Breaking News

ရွှေကုက္ကို မြို့သစ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာ့အကျပ်အတည်း အဖြေရှာဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှု

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၅ မြင်ကွင်း

(မိုးမခ) ဧပြီ  ၆၊ ၂၀၂၃


ရွှေကုက္ကို မြို့သစ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာ့အကျပ်အတည်း အဖြေရှာဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှု

ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းမှာရှိတဲ့ ရွှေကုက္ကို မြို့သစ် အနီးက ကျေးရွာတရွာအနီးရှိတဲ့ စစ်ကောင်စီရဲ့ ကွပ်ကဲမှုခံယူထားတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ စခန်းကို ကေအန်ယူနဲ့ အခြားသော ပူးပေါင်းတပ်တွေ ဧပြီလ ၅ ရက်နေ့ နံနက်စောစောမှာ တိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

BGF လို့ အတိုကောက်ခေါ်ဆိုကြတဲ့ နဂိုမူလ DKBA အဖွဲ့ကနေ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ အရင်စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အဖြစ်ကနေ နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီး စစ်တပ်ရဲ့ အမိန့်ပေးညွှန်ကြားမှုအောက်မှာ ဆက်လက်ရပ်တည်ရတဲ့ BGF အဖွဲ့တွေရဲ့ စခန်း ဖြစ်တဲ့ ရွှေကုက္ကို မြို့သစ်ကို ကေအန်အယ်အေ ပူးပေါင်းတပ်တွေက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ရွှေကုက္ကို မြို့သစ်ဆိုတာ ကာဆီနိုကစားဝိုင်းတွေ၊ မြို့သစ်စီမံကိန်း ဆိုတဲ့နေရာမှာ ဖွင့်လှစ်လုပ်ကိုင်နေကြတဲ့ အွန်လိုင်းက ငွေကြေးလိမ်လည်မှုတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်ပြီး အဓမ္မစေခိုင်းမှုတွေ စတာတွေနဲ့ နာမည်ကြီးနေတာလည်း ဖြစ်ပါတယ်။ ဒီနယ်မြေမှာ နိုင်ငံတကာ အရေးယူမှုတွေကနေ တိမ်းရှောင်နေကြတဲ့ ရာဇဝတ်မှုနဲ့ အလိုရှိသူတွေလည်း ခိုလှုံကြသလို အထက်က ရာဇဝတ်မှုတွေ၊ လောင်းကစားဝိုင်းတွေလည်း ဖွင့်လှစ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ 

အခု တိုက်ခိုက်တဲ့နေရာကတော့ အထက်က ကာစီနိုကစားဝိုင်းတွေလို နေရာကို မဟုတ်ဘဲ BGF ရဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မဲဆောက်ဘက်မှာ ထိုင်းရဲက ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံဘက်က PDF တပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းရဲက BGF တွေထံ လွှဲပြောင်းပေးကာ ပြည်နှင်ဒဏ်ခတ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားပြီး ရက်အနည်းငယ်အတွင်း အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်က ပြန်လွှဲပေးလိုက်တဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးဟာ လက်လွှဲပြောင်းပေးပြီး ရက်အနည်းငယ်အတွင်း ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လတွေအတွင်း ကရင်လက်နက်ကိုင် အဖွဲ့ တွေဖြစ်တဲ့ ကေအန်ယူ၊ ကေအန်ယူပီစီလို့ ခေါ်တဲ့ ထော့ကော်ကိုး အဖွဲ့၊ DKBA အဖွဲ့ နဲ့ BGF အဖွဲ့တို့ လှိုင်းဘွဲမြို့နယ်ထဲက ကျေးရွာတရွာမှာ တွေ့ဆုံပြီး ကရင်လက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြား တိုက်ခိုက်မှုတွေ မဖြစ်ပွားအောင် တွေ့ဆုံ ဆွေးနွေးမှုတရပ်လည်း လုပ်ဆောင်ခဲ့ကြပါသေးတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ကော်သူးလေ တပ်မတော်ဆိုပြီး မကြာခင်က ထူထောင်ခဲ့တဲ့ ယခင် ကေအန်ဒီအို တာဝန်ခံ ဗိုလ်ချုပ် နယ်လ်ဒါးမြ ဦးဆောင်တဲ့ အဖွဲ့ကိုတော့ ထည့်သွင်းဖိတ်ကြားခဲ့တာ မတွေ့ရပါဘူး။ 

ကရင်လူမျိုး လက်နက်ကိုင် အဖွဲ့အစည်းတွေ ၅ ဖွဲ့လောက် သီးခြားကွဲပြားနေကြတဲ့အနက် ကော်သူးလေ တပ်မတော်လို့ခေါ်တဲ့ KTLA က နောက်ဆုံးပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး လက်ရှိ ကရင်လက်နက်ကိုင်တွေအကြား တွေ့ဆုံဆွေးနွေးမှုတွေမှာ ထည့်သွင်းခံရခြင်း မရှိသေးတာ တွေ့ရပါတယ်။ 

ရွှေကုက္ကို တိုက်ပွဲက ခုထက်ပိုပြီး ပြင်းထန်လာမလား၊ သို့မဟုတ် BGF တွေအနေနဲ့ ၄င်းတို့ကို တိုက်ခိုက်လာတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဖြေရှင်းကြမလားဆိုတာတော့ လောလောဆယ်မှာ ပြောဖို့ စောသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်း အဖြေရှာဖို့ သံတမန်ရေးအရ ကြိုးပမ်းအဖြေရှာမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း သတင်းတွေ ဖော်ပြလာကြပါတယ်။ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ၂ နှစ်နီးပါးက သဘောတူ ခေါင်းညိတ်ထားတဲ့ အာဆီယံသဘောတူညီမှု မူ ၅ ချက်ကို အကောင်အထည်ဖော်အောင် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆွေးနွေး ညှိနှိုင်းနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီး ဘယ်အဖွဲ့တွေလဲ၊ ဘယ်သူတွေလဲ ဆိုတာတွေ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ လက်နက်ကိုင် တိုက်ပွဲတွေ အကြား တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ဖို့ ကိစ္စ၊ နိုင်ငံရေး စစ်ရေး ပြဿနာကို အဖြေရှာနိုင်ရေး စတဲ့အချက်တွေကို ကြိုးပမ်းနေတယ်လို့ ယေဘုယျအားဖြင့် ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အဖွဲ့ ၁၀ နိုင်ငံအတွင်း သြဇာကြီးမားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး တချိန်က စစ်အာဏာရှင် စနစ်အောက် ဆယ်စုနှစ်များစွာ ရှိခဲ့တဲ့နိုင်ငံ ဖြစ်လို့ ၄င်းတို့ရဲ့ အတွေ့အကြုံတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နားဝင်အောင် စည်းရုံးပြောဆိုနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အနေအထား ဖြစ်နေပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar