သီအိုဇော် - တန်ဖိုးကြီးသော နောင်တ မမေ့ပျောက်သင့်သည့် သင်ခန်းစာ (‘ရဝမ်ဒါ’ဂျီနိုဆိုဒ် ၂၉-နှစ်ပြည့်)
သီအိုဇော် - တန်ဖိုးကြီးသော နောင်တ မမေ့ပျောက်သင့်သည့် သင်ခန်းစာ (‘ရဝမ်ဒါ’ဂျီနိုဆိုဒ် ၂၉-နှစ်ပြည့်)
‘ရဝမ်ဒါ’ ဂျီနိုဆိုဒ်အကြောင်း ပြန်တွေးကြည့်လိုက်တိုင်း စိတ်ထိခိုက်ခံစားစရာများက ယှဥ်တွဲပေါ်လာတတ်ပါ တယ်။ အခုလို ၂၉ နှစ်ပြည့်အတွက် ဆောင်းပါးရေးချိန်မှာတော့ မေးခွန်းထုတ်ချင်စရာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပျက်ကွက်ခဲ့မှုများကို ပိုအသားပေးချင်စိတ် ဖြစ်ပေါ်မိပါတယ်။ အတိအကျ စာရင်းပြုစုဖို့ ခက်ခဲပေမယ့် အနည်းဆုံး ၅ သိန်း သေဆုံးခဲ့တယ်ဆိုတဲ့ ရေးသားမှုတွေရှိသလို ကုလသမဂ္ဂကိုယ်တိုင် ကိုးကားသုံးစွဲထားတာက သေဆုံးသူ ၈ သိန်းပတ်ဝန်းကျင် ဖြစ်ပါတယ်။ ‘ရဝမ်ဒါ’အစိုးရဘက်က အပါအဝင် အခြားမှတ်တမ်းတင် ရေးသားသူများက သေဆုံးသူ ၁ သန်းကျော်တယ်လို့ သုံးစွဲထားမှုတွေလည်း ရှိပါတယ်။
အဲဒီအချိန်က ‘ရဝမ်ဒါ’လူဦးရေဟာ ၈ သန်း ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒီသေဆုံး ကိန်းဂဏန်းဟာ အတော်လေးကြီးမားပါတယ်။ သေဆုံးခဲ့သူ အများစုကတော့ တွတ်ဆီ (Tutsi) လူမျိုးတွေ ဖြစ်သလို အစွန်းမရောက်တဲ့ အလယ်အလတ်သမား ‘ဟူတူ’(Hutu) လူမျိုးတွေလည်း သေဆုံးခဲ့ကြတာတွေ ရှိပါတယ်။
သတ်ဖြတ်ခံရမှု အမြောက်အမြားက အစောပိုင်းရက်သတ္တပတ်များမှာ ဖြစ်ခဲ့တယ်လို့ ဆိုတဲ့အတွက် အဲဒီရက်ပိုင်း က လူပေါင်းသောင်းဂဏန်းဝန်းကျင် နေ့စဉ်ရက်ဆက် အသက် ဆုံးရှုံးနေခဲ့ကြရသလိုလို့ တွက်ဆရပါမယ်။ ပိုဆိုးရွားတယ်လို့ မြင်ရမယ့် စာရင်းဇယား တွက်ချက်ထားမှုကို ထပ်ပြီးထုတ်နုတ်ဖော်ပြရင်တော့ ‘တွတ်ဆီ’ လူဦးရေ စုစုပေါင်းရဲ့ (၆၅-၇၇) ရာခိုင်နှုန်းအထိ ရက်တရာကျော်အတွင်း ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားခဲ့ကြရတယ်လို့ မှတ်တမ်းတင်ထားတာကိုပါ။ အစွန်းရောက် ‘ဟူတူ’စစ်တပ်နဲ့ နိုင်ငံရေးသမားများ အကွက်ကျကျ စီစဥ်သတ်ဖြတ်ခဲ့တဲ့ လူမျိုးတုံး လူသတ်ပွဲကြီးက လူ့သမိုင်းအတွက် ထိပ်လန့်တုန်လှုပ်စရာတခုအဖြစ် လက်ခံထားကြပါတယ်။
၁၉၉၄ ခုနှစ် ဧပြီလ ၆ ရက်နေ့က လေယာဉ်ပစ်ချခံပြီး ‘ဟူတူ’ လူမျိုး သမ္မတ ‘ဟာဘီယားရီမားနာ’ (Habyarimana) သေဆုံးခဲ့ရတဲ့နောက် ဆင့်ပွားဖြစ်ခဲ့ရတဲ့ လူ့အဖွဲ့အစည်းရဲ့ ဖျောက်ဖျက်မရနိုင်တဲ့ အမည်းစက်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်များစွာကတည်းက အမြစ်တွယ်ခဲ့တဲ့ လူများစု ‘ဟူတူ’နဲ့ လူနည်းစု ‘တွတ်ဆီ’ကြားက ပဋိပက္ခများကိုလည်း ဂရုပြုကြရပါမယ်။ ၁၉၉၄ ခုနှစ် ကွက်ကွက်လေးကြည့်ပြီး ‘ရဝမ်ဒါ’ ဂျီနိုဆိုဒ်အကြောင်း ပြောကြရတာက ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။
သိပ်ခပ်ဝေးဝေး ပြန်လှည့်မကြည့်ရင်တောင်မှ ကမ္ဘာသိ ၁၉၆၀ ပြည့်လွန်နှစ်များဆီက ‘တွတ်ဆီ’လူမျိုးတွေ ထောင် သောင်းချီ သေဆုံး၊ သိန်းနဲ့ချီပြီး ‘ရဝမ်ဒါ’ နိုင်ငံက စွန့်ခွာထွက်ပြေးကြရတာမျိုးကို ချန်ထားခဲ့လို့ မဖြစ်နိုင်ပါဘူး။ ‘တွတ်ဆီ’လူမျိုး တဦးဖြစ်သူ လက်ရှိသမ္မတ ‘ပေါလ်ကဂါဘီ’ (Paul Kagame) ကိုယ်တိုင် ‘ယူဂန်ဒါ’ နိုင်ငံဘက် ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ခဲ့ကြရတဲ့ မိသားစုတစုရဲ့ လေးနှစ်သားအရွယ် ကလေးငယ်တယောက်အဖြစ် ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ သူတို့မိသားစုအနေနဲ့ ‘ယူဂန်ဒါ’မှာ နှစ်ပေါင်း ၃၀ ကျော်လောက် သောင်တင်ခဲ့ကြရတာပါ။
၁၉၉၀ ပြည့်နှစ် အောက်တိုဘာလက ‘ယူဂန်ဒါ’မှာ အခြေစိုက်တဲ့ ‘ရဝမ်ဒါ မျိုးချစ်တပ်ဦး’ (Rwanda Patriotic Front - RPF) တပ်ဖွဲ့တွေ ‘ရဝမ်ဒါ’နိုင်ငံတွင်း ပြန်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်တွင်းစစ်မီး ပိုကြီးလာချိန်မှာတော့ သူဟာ RPFရဲ့ ခေါင်းဆောင်တဦး ဖြစ်နေပါပြီ။
ဒီလိုလူမျိုးစုနှစ်စုကြားက သတ်ဖြတ်ညှဉ်းဆဲ ခွဲခြားဆက်ဆံမှုတွေကို ပြည်တွင်းစစ်ခေါင်းစဉ်နဲ့ပဲ နိုင်ငံတကာက အသိအမှတ်ပြုထားခဲ့ကြပါတယ်။ မလောင်ခင်က မတားနိုင်ခဲ့တဲ့မီး၊ အကြီးအကျယ် လောင်မြိုက်ခဲ့ချိန်မှာလည်း ကူညီငြှိမ်းသတ်မပေးနိုင်ခဲ့တာ ဘယ်သူတွေမှာ တာဝန်ရှိကြပါသလဲ။
အမေးရှိက အဖြေရှိရမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တဦးဖြစ်ခဲ့သူ ‘ဘန်ကီမွန်း’ ၂၀၁၄ ခုနှစ် ဧပြီလ ၇ ရက်နေ့က ‘ရဝမ်ဒါ’ ဂျီနိုဆိုဒ် နှစ် ၂၀ ပြည့်အတွက် မြို့တော် ‘ကိဂါလီ’(Kigali)မှာ ရောက်ရှိစဉ် ပြောကြားခဲ့တာက ဖြစ်ရပ်တခုလုံးအပေါ် ခြုံငုံစေခဲ့တယ်လို့ မြင်ပါတယ်။ “ရဝမ်ဒါမှာ ပြည်သူတွေ အလိုအပ်ဆုံး အချိန်မျိုးရောက်တော့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက ရုပ်သိမ်းသွားခဲ့တယ်” ဆိုတဲ့စကားပါ။
ဂျီနိုဆိုဒ် သတ်ဖြတ်မှုတွေ ဖြစ်နေချိန်မှာ ကနေဒါနိုင်ငံက ဒုဗိုလ်ချုပ်ကြီး ‘ရိုမီယိုဒလဲ(ရ်)’ (Romeo Dallaire)က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၈၇၂/၁၉၉၃)အရ နိုင်ငံပေါင်း (၂၄)နိုင်ငံက ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ (United Nations Assistance Mission for Rwanda -UNAMIR) အဖွဲ့ဝင် ၂၅၄၈ ဦးခန့် (စစ်ရေးစောင့်ကြည့်သူများ အပါအဝင်)ကို ခေါင်းဆောင်ရတဲ့ တပ်မှူး ဖြစ်ပါတယ်။ ဂျီနိုဆိုဒ်မဖြစ်မီက ‘ရဝမ်ဒါ’ အစိုးရနဲ့ RPF ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေ အသက်ဝင်နေတဲ့ ကာလ၊ ကုလသမဂ္ဂကလည်း ကြားဝင်ကူညီပေးနေချိန်လို့လည်း ပြောလို့ရပါတယ်။ ‘ဟူတူ’ အစွန်းရောက်တွေကတော့ ဒါကိုမလိုလားကြပါဘူး။
၁၉၉၄ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ သမ္မတ ‘ဟာဘီယားရီမားနာ’ရဲ့ လေယာဥ် ပစ်ချခံရပြီးနောက်မှာတော့ ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၇ ရက်နေ့မှာ ရဝမ်ဒါ အစိုးရရဲ့ အလယ်အလတ်သဘောထားရှိသူ ‘ဟူတူ’ အမျိုးသမီး ဝန်ကြီးချုပ် ‘အက်ဂါသီ ယူဝီလင်းဂျီယင်မာနာ’(Agathe Uwilingiyimana)ကို ‘ရဝမ်ဒါ’ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေက လုပ်ကြံသတ်ဖြတ်တာ ခံရသလို လုံခြုံရေးယူပေးတဲ့ ဘယ်လ်ဂျီယံ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၀ ဦးလည်း သေဆုံးခဲ့ပါတယ်။ အဲဒီနောက်တော့ ‘ဘယ်လ်ဂျီယံ’အစိုးရက UNAMIR မှာ ပါဝင်တဲ့ သူ့တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းဖို့ ဧပြီလ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
‘ဘယ်လ်ဂျီယံ’တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းခြင်းဟာ UNAMIR မစ်ရှင်ကို များစွာထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေအတွက်အားဖြင့် ၄၄၀ ဦးဝန်းကျင် ပါဝင်ထားတာ ဖြစ်သလို နေတိုး စံနှုန်းစံထားနဲ့ လေ့ကျင့်သင်ကြား၊ လက်နက်တပ်ဆင်ထားတဲ့ UNAMIRထဲက တခုတည်းသောတပ်ဖွဲ့ ဖြစ်နေလို့ပါ။ ဧပြီလ ၁၉ ရက်နေ့က ‘ဘယ်လ်ဂျီယံ’တပ်ဖွဲ့ အားလုံး ဆုတ်ခွာပြီးချိန်မှာ UNAMIR တပ်ဖွဲ့ ၁,၅၁၅ ဦး၊ စစ်ရေး လေ့လာစောင့်ကြည့်သူ ၁၉၀ ဦးသာ ကျန်ရှိပါတော့တယ်။
ဧပြီလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ‘ဘူးထရော့စ် ဂါလီ’(Boutros Boutros-Ghali)က လုံခြုံရေးကောင်စီကို တိုက်ခိုက်နေမှုနဲ့ သတ်ဖြတ်နေမှုတွေ ရပ်တန့်စေဖို့ အမြန်ဆုံး အင်အားဖြည့်တင်းပြီး ပဋိညာဥ်စာတမ်း အခန်း (၇) အရ တာဝန်တိုးချဲ့ပေးအပ်မလား။ ဒါမှမဟုတ် တပ်ဖွဲ့အင်အား လျှော့ချမလား။ ဒါမှမဟုတ် အပြီးပဲ ရုပ်သိမ်းလိုက်မလား ဆိုတဲ့ ရွေးချယ်စရာ ၃ ခုပါဝင်တဲ့ အစီရင်ခံစာကို အဆိုပြုပါတယ်။
UNAMIR မစ်ရှင်က ပဋိညာဥ်စာတမ်း အခန်း (၆) အရ ရောက်ရှိနေတာဖြစ်လို့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပြေလည်အောင် ကြားက ဖျန်ဖြေပေးဖို့သာ လုပ်နိုင်ပါတယ်။ ခုခံပိုင်ခွင့်ရှိပေမယ့် အင်အားသုံး ပြဿနာဖြေရှင်းခွင့် ပေးမထားပါဘူး။ အခန်း (၇) အရလို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ပေးရင်တော့ အခန်း (၆) ထက် လုပ်ပိုင်ခွင့်အာဏာ ပိုများသွားပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ စစ်ရေးကိစ္စများလည်း ပါဝင်ပတ်သက်နိုင်တဲ့ အဆင့်ရောက်သွားပြီလို့ ယေဘုယျ ဆိုနိုင်ပါတယ်။
ဧပြီလ (၂၁) ရက်နေ့မှာတော့ လုံခြုံရေးကောင်စီက ဒုတိယရွေးချယ်စရာကို ရွေးခဲ့ပြီး တပ်ဖွဲ့အင်အားကို (၂၇၀) အထိ လျှော့ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အမှတ် (၉၁၂/၁၉၉၄) ကို ချမှတ်ခဲ့ပါတယ်။ သတ်ဖြတ်မှုတွေဟာ အချို့ဒေသတွေမှာ ဇူလိုင်လထဲအထိ ဆက်ဖြစ်နေသေးတဲ့အတွက် ဒီလိုအင်အားလျော့ကျသွားခြင်းကြောင့် အသက်ဘေးလွတ်အောင် ရှောင်ပြေးနေကြရသူများကို အကာအကွယ်ပေးမှု ပိုအားနည်းသွားစေတာ ထင်ရှားပါတယ်။
‘ရိုမီယိုဒလဲ(ရ်)’က ‘ဂန်နာ’နိုင်ငံက တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းနိုင်ခဲ့လို့ တပ်ဖွဲ့အင်အား ၄၅၀ ခန့် ဆက်ကျန်ရှိခဲ့ပါတယ်။ သူက အင်အား ၅,၀၀၀ လောက်နဲ့ လုပ်ပိုင်ခွင့်လည်း ပိုရခဲ့ရင် ဖြစ်ပျက်ခဲ့တာတွေနဲ့ ပိုခြားနားအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားသူပါ။ ရှိသမျှအင်အားနဲ့ပဲ သူ့တပ်ဖွဲ့တွေ ကာကွယ်စောင့်ရှောက်ပေးလို့ အသက်ရှင်နိုင်ခဲ့သူ စုစုပေါင်း ၃၂,၀၀၀ ခန့် ရှိတယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။
နောက်ပိုင်းမှာ The Carnegie Commission on Preventing Deadly Conflict, the Institute for the Study of Diplomacy (GeorgetownUniversity) နဲ့ United States Army တို့ပူးပေါင်းပြီး ‘ရိုမီယိုဒလဲ(ရ်)’ရဲ့ တွက်ဆချက်ကို နိုင်ငံတကာအကြီးတန်း စစ်ရေးဦးဆောင်သူများ ပါဝင်တဲ့ အဖွဲ့နဲ့ သုံးသပ်စေခဲ့ပါတယ်။ ဒီကျွမ်းကျင်သူများက အင်အား ၅,၀၀၀ တပ်ဖွဲ့ကို ပထမ ၂ ပတ်အတွင်း အသုံးပြုနိုင်ခဲ့ရင် အကြမ်းဖက် သတ်ဖြတ်မှုတွေကို သိသိသာသာ လျော့ကျနိုင်စေလိမ့်မယ်လို့ အကြမ်းဖျဥ်း သဘောတူညီခဲ့ကြပါတယ်။
ပြည့်ပြည့်စုံစုံ လေ့ကျင့်တပ်ဆင် ထောက်ပို့ပေးထားပြီး လုံခြုံရေးကောင်စီက အကာအကွယ်ပေးဖို့ လိုအပ်သူများကို ကယ်ဆယ်နိုင်ဖို့ လိုအပ်တဲ့ နည်းလမ်းမှန်သမျှ အသုံးပြုနိုင်တယ်လို့သာ ဆုံးဖြတ်ချက်ချပေးခဲ့ရင် ဒီ ၅,၀၀၀ တပ်ဖွဲ့အင်အားဟာ ရဝမ်ဒါပြည်သူ ၅သိန်းရဲ့ အသက်ကို ကယ်ဆယ်ပေးနိုင်မယ့်ပုံ ရှိတယ်လို့လည်း ယူဆခဲ့ကြပါတယ်။ နာကျင်စွာနဲ့ လက်ခံလိုက်ရတော့မယ့် အချိန်လွန်မှ ရရှိတဲ့အဖြေပါ။
‘ရိုမီယိုဒလဲ(ရ်)’ရဲ့ ပြောကြားချက်တွေထဲမှာ ‘ဂျီနိုဆိုဒ်ကြေးနန်း’ (Genocide Fax) လို့ နောက်ပိုင်း အမည်တွင်ခဲ့တဲ့ စိတ်ဝင်စားစရာ ဖြစ်ရပ်တခုရှိပါတယ်။ ဂျီနိုဆိုဒ် မဖြစ်မီ ဇန်နဝါရီလ ၁၁ ရက်နေ့က ‘ဟူတူ’ကြီးစိုးတဲ့ အစိုးရပါတီက ယုံကြည်စိတ်ချလောက်တဲ့ သတင်းပေးတဦးပြောတဲ့ ‘တွတ်ဆီ’တွေကိုသာမက အလယ်အလတ် သဘောထားရှိတဲ့ ‘ဟူတူ’နိုင်ငံရေးသမားတွေကိုပါ အစွန်းရောက်တွေက သတ်ဖြတ်ဖို့ ကြံစည်နေတဲ့ အကြောင်း သူ ကြားသိရတဲ့အခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ စစ်ရေးအကြံပေးဆီကို ကြေးနန်းပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ဒီလိုကြံစည်နေတာကို ပျက်ပြားသွားအောင် လက်ဦးမှုရယူတဲ့ အော်ပရေးရှင်းတခု ဆောင်ရွက်ချင်တာပါ။
အဲဒီအချိန်က ငြိမ်းချမ်းရေးတပ်ဖွဲ့ရုံးရဲ့ အကြီးအကဲဖြစ်သူ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ‘ကိုဖီအာနန်’ရဲ့ ရုံးက UNAMIR အနေနဲ့ သတ်မှတ်ထားတဲ့ ဘောင်ကိုကျော်ပြီး အဲဒီအော်ပရေးရှင်းကို မလုပ်ဖို့ အကြောင်းပြန်ခဲ့ပါတယ်။
‘ဂျီနိုဆိုဒ်’ရယ်လို့ အသိအမှတ်ပြုပြီ ဆိုရင်ဖြင့် ထိုက်တန်တဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ နောက်က လိုက်ပါရမှာ ဖြစ်တဲ့အတွက် အဲဒီအချိန်က ‘ကလင်တန်’အစိုးရအနေနဲ့ ဂျီနိုဆိုဒ် စကားလုံးကို သုံးစွဲဖို့တောင် တွန့်ဆုတ်နေခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီအရင် ၆ လလောက်က ‘Black Hawk Down’လို ဟောလိဝုဒ်ဇာတ်ကားတောင် ရိုက်ကူးခဲ့ရတဲ့ ‘မိုဂါဒစ်ရှူးမြို့တော်’ (ဆိုမာလီ)မှာ ကုလသမဂ္ဂ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၈ ဦး ကျဆုံးထားတဲ့ ဖြစ်ရပ်လည်း ရှိထားတော့ ပိုသတိထားနေကြတဲ့ အချိန်လို့လည်း သုံးသပ်ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကတောင် မေလ ၄ ရက်နေ့ရောက်မှ ဂျီနိုဆိုဒ်ဖြစ်နေပြီလို့ သတိပေးခဲ့တာပါ။ မေလ ၁၇ ရက်နေ့မှာတော့ လုံခြုံရေးကောင်စီက ကယ်ဆယ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် အင်အား (၅,၅၀၀)ရှိ UNAMIR II ကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီး ပဋိညာဥ်စာတမ်း အခန်း (၇) အရ တာဝန်ထမ်းဆောင်နိုင်ရေး ဆုံးဖြတ်ပေးခဲ့ပါတယ်။
မေလ ၂၁ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ‘ဝါရင်ခရစ်တိုဖာ’(Warren Christopher) က ဂျီနိုဆိုဒ် စကားလုံးကို ဝန်ကြီးဌာနတွင်း စတင်သုံးစွဲခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့ရောက်တော့ လူအများရှေ့မှာ ရဝမ်ဒါ လူသတ်မှုများဟာ ဂျီနိုဆိုဒ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလောက်ကြီးမားတဲ့စကေးနဲ့ သတ်ဖြတ်မှုမျိုးအတွက် ဖြစ်မှ တုံ့ပြန်မှုမျိုးဆိုတာက ဘယ်လိုမှ မလုံလောက်နိုင်တဲ့ အခြေအနေမှာ၊ ပကတိဖြစ်ရပ်တွေကို နောက်ကျပြီးမှ အသိအမှတ်ပြုပေးခဲ့တာက ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်နိုင်ငံကြီးအနေနဲ့ ရဝမ်ဒါ ပြည်သူများအပေါ် ပျက်ကွက်မှုလို့ ဆိုရပါမယ်။
ကုလသမဂ္ဂကပဲ လုပ်ဆောင်စေတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ (The Carlsson report-1999) ထဲမှာ ကုလသမဂ္ဂ ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချမှု ကဏ္ဍတွေရဲ့ အားနည်းမှုတွေကို ထောက်ပြခဲ့သလို၊ ပြင်ဆင်သင့်တာများ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ ဆောင်ရွက်သင့်တာ မဆောင်ရွက်ခဲ့မှုများအတွက် ‘ရဝမ်ဒါ’ပြည်သူတွေကို တောင်းပန်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အာဖရိကန် သွေးစည်းညီညွတ်ရေးအဖွဲ့ကြီး (ယခင် The Organiation of African Unity- OAU ယခု African Union - AU)က ‘ရဝမ်ဒါ’ ဂျီနိုဆိုဒ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအပေါ် ဘယ်လို ဝေဖန်ထောက်ပြထားမယ်ဆိုတာကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ အသေးစိတ် ထပ်လေ့လာစရာမလို ရလောက်အောင် အဓိပ္ပာယ်ပြည့်ဝလှတဲ့ ခေါင်းစဥ်နဲ့ပါ၊ ‘ကာကွယ်နိုင်သော ဂျီနိုဆိုဒ်’ (Preventable Genocide) တဲ့။ တိုတောင်းသလို တကယ့်ကို ကြေကွဲစရာကောင်းတဲ့ အစီရင်ခံစာ ခေါင်းစဥ် ဖြစ်ပါတယ်။
အထက်မှာ UNAMIR II ဖွဲ့စည်းဆောင်ရွက်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ဒီ OAUရဲ့ အစီရင်ခံစာမှာတော့ အဖွဲ့ဝင်နိုင်ငံတွေဆီက လိုအပ်တဲ့အရင်းအမြစ် အချိန်နဲ့ တပြေးညီ ထည့်ဝင်မလာကြတဲ့အတွက် စာရွက်ပေါ်မှာသာ ကြည့်ကောင်းတဲ့ ဘာမှပိုထူးမလာတဲ့ မစ်ရှင်အသစ်လို့ သုံးသပ်ထားခဲ့ပါတယ်။ အချိန်အတိုင်းအတာအရ ကြည့်မယ်ဆိုရင်လည်း အတော်လေး နှောင်းသွားခဲ့ပါပြီ။
၁၉၉၈ ခုနှစ် မတ်လ ၂၅ ရက်နေ့ ‘ကလင်တန်’ ကိုယ်တိုင် ရဝမ်ဒါနိုင်ငံ ရောက်ခဲ့စဉ်က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း ‘သတ်ဖြတ်မှုတွေ စတင်ခဲ့တဲ့နောက် ကျနော်တို့ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ မလုပ်နိုင်ခဲ့ဘူး’လို့ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။ နောက်မကြာမီ မေလ ၇ ရက်နေ့မှာ ‘ကိုဖီအာနန်’က ရဝမ်ဒါပါလီမန်မှာ နိုင်ငံတကာ မိသားစုနဲ့ ကုလသမဂ္ဂဟာ နိုင်ငံရေးစိတ်ဆန္ဒတွေ စုစည်းပြီး ပြန်မတုံ့ပြန်နိုင်ခဲ့ဘူး၊ ကမ္ဘာကြီးက ပျက်ကွက်ခဲ့တယ်’ဆိုတဲ့ စကားများပါတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့စဥ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဧပြီလ အလှည့်ကျဥက္ကဋ္ဌ နယူးဇီလန် သံအမတ်ကြီး ‘ကောလင်း ကီတင်’ (Colin Keating) ကလည်း ၂၀၁၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ လာရောက်ပြီး မှတ်တမ်းတင် စာရင်းဝင်သွားအောင် တရားဝင် တောင်းပန်စကား ဆိုခဲ့ပါတယ်။
‘ရဝမ်ဒါ’နိုင်ငံဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့လို့ အလွန်နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၇ ရက်နေ့မှာ ဘယ်လ်ဂျီယံဝန်ကြီးချုပ် ‘ဂိုင်းဗာဟောဖ့်စတက်’ (Guy Verhofstadt)က ပျက်ကွက်မှု၊ မှားယွင်းခဲ့မှုတွေအတွက် ခွင့်လွှတ်ဖို့ နိုင်ငံနဲ့ ပြည်သူကိုယ်စား တောင်းပန်ခဲ့ပါတယ်။
ဒီလို ပြောဆိုခဲ့ကြမှုများဟာ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့က ပြင်သစ်သမ္မတ ‘မက်ခရွန်’ ရဝမ်ဒါကို သွားရောက်ခဲ့စဉ်မှာလည်း ဆက်ပြီး ပြောကြားနေရတုန်းပါပဲ။ ပြင်သစ်နိုင်ငံအပေါ် ခွင့်လွှတ်ပေးဖို့ နိုင်ငံကိုယ်စား ပြောကြားခဲ့သလို လုပ်သင့်လုပ်ထိုက်နာတွေ မလုပ်ခဲ့တဲ့အတွက် ပြင်သစ်နိုင်ငံရဲ့ ‘ရဝမ်ဒါ’ဂျီနိုဆိုဒ်မှာ ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက အဲဒီကာလက အာဏာရ ‘ဟူတူ’ အများစု ပါဝင်တဲ့ ‘ရဝမ် ဒါ’ အစိုးရကို ကူညီပံ့ပိုးရပ်တည်ပေးခဲ့တာပါ။
‘ရဝမ်ဒါ’ ဂျီနိုဆိုဒ် ကာလက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ‘ဘူးထရော့စ် ဂါလီ’(Boutros Boutros-Ghali) ရဲ့ ၂၀၀၄ နှစ် ဇန်နဝါရီလ PBS အင်တာဗျူးမှာ ဖြေဆိုခဲ့တာကိုလည်း ကောက်နုတ်ဖော်ပြလိုပါတယ်။ ‘လုံခြုံရေးကောင်စီကို ဝင်ရောက် တားဆီးပေးဖို့ မစည်းရုံးနိုင်ခဲ့တာ သူ့ရဲ့ ကျရှုံးမှုတခု၊ အစကနဦးကတည်းက ‘ရဝမ်ဒါ’မှာ ဖြစ်ပျက်နေတာတွေ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို သဘောမပေါက်ခဲ့တာက နောက်ထပ် ကျရှုံးမှုတခု၊ ဒီတော့ ကျရှုံးမှု နှစ်ထပ်ကွမ်းပေါ့’တဲ့။ သူ့ရဲ့ မအောင်မြင်ခဲ့မှုအတွက် ဝန်ခံခြင်းလို့လည်း ပြောနိုင်ပါတယ်၊ ကုလသမဂ္ဂအဖွဲ့ကြီးကို ပဲ့ကိုင်ခဲ့တဲ့သူက ဒီလို သဘောပေါက်ခဲ့တဲ့အချိန်မှာတော့ သိန်းပေါင်းများစွာသော ရဝမ်ဒါနိုင်ငံသားများက ကြားနိုင်စွမ်းမရှိတော့ပါ။
အခုအချိန်ကာလမှာလည်း ယူအဲန် အဆောက်အအုံထဲကနေ ဒီနှစ်ထပ်ကွမ်း အရှုံးအကြောင်းကို မျက်မှောက်အရေးတွေနဲ့ ဆက်စပ်ပြီး ဘယ်သူတွေကများ မှတ်မှတ်ရရ ပြန်စဉ်းစားနေကြပါသေးသလဲ။ လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပြီး အချိန်မီ ဆုံးဖြတ်ရမည့်အရာများအတွက် ထိရောက်စွာ အကောင်အထည်ဖော်ပေးနိုင်လာကြပြီလား။ တကယ်ရော ဒါတွေကို စဉ်းစားသုံးသပ်နေသူတွေ ရှိမှရှိပါသေးရဲ့လား။
ပုံမှန်အားဖြင့် ‘ရဝမ်ဒါ’ဂျီနိုဆိုဒ်ကို ဖော်ပြခဲ့သလို နာကျင်ခံစားရမှုများနဲ့ ‘ယူအန်’အပါအဝင် နိုင်ငံတကာရဲ့ ပျက်ကွက်မှုများ ရောယှက်ထားတဲ့ ရှုထောင့်က ပေါင်းစပ်ကြည့်လေ့ရှိကြပါတယ်။ ဒီတစ်ကြိမ်မှာ ဖြည့်စွက်တွေးချင်တာက ‘ရိုမီယို ဒလဲရ်’ ရဲ့ မိန့်ခွန်း၊ အင်တာဗျူးတွေမှာ ပါတတ်တဲ့ “လူတိုင်းက လူတွေလား ဒါမှမဟုတ် တချို့လူတွေကပဲ တခြားလူတွေထက် လူပိုဖြစ်နေတယ်လို့ ပြောရမှာလား” ဆိုတဲ့ ဂျီနိုဆိုဒ်ကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသူရဲ့ ရင်ထဲက ပွင့်အံကျလာတဲ့ မချိတင်ကဲ စကားတွေကိုပါ။
‘ရိုမီယိုဒလဲရ်’ကိုယ်တိုင် ရပ်ကြည့်သူသာသာ ဖြစ်ခဲ့ရတဲ့ အိပ်မက်ဆိုးများထဲက ရုန်းထွက်ဖို့ မလွယ်ခဲ့ပါဘူး။ ‘ကနေ ဒါ’စစ်တပ်က အတွေ့အကြုံများပြားလှတဲ့ ဒုဗိုလ်ချုပ်ကြီးတဦး ဖြစ်သူဟာ ‘ရဝမ်ဒါ’က ပြန်ရောက်လာပြီး ၄ ကြိမ်တိုင်တိုင် သေကြောင်းကြံစည်ခဲ့တဲ့အထိ စိတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
‘ယူဂိုဆလားဗီးယား’ စစ်ပွဲ(ခရိုအေးရှား၊ ဘောစနီးယား)ကာလမှာ စေလွှတ်ခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ အင်အားအရေအတွက်နဲ့ သူ့တပ်ဖွဲ့ကို နှိုင်းယှဉ်ပြောခဲ့ပါတယ်။ ‘အာဖရိက’ဟာ အမေ့လျော့ခံများလေလား။ သူ ကြည့်စေချင်တဲ့ ရှုထောင့်က လူသားဆန်မှု (Humanity) ဘက်ကဖြစ်လို့ ဒါကိုဆက်ပြီး တွေးကြည့်မိပါတယ်။
‘ရဝမ်ဒါ’ ဂျီနိုဆိုဒ်နဲ့ ဆက်စပ်ပြီး ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများအပေါ် ထောက်ပြဝေဖန်စရာတွေ ရှိတာ သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် ကမ္ဘာသူ ကမ္ဘာသား တဦး တယောက်စီတိုင်းရဲ့ လူသားဆန်မှုအပေါ် တန်ဖိုးထားတတ်မှု၊ တရားမျှတမှုအပေါ် ဖွင့်ဆိုနားလည်မှုတို့နဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်ပေါင်ကို လှန်ထောင်းကြရလိမ့်မယ် ထင်ပါတယ်။
အဲဒီကာလကို မှီခဲ့ကြပေမယ့် ‘ရဝမ်ဒါ’ ဂျီနိုဆိုဒ်ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက ဘယ်နှကြိမ်များ လှိုက်လှိုက်လှဲလှဲ ခံစားကြေကွဲပြီး ရေရွတ်ခဲ့ဖူးသလဲလို့ မေးခွန်းထုတ်ကြည့်တဲ့အခါ တုန်လှုပ်သွားမယ့်သူတွေ ဒုနဲ့ဒေး ရှိမှာ ဖြစ်သလို၊ Black Lives Matter တို့ # Me Too လှုပ်ရှားမှုတို့လို အာရုံစူးစိုက်မှု ရစေဖို့ ကမ္ဘာအနှံ့ အုံနဲ့ကျင်းနဲ့ အားထုတ်ခဲ့ကြပါသလား ဆိုတဲ့အမေးအတွက်လည်း ဆွံ့အနေကြမယ့် ကမ္ဘာသူကမ္ဘာသားတွေ အပုံအပင် ရှိကြမှာပါ။ ဒါဟာ ‘ရဝမ်ဒါ’လူမျိုး အချင်းချင်းကြား ဖြစ်နေတဲ့ပြဿနာသာပါဆိုပြီး မှတ်ချက်ပေးခဲ့ကြသူတွေရော ဘယ်လောက်များ ရှိခဲ့ကြပါသလဲ။
လက်သည်းဆိပ်ခံရတော့မှ လက်ထိပ်နာကျင်တတ်တဲ့ ယဉ်ကျေးမှု ဥခွံကျဉ်းကျဉ်းလေးထဲ ပျော်မွေ့နေသမျှ၊ လူ့အသက်တချောင်းရဲ့ တန်ဖိုးဟာ နေရာဒေသလိုက်ပြီး ပြောင်းလဲနေပါလိမ့်ဦးမယ်။ ဒီလိုဆက်ရှိနေသမျှ ကာလပတ်လုံး တနိုင်ငံ တဒေသဆီက ကြေကွဲစရာ ဖြစ်ရပ်များဟာ တခြားနေရာမှာ ကိုယ်ချင်းစာတရား အပြည့်နဲ့ ကူးစက်ရိုက်ခတ်သွားစေဖို့ လွယ်ကူစေနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းတခုလုံး တိုးတက်ပြောင်းလဲစေဖို့အတွက် ‘စမှတ်’က မိမိဆီက စတယ် ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။
‘ရဝမ်ဒါ’ ဂျီနိုဆိုဒ် အကြောင်းကနေ ဖြန့်ကြက်စဥ်းစားမိတာများ အားလုံးက စိတ်ညစ်ညူး ရှုပ်ထွေးစရာများချည်းတော့ မဟုတ်ပါဘူး။ ‘ရဝမ်ဒါ’ ဂျီနိုဆိုဒ်လို ကြေကွဲစရာ သမိုင်းဖြစ်ရပ်များရဲ့ အမွေလို့ ပြောနိုင်တဲ့ အိုင်စီစီတရားရုံး၊ R2P မူဝါဒတွေဟာ လိုအပ်ခဲ့တဲ့ ကွက်လပ်များကို ဖြည့်ဖို့ ပေါ်ပေါက်လာခဲ့ပြီး ဖြစ်ပါတယ်။ မပြီးပြည့်စုံသေးဦးတော့၊ ရှိသင့်ရှိထိုက်တဲ့ မူဘောင်လုပ်ငန်းစဥ် ရှိပြီးဖြစ်တယ်လို့ ဆိုနိုင်တဲ့ ကာလကို ရောက်နေပါပြီ။
ပြဿနာအဖြစ် ဆက်တည်ရှိနေတာကတော့ အကောင်အထည်ဖော်ဆောင်နိုင်ရေးပဲ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအတွင်း ကိုယ့်အကျိုးစီးပွား ရှေ့တန်းတင်လိုမှုနဲ့ နိုင်ငံရေးစိတ်ဆန္ဒ နည်းပါးမှုတို့က ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် အဟန့်အတားတခု ဖြစ်နေဆဲပါ။ ကုလသမဂ္ဂရဲ့ ဗျူရိုကရေစီယန္တရားကလည်း ‘ဘူးလေးရာ ဖရုံဆင့်’ နေစေသလိုပါပဲ။
ဒီလိုအချိန်အခါမှာတော့ ‘ရဝမ်ဒါ’ဂျီနိုဆိုဒ်နဲ့ ဆက်စပ်အတွေးတို့ ခေါ်ဆောင်ရာ မျောပါသွားရင်းနဲ့ ဘယ်နိုင်ငံရဲ့အရေးကိစ္စနဲ့ပဲ ပတ်သက်ပါစေ ‘သင်ခန်းစာမယူတတ်တဲ့ ကုလသမဂ္ဂ၊ နောင်တမရတတ်တဲ့ ကမ္ဘာ’ ဆိုပြီး နာကျင် နာကြည်း ကြေကွဲဟစ်အော်သံများ နောက်ထပ်မကြားရတော့ပဲ လူ့အဖွဲ့အစည်းတခုလုံးက လူသားဆန်မှုအပေါ် ပိုလို့ အလေးထားလာတဲ့နေ့ အမြန်ဆုံးရောက်ရှိနိုင်ပါစေလို့သာ ဆန္ဒပြုမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar