Breaking News

ညိုထွန်းလူ - ခြေထောက်များ

Photo- Credit
ခြေထောက်များ
ညိုထွန်းလူ
(မိုးမခ) ဧပြီ ၆၊ ၂၀၂၃

"မွေးကတည်းက သေနတ်သံတွေကြားလာရတာ၊ဘာဆန်းတာမှတ်လို့ငါ့တူရာ။ မိုးပေါ်ထောင်ပစ်သလား ထင်ရာမြင်ရာစွပ်ပစ်တာလား၊အသံကနီးသလား ဝေးသလား၊ ဟောဒီနားနှစ်ဖက်က အတွေ့အကြုံများလွန်းလို့ ချက်ချင်းကို ဒက်ခနဲသိသကွ။"
ဘဒွေးက ပြောလက်စ စကားကိုတခဏရပ်လိုက်ပြီး ဂက်စ်မီးခြစ်ကိုဖွင့်၍ သူ့ဆေးပေါ့လိပ်တိုကို မီးညှိလိုက်သည်။ ရွာမှာနေသည့်နှမဝမ်းကွဲက အကိုရေ အဖေ့ကိုခေါ်ထားလိုက်ပါဦးဟု တယ်လီဖုန်းဆက်ပြီးပြောသည်။ စစ်မီးတွေတောက်နေ၍ ရွာ၏အခြေအနေက ရှေ့ဘာဖြစ်မည်ဟုမပြောနိုင်။ အထုပ်ကိုနဘေးမှာ အဆင်သင့်ထားပြီး နေ့တထိတ်ထိတ် ညတထိတ်ထိတ်ဖြင့်နေကြရသည်။ သို့ဖြင့် ဘဒွေးလည်း လွန်ခဲ့သည့်နှစ်ရက်က ကျွန်တော့်ဆီသို့ရောက်လာခဲ့သည်။ အခုအခြေအနေအတိုင်းပြောရလျှင် စစ်ဘေးရှောင်တစ်ယောက်ပေါ့။အိမ်မှာ ကျွန်တော်တို့လင်မယားနှစ်ယောက်ပဲရှိ၍ ဘဒွေးအတွက်နေစရာအခက်အခဲမဖြစ်။
ရာသီဥတုကပူပြင်း၏။ လျှပ်စစ်မီးကမလာ။ ဧည့်ခန်းထဲမှာတော်လ်ကီပွားနေကြသည့် ကျွန်တော်တို့တူဝရီးနှစ်ယောက်၏ စကားဝိုင်းသည် သက်သောင့် သက်သာ မဖြစ်။ ထို့ပြင်ဘဒွေးပြောသည့်ရွာအကြောင်းတွေကလည်း နားအေးစိတ်အေးစရာတစ်ခုမျှမတွေ့ရ။ ကြာတော့ ကျွန်တော်လည်းနားထောင်ရင်း စိတ်မောလူမောဖြစ်လာခဲ့၏။ 
သို့ရာတွင် ဘဒွေးကတော့ ပူပြင်းသောရာသီဥတုကိုလည်းမမှု၊သူ့အဖို့ ရွာမှမန္တလေးသို့ရောက်လာခြင်းသည် မီးပြင်းမြှိုက်ထားသည့်ဒယ်အိုးပေါ်မှ ပြာပူထဲသို့ခုန်ချရသလောက်ပဲထင်မှတ်နေဟန်ရှိသည်။ ရာဇအိ‌န္ဒြေတည်ငြိမ်တော်မူလှ၏။ တကယ့်ကိုအေးအေးဆေးဆေး။
"ငါငယ်ငယ်တုန်းက နေ့အစိုးရ ညသူပုန်အုပ်ချုပ်တဲ့ခေတ်။ ပစ်ကြခတ်ကြတော့ အမေက လက်တစ်ဖက်ကအထုပ်ဆွဲပြီးငါ့ကိုရင်ခွင်ပိုက်ပြေးရတာတဲ့။ သေနတ်ရှိတဲ့သူကလည်း ပစ်တာခတ်တာတောင် ရိုရိုးမဟုတ်
ဘူးငါ့တူရေ။ ဟေ့လိုင်ဖယ်ကွ ဘာမှတ်နေလဲ။မင်းတို့မိန်းမတွေမုဆိုးမ မဖြစ်ချင်ရင် တိုင်ကွယ်ထားကြဆိုပြီး ဟိန်းလားဟောက်လားလုပ်သေးတာဟ။"
သည်အကြောင်း မကြာခဏကြားဖူးသော်လည်း နားထောင်မိတိုင်းပြုံးရသည်။ ဒါကတနည်းအားဖြင့်တွေးကြည့်လိုက်ပြန်တော့ အဲသလို ကြိမ်း မောင်းလိုက်ခြင်းကလည်းသေနတ်တွေကိုရောင်းအားကောင်းအောင် 
ပရိုမိုးရှင်းလုပ်ပေးလိုက်သလိုဖြစ်နေသည်ပဲ။ ထို့ကြောင့် ရိုင်ဖယ်သေနတ်ထုတ်လုပ်သည့်ကုမ္ပဏီအနေဖြင့် အလကားနေရင်း ကြော်ငြာပေးနေသည့် အတွက် သေနတ်ကိုင်ဆောင်ထားသူများဆီသို့ဂုဏ်ပြုလက်ဆောင် ခြင်းတောင်းကလေးပေးလိုက်ဖို့ကောင်း၏။
"ခေတ်ပြောင်းသွားပြီဘဒွေးရ၊ ရိုင်ဖယ်ခေတ်မဟုတ်တော့ဘူး။ အစွမ်းထက်တဲ့လက်နက်တွေကလည်းပေါတယ်ဗျ"ဟုကျွန်တော်ကပြောလိုက်သော်လည်း သူ့မျက်နှာပေါ်တွင်ထူးခြားမှုတစ်စုံတစ်ရာမျှမတွေ့ရ။
"လိုင်ဖယ်ပဲဖြစ်ဖြစ် တစ်ခြားသေနတ်တွေပဲဖြစ်ဖြစ် ထွက်လာတဲ့ကျည်ဆံက သဘောမကောင်းဘူး။ ပစ်လို့မှန်ရင်သေတာပဲလကွာ။ ဒါပေသိ ပစ်တိုင်းလည်းမှန်ချင်မှမှန်တယ်။ အဲတော့ အသေချာဆုံးကတော့ သေနတ်သံကြားပဟေ့ဆိုတာနဲ့ အန္တရာယ်ကင်း ဘေးရှင်းအောင်ရောက်ရာပေါက် ရာပြေးရ‌ရော"
သည့်နောက်‌ ရှေ့ဆက်မ‌ပြောသေးဘဲ ဆေးပေါ့လိပ်ကိုဖွာနေပြန်၏။ ဘဒွေးကိုကြည့်ရတာ သို့ကလိုဒုက္ခသုက္ခတွေကြုံနေရသော်လည်းမတုန် လှုပ်။ ကြုံတွေ့ဖြစ်ပျက်သမျှတွေကို ပြောနေသည့်တိုင် သူ့သဘောသူ့အမူ အရာတွေက‌ ပြောစရာရှိ၍  ပြောလိုက်သည်ဆိုတာထက်မပို။

အသက်ရှစ်ဆယ်နားကပ်နေသော်လည်း သွားနိုင်လာနိုင်‌သေးသည့်ဘဒွေးကိုကြည့်ရင်း ကျွန်တော်ဖြုံသွားသည်။ သူ့ခြေထောက်တွေကလည်း အကြောပြိုင်းပြိုင်းထပြီးတုတ်ခိုင်မာကျောနေလျက်။
"ဘဒွေးရဲ့ခြေထောက်တွေက မိုက်တယ်ဗျ။ အနင်းခံရတဲ့မြက်တွေကပိုပြီးသန်မာလာသလိုပဲ အပြေးသန်တဲ့ခြေထောက်တွေကလည်းပိုပြီးမာကျောသွားတယ်။"
နောက်သလိုပြောင်သလိုဖြင့်ပြောလိုက်သည့်ကျွန်တော့်ကိုမျက်လုံးပြူး ၍ကြည့်လိုက်သည်။
"အံမာ ငါ့တူနှယ် အခုချိန်အထိ ငါ့ခြေထောက်ကအကောင်းပကတိရှိနေလို့ ကျေးဇူးတင်နေရတယ်။ ပြေးနိုင်လွှားနိုင်သေးသ‌မောင်။ ကမ္ဘာကျော်ဘောလုံးသမားမက်ဆီဆိုရင် သူ့ခြေထောက်ကို ဒေါ်လာတွေအများ
ကြီးနဲ့ အာမခံထားတာတဲ့။ ငါလည်းငါ့ခြေထောက်ကို ဖြစ်နိုင်ရင်ရွှေချထားလိုက်ချင်သေးကွာ။ ပြီးတော့ ခြေထောက်ဆိုတာ ပြေးဖို့အတွက်တင်မဟုတ်ဘူးငါ့တူရဲ့၊ ကန်စရာရှိရင်ကန်ရဦးမှာပေါ့" ဟုဆိုလိုက်သည်။ ဘောလုံးပွဲကိုလည်းဝါသနာပါ၍ သည်လိုပြောလိုက်သည်လားမဆိုနိုင်။
ဘဒွေးသည် အင်္ဂလန်ပရီးမီးယားလိဂ်က အာဆင်နယ်ဘောလုံးအသင်းကိုအားပေးသည်။ လူငယ်တွေမို့ ငါသဘောကျတာကွဟုပြောသည်။ သူ့မှာ ဖိုးကျော်ပေးထားသည့်အာဆင်နယ်ဘောလုံးအသင်းဂျာစီတစ်ထည်ရှိသည်။ ဖိုးကျော်ဆိုတာကသူ၏သားအငယ်ဆုံးကောင်။ ရွာမှာမရှိ ဘယ်ရောက်နေမှန်းမသိ။ 
ကျွန်တော်ကလည်း သည်နှစ်တော့ အာဆင်နယ်ဘောလုံးအသင်းကိုအားပေးနေ၍ တူဝရီးနှစ်ယောက် လက် ငင်းကြုံရသည့်အရေးကိစ္စတွေကို တခဏမေ့လျော့သွားပြီး ဘောလုံးအကြောင်းပြောရင်းလေပေးဖြောင့်သွားကြသည်။
"အသက်နှစ်ဆယ်ကျော်လူငယ်ကလေးတွေဘဒွေးရ။ လူငယ်ဆိုတဲ့အတိုင်းစိတ်ဓာတ်ထက်မြက်တယ်။ လွယ်လွယ်နဲ့အရှုံးမပေးဘူး။ဘုန်းမောက်အသင်းကိုရှုံးနေရာက နောက်ကပြန်လိုက်ပြီးအနိုင်ယူသွားတာ။ မန်ယူလည်း နောက်ဆုံးအချိန်ရောက်မှ ခံလိုက်ရတယ်။ 
အဲဒါတွေကြောင့်ကျွန်တော်ကကြိုက်တာရယ်။နည်းပြအာတီတာကလည်းအသက်လေးဆယ်ကျော်ရှိသေးတာ။အခုဆိုရင် အာဆင်နယ်က စုစည်းမှုကောင်းပြီး အမြင့်ပျံနေတဲ့အဆင့်ရောက်သွားပြီ။"
ဘောလုံးအကြောင်းပြောချင်နေသည့်ကျွန်တော့်အတွက် ဘဒွေးရောက် လာ၍ ဟန်ကျသွားသည်။ ပြော၍ပင်မကုန်နိုင်။ ဘဒွေးလည်း ကျွန်တော်ပြောသမျှတွေကို ငုတ်တုတ်ထိုင်ပြီးနားထောင်နေရရှာသည်။
ညဦးပိုင်းအချိန် လျှပ်စစ်မီးလာ၍ ကောင်းလေစွ။ သို့သော်လည်း ကိုယ် တော်ချောက ဆယ့်ငါးမိနစ်ခန့်အကြာတွင် ပြန်ပျက်သွား၍ ငါ့လခွေးမဟု အသံထွက်သွား၏။ ကျွန်တော်သည် ခေတ်အမျိုးမျိုးကိုဖြတ်သန်းလာခဲ့ရ၍ လျှပ်စစ်အကြောင်းကို စောဖေကနောကျေနေလေပြီ။ 
ကျွန်တော်သည် လျှပ်စစ်စွမ်းအားဖြင့် လောကနိဗ္ဗာန်တည်ဆောက်ရမည်ဟူသောလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၏ဆိုင်းဘုတ်ကြီးကိုဖတ်၍ သကာလ အဟုတ်မှတ်သွားကာ နိဗ္ဗာန်ရောက်မည့်နေ့ရက်ကို တဖျတ် ဖျတ်ယပ်ခတ်ရင်း မျှော်နေခဲ့ဖူး၏။ ၎င်းနောက် မြေအောက်ကြိုးတွေပေါက်သွားလို့တဲ့ဆိုသည့်သတင်းနှင့်အတူ မှောင်အတိကျသွားခဲ့ရသည့် ညပေါင်းများစွာနှင့်ခေတ်ကိုလည်း ဖြတ်သန်းခဲ့ရ၏။ ထို့ပြင်တစ်ဝ စစ်စတမ်ဘရိတ်ဒေါင်းဖြစ်သွားတာဆိုသောအင်္ဂလိပ်စကားကိုနားထောင်ရင်း ဘာမှန်းညာမှန်းမသိဖြစ်ခဲ့ရပြန်၏။ 
ယင်းသမို့ကြောင့် လေခပ်ပြင်းပြင်းတိုက်လိုက်ရုံဖြင့်  အနိစ္စသဘောကိုဆောင်သည့်လျှပ်စစ်၏အကြောင်းကိုနှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရ၍ စာဖွဲ့မပြောလိုတော့ပြီ။ လျှပ်စစ်မီးပျက်သွားသည်နှင့် ကိုယ့်ကိုယ်ကိုပဲအားကိုးပြီး ပါဝါဘိုက်မီးလုံးကလေးဖြင့် အမှောင်ခွင်း၍ အလင်းဆောင်ထားရလေတော့သည်။
နောက်တစ်နေ့မနက်ရောက်တော့ ဘဒွေးကရွာပြန်တော့မည်ဟုပြောလိုက်၍ အံ့အားသင့်သွားရသည်။ သုံးညအိပ်ပြီး မြို့၏အရသာကို တော် တော်အီစလံဝေသွားဟန်တူသည်။
"မနေချင်တော့ဘူးငါ့တူရဲ့ မင့်ဆီမှာဒီလိုနေရရင် မြန်မြန်သေလိမ့်မယ်။ ဘယ့်နှယ်ကွာ ပူကပူ အိုက်က အိုက်သနဲ့။ လေလည်းမရ အမှောင်ထဲမှာငုတ်တုတ်ထိုင်နေရတယ်။ မအိပ်ချင်လို့အပြင်ထွက်ပြီးလျှောက်သွားလို့မဖြစ်၊မနိပ်လိုက်ပုံကတော့ကွာ။ တို့မှာ ရွာမှာမနေရလည်းအိပ်စရာမြေကြီးရှိသကွ။ မှောင်မိုက်ရင်မိုးပေါ်က ကြယ်တွေကိုမော့ကြည့်လို့ရသေးတယ်။ နေ့ခင်းအချိန်နေပူလည်း ဘာအရေးလဲ။"
"လမ်းအခြေအနေက စိတ်ချရတာမှမဟုတ်ဘဲနဲ့ မပြန်ပါနဲ့လားဘဒွေးရာ။"
ကျွန်တော်ကပြောလိုက်သော်လည်း သူ၏စိတ်က မပြောင်းလဲ‌တော့၍ ကားဂိတ်ကိုသွားဖို့အတွက် လမ်းထောင့်က သုံးဘီးဆိုင်ကယ်တစ်စီးကို တယ်လီဖုန်းဆက်ပြီးလှမ်းခေါ်လိုက်ရသည်။
"စိတ်မချလည်း ဘယ်တတ်နိုင်မလဲကွ။ အန္တရာယ်ရှိမှန်းသိလည်း ဒီလိုပဲသွားရလာရတာကြာမင့်ဟာ။
လမ်းမှာရှေ့ဆက်မသွားနဲ့ဆိုလည်း ရောက်တဲ့နေရာမှာနေလိုက်ရုံပဲ။ ကိုယ့်ရွာကိုပြန်တာဘယ်နှညအိပ်ရအိပ်ရကွာ။"
ကျွန်တော်ဘယ်လိုပြောပြောမရတော့ပြီ။အာဆင်နယ်ဘောလုံးအသင်းဂျာစီကြီးဝတ်ပြီး သုံးဘီးဆိုင်ကယ်ပေါ်တက်သွားသည့်သူ့ကိုပဲအတိုင်းသားငေးကြည့်နေမိသည်။ 
ဘဒွေးရွာကိုပြန်သွားပြီ။ ရွာမှာနေလျှင် အချိန်အခါမရွေးအန္တရာယ်ကျရောက်နိုင်မှန်းသိလျက် ဘာကြောင့်ပြန် သွားရတာလဲ။ ဘောလုံးဂျာစီအင်္ကျီဝတ်ပြီးသူ့ကိုယ်သူ လူငယ်စိတ်မွေးနေသည်လား။ သို့တည်းမဟုတ် ပြေးလွှားနိုင်ပြီးကြံ့ခိုင်သန်စွမ်းသည့်သူ့ခြေထောက်ကိုပဲ ယုံကြည်စိတ်ချနေတာကြောင့်လား။ ကျွန်တော်လည်းမခန့်မှန်းတတ်။
မည်သို့ပင်ဖြစ်စေ မိုးခေါင်ရေရှားအညာရပ်ဝန်းဒေသမှာနေသည့်ဘဒွေး၏ ဘယ်အရာမျှမမှု ကြံ့ကြံ့ခံနိုင်စွမ်းရည်ရှိသော စိတ်ဓာတ်ကိုကျွန်တော်တွေ့လိုက်ရသည်။ ဤသည်ပင်အညာသူအညာသာများ၏ စိတ်ဓာတ်ဖြစ် သည်။ တွေးရင်းဖြင့် တက်ကြွသွား၏။ 
တကယ်တော့ ကျွန်တော်ကလည်း‌ပေါ့သေးသေးမဟုတ်ပေ။ ရွာမှာမွေးသည့်အညာသားတစ်ယောက်ပဲမဟုတ်ပါလား။
သည်မှာပင်ကိုယ့်ခြေထောက်ကို ကယောင်ကတန်းဖြင့်ငုံ့ကြည့်လိုက်မိသည်။ ခက်တာက ဒူးနာနေ၍ လမ်းကောင်းကောင်းမလျှောက်နှိုင်။ မြန်မြန်သွက်သွက်မသွားနိုင်၍ အရေးဟဲ့အကြောင်းဟဲ့ဆိုလျှင် ခက်ရချည့်။ သို့ရာတွင် အာဆင်နယ်အသင်းကန်သည့်ဘောလုံးပွဲကိုကြည့်လိုက်သည့်အချိန်မှာတော့ အားပေးနေရင်းဖြင့်တက်ကြွသွားပြီး ကျွန်တော့်ခြေထောက်တွေကလည်း သတိလက်လွတ်ဖြစ်ကာ လှုပ်ရမ်းသွားတတ်သည်‌။ ခြေထောက်တွေ . .ခြေထောက်တွေ။ ဟုတ်ပါသည်။ ဘဒွေးပြောသလိုပဲ ပြေးလည်းပြေး ကန်လည်းကန် ရှေ့ ဆက်ပြီးသွားစရာရှိတာလည်းသွား စသည်ဖြင့် လိုအပ်သည့်နေရာတိုင်းမှာ သူ့နေရာနှင့်သူ အသုံးချနေရမည့် ကျွန်တော်တို့ခြေထောက်တွေ။

ညိုထွန်းလူ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar