခင်က ဘန်ကောက်မြို့မှာ ကျနော် ပြောခဲ့ပါတယ်။ အဲဒီလို ပြောခဲ့တာဟာ တရားမျှတရေးနဲ့ တရားဥပဒေ စိုးမိုးမှုရှိရေး ဆိုတဲ့ အာဆီယံရဲ့ အဓိက အခြေခံအယူအဆတွေအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ အရေးကြီးတဲ့ ရှုထောင့်ကနေ ကျနော် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။” ဟု မလေးရှား ၀န်ကြီးချုပ် Anwar Ibrahim က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် တက္ကသိုလ်တွင် မတ်လ ၂ ရက်နေ့က ကျင်းပသည့် ဥပဒေရေးရာ ပါရဂူ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သူ့ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ချိန်၌ သူက မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရေး ဆိုသည့် အာဆီယံအခြေခံမူသည် အရေးကြီးသော်လည်း  ဒေသတခုလုံးကို ရိုက်ခတ်လာသည့် အခြေအနေမျိုးတွင်မူ နှုတ်ဆိတ်မနေသင့်ကြောင်း Anwar Ibrahim က ပြောကြားခဲ့ပြီး၊ မြန်မာစစ်ကောင်စီအပေါ် ထိထိရောက်ရောက် အရေးယူ ဖိအားပေးဖို့ သူက တောင်းဆိုထားသည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံ တခုက အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်လာချိန်မျိုးတွင် ပြည်တွင်းရေး ၀င်မစွက်ရေးမူကို အသေကိုင်စွဲမထားသင့်ဟု မလေးရှား ၀န်ကြီးချုပ်က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်နေစဉ် မလေးရှား ၀န်ကြီးချုပ်သည် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နှင့် တွေ့ဆုံချိန်တွင်လည်း မြန်မာ့အရေး ပြောဆိုခဲ့သည်။ စစ်တပ် အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင်း အခြေအနေသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေသဖြင့်၊ အာဆီယံအနေဖြင့် မြန်မာ့အရေး ကိုင်တွယ်ရာ၌ ပိုမိုထိရောက်မည့် နည်းလမ်းသစ် ရှာဖွေရန် လိုအပ်နေကြောင်း သူက ဝေဖန်တိုက်တွန်းထားသည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် သူတို့ စီစဉ်ထားသော ရွေးကောက်ပွဲလမ်းကြောင်း ထွက်ပေါက်ကိုသာ တဇွတ်ထိုး တဇောက်ကန်း အကောင်အထည်ဖော်ရန် အားထုတ်နေသည်။ တွေ့ဆုံညှိုနှိုင်းရေးအပါအဝင် နိုင်ငံတကာက တိုက်တွန်းသည့် မည်သည့်နည်းလမ်းကိုမျှ လိုက်လျောမည့်သဘော မမြင်ရပေ။ အာဆီယံအဖွဲ့အနေဖြင့် မြန်မာကိစ္စကို ထိထိရောက်ရောက် အရေးယူမှုများဖြင့် ဆောင်ရွက်သင့်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့များက တိုက်တွန်းလျက်ရှိကြောင်း တွေ့ရသည်။

ယနေ့ မြန်မာ့အရေး ၀ိုင်းဝန်းဖြေရှင်းပေးရန် ကြိုးစားအားထုတ်နေကြသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ(အမေရိကန်၊ အီးယူ၊ တရုတ်၊ အာဆီယံ) ၏ လိုအပ်ချက်မှာ လက်တွေ့မြေပြင်ပေါ်၌  ဖြစ်ပေါ်နေသည့် အခြေအနေ အမှန်ကို သိရှိအောင် ချဉ်းကပ်မှု မလုပ်ကြခြင်းပင် ဖြစ်သည်။ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် မြန်မာပြည်သူတို့၏ သဘောထားအမှန်ကို နားလည်ပါလျက် လက်ခံရန် တွန့်ဆုတ်နေကြသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်သားပေါင်းစုံ ပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့်အလျောက်၊  ပြည်သူလူထုအချင်းချင်း မကြုံစဖူး သွေးစည်း ညီညွတ်နေကြသည်။ မြန်မာပြည်သူလူထုနှင့် အရှည်သဖြင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလိုပါက၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် စစ်ကောင်စီ၏ လူသတ် အကြမ်းဖက် ရွာစဉ်မီးရှို့နေမှုများ ကျူးလွန်လျှက်ရှိသည်ကို မမြင်ယောင်ဆောင်မနေသင့်။ အာဆီယံဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ် လိုလားပါက၊ အကြမ်းဖက် စစ်တပ်ကို မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားရေးတွင် မြန်မာပြည်သူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်သည်။ 

တရုတ်-အာဆီယံ ခေါင်းဆောင်များအနေဖြင့် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာ ကျူးလွန်ထားသည့် မြန်မာစစ်အာဏာရှင်နှင့် လက်တွဲမဖြုတ်သမျှ အာဆီယံဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ပြန်လည်ထူထောင်နိုင်မည် မဟုတ်ပါ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar