ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မိစ္ဆာဒိဋ္ဌိဖြစ်မှ စစ်သား
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မိစ္ဆာဒိဋ္ဌိဖြစ်မှ စစ်သား
ကိုယ် နှုတ် စိတ်ကြံ မမိုက်မှားနဲ့ သုစရိုက်တရားကိုကျင့်ပါလေ ဆိုတာ ဓမ္မစရိယာမင်္ဂလာ။ ဒီဓမ္မ ဆိုတာက သမ နဲ့ အတူတူ။ ကိုယ်ကျိုးနဲ့ သူ့ကျိုး မျှကြည့်ဖို့ ပြောတာ။ ဒီမင်္ဂလာဖြစ်ဖို့က ကိုယ့်အတွက်နဲ့ သူများကို မထိခိုက်ဖို့။ ကိုယ့်မိသားစုအတွက်နဲ့ သူများမိသားစု မနစ်နာဖို့။ ကိုယ့်အဖွဲ့အစည်းအတွက်နဲ့ တခြားအဖွဲ့အစည်း မပျက်စီးဖို့။ ကိုယ့်လူမျိုးအတွက်နဲ့ တခြားလူမျိုးကို မနှိမ်ချဖို့ မနှိပ်ကွပ်ဖို့ ရည်ရွယ်တာ။
အဲဒီလိုဖြစ်ဖို့ ပါးစပ်ရော လက်ရော စိတ်ရော သုစရိုက်တရားကို ကျင့်တဲ့။
ပါဏာတိပါတ = လူဖမ်းပြီး ညှင်းဆဲတာ၊ ထောင်သွင်းတာ၊ အသက်တိုအောင် လုပ်တာ၊ မကျန်းမာအောင် ထားတာ၊ ဘာဆိုဘာမှ လေ့လာသိရှိလို့မရအောင် လုပ်တာ၊ ဆေးကုသမပေးတာ၊ သတ်ဖြတ်တာ၊ အောက်စီဂျင်ဖြတ်တာ၊ ဆေးဝါးတွေ ထိန်းချုပ်တာတွေ မလုပ်နဲ့တဲ့။
အဒိန္နဒါန = ဓားပြမတိုက်နဲ့တဲ့။ အနုကြမ်းမစီးနဲ့တဲ့။ ဂိတ်ဖွင့်ပြီး ခြိမ်းခြောက်ငွေတောင်း၊ ပစ္စည်းသိမ်းမလုပ်နဲ့တဲ့။ အတင်းအကျပ် အခွန်ဆောင်ခိုင်းတာ မလုပ်နဲ့တဲ့။ တပ်ပိုင်သိမ်းတာ မလုပ်နဲ့တဲ့။ မြေသိမ်းယာသိမ်း မလုပ်နဲ့တဲ့။ မတရားလုပ်ပိုင်ခွင့်တွေ မယူနဲ့တဲ့။ လာဘ်ပေးလာဘ်ယူ မလုပ်နဲ့တဲ့။ မဲမခိုးနဲ့တဲ့။ မဲမညစ်နဲ့တဲ့။ စာရင်းစစ်မခံတာမျိုး မလုပ်ရဘူးတဲ့။ တိုင်းပြည်ဘဏ္ဌာကို အရူးချီးပန်း ပရမ်းပတာ စီမံကိန်းတွေကို ငပိန်းတွေနဲ့ အကောင်အထည်ဖော်တာ မလုပ်နဲ့တဲ့။ အမြော်အမြင် အဆင်ခြင်မဲ့ ဉာဏ်နုံ့နဲ့တဲ့ စာချုပ်တွေ မချုပ်နဲ့တဲ့။ မဲမရဘဲ လွှတ်တော်ထဲဝင်ပြီး ကုလားထိုင်မခိုးနဲ့တဲ့။ သူများထက် လစာပိုမယူနဲ့တဲ့။ မိုးကျရွှေကိုယ် ဆိုပြီး အချောင်နေရာမယူနဲ့တဲ့။ မတတ်ဘဲ ဝင်မလုပ်နဲ့တဲ့။ ကိုယ့်လူကို ချပေးတာ မလုပ်နဲ့တဲ့။
ကာမေသု မိစ္ဆာစာရ = ကိုယ့်အသိဉာဏ်နဲ့ လက်လှမ်းမမီတဲ့ ရာထူးကို ယူထားပြီး ရာထူး မုဒိမ်းကျင့်တာ၊ ကိုယ်မကျွမ်းကျင်တဲ့ နိုင်ငံရေးကိစ္စမှာ ဝင်ဖင်ယားတာ၊ အာဏာသိမ်းပြီး အာဏာမုဒိမ်းကျင့်တာ၊ ကိုယ်နဲ့ထိုက်တန်တဲ့ လစာငွေကြေးခံစားခွင့်ထက် ပိုယူတာ၊ ကိုယ့်သားမယားတွေချည်း လုပ်ပိုင်ခွင့် ချပေးတာ၊ တပ်နဲ့မတန်ဘဲ နိုင်ငံကို အုပ်ချုပ်ရေးမုဒိမ်းကျင့်တာ၊ တိုင်းပြည်ကို လုံးဝ ကျရှုံးပျက်သုဉ်းနိုင်ငံဖြစ်အောင် လုပ်တာ၊ ရွာမီးတိုက်တာ၊ ရွာသူတွေကို လိင်ပိုင်းဆိုင်ရာ မုဒိမ်းကျင့်တာ၊ သာမန်ရွာလေးတွေအပေါ် တိုက်လေယဉ်တွေဝဲပြ မတန်တဆ ဗုံးကြီးတွေ ကြဲချ ကလေးတွေကို စက်သေနတ်ကြီးတွေနဲ့ သတ်ပြပြီး စိတ္တဇမုဒိမ်းကျင့်တာတွေ မလုပ်နဲ့တဲ့။ ဒါက ကာယဒုစရိုက်တွေ။ ရှောင်လေဝေးဝေး တပ်ပြင်ပြေး။
အလိမ်အညာသတင်းတွေတင်၊ မဟုတ်မဟတ် လုပ်ဇာတ်တွေလွှင့်၊ ပေ့အတု အကောင့်အတုတွေနဲ့ဖွ၊ ဆိုက်ဝါးထည့်၊ ဂျင်းထည့်၊ အသိအမြင်မှားအောင်လုပ်၊ အင်တာနက်ထိန်းချုပ်၊ ဒေတာစျေးမြှင့်၊ အသိအမြင်နည်းအောင်ပြု၊ ပေါက်ကရတွေပွထနေအောင် လိုင်းပေါ်တင်၊ ဒါက ဝစီဒုစရိုက်တွေ၊ ဒါတွေကို ဘယ်စစ်သားက ဘယ်လိုရှောင်မလဲ။ တတပ်လုံး ခေါင်းစခြေဆုံး မုသားဖုံးထား၊ ကျန်တာဘာအသားမှမစား မုသားပဲ စားနေရတဲ့ဘဝ၊ တပ်ဦးနှောက်မှန်သမျှ အာဟာရမပြည့် ကျပ်မပြည့်ကြတာလေ။ ဒီဝစီ ဒုစိရိုက်က ဘုရားက အလွန့်အလွန်ဂရုတစိုက် ရှောင်ခိုင်းတဲ့ဟာကြီးနော်။ ဒုက္ခချောက်ကြီးထဲက ဘယ်တော့မှ ပြန်မတက်နိုင်မယ့်ဟာကြီးမို့တဲ့။ အပြစ်အကြီးဆုံးမို့တဲ့။ ဒီလောက်ဆိုးတဲ့ အကုသိုလ်ဒုစရိုက် မဟာမကောင်းမှုကြီးကို စစ်သားဖြစ်ကတည်းက မက်မက်စက်စက် လုပ်ရတာနော်။ ရာထူးကြီးလေ ပိုလုပ်ရလေနော်။ ဘုရားက ဘဝမှာ လိမ်ပြောမှ ဖြစ်မယ့်အခြေအနေနဲ့ ကြုံကြိုက်လာပြီဆိုရင် အဲဒီဘဝ အသေသာခံတာနော်။ သူများ အသတ်သတ်တာမျိုးက မရှောင်သာရင် လုပ်လိုက်သေးတယ်။ မုသားကတော့ လုံးလုံးကို မပြောတာ။ ပြောမိရင် ဘယ်လိုမှ ဘုရားမဖြစ်နိုင်တဲ့အပြစ်မို့လို့တဲ့။ လုံးဝကို မကျူးလွန်တာ။ စဉ်းစားကြည့်လေ၊ မုသားဆိုတာ အမှန်ရဲ့ ပြောင်းပြန်။ အဲဒီလို အလွဲကို တခြားသူတွေကို သိစေတာ။
ဘုရား = ဗုဒ္ဓဆိုတာက အမှန်ကိုသိသူ၊ အဲဒီအမှန်ကို သူတပါးထံဖြန့်ဝေသူ၊ အမှန်အတိုင်း သိစေသူလေ။ အဲဒီတော့ မုသားသုံးရင် ဘယ်လိုလုပ် ဘုရားဖြစ်နိုင်တော့မလဲ။ အမှန်သိခွင့်ရော ဘယ်လိုလုပ်ကြုံတော့မလဲ။ ဘုရားပွင့်လို့ ဘုရားနဲ့တွေ့ရင်တောင် ဘုရားရဲ့ တရားနာ၊ မှန်ရာသိနားလည်၊ ကျွတ်တန်းဝင်မယ်ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။
အဲဒီတော့ မအလတပ်မှာ စစ်သားဆက်လုပ်နေမယ်ဆို နိဗ္ဗာန် မဂ်ဖိုလ်နဲ့ ဘဝဆက်တိုင်း ဝေးပြီဟူ၍သာ မှတ်ပေတော့။
စစ်သားဘဝမှာ စိတ်အကြံလဲ သိပ်ဟန်ဖို့မစဉ်းစားနဲ့။ အဘိဇ္ဈာ ဆိုတဲ့ သူတပါးပစ္စည်းမတရားရယူလိုစိတ်လဲ ငယ်ထိပ်တက်မယ်။ ဗျာပါဒ ဆိုတဲ့ သူတပါးကို ဒုက္ခပေးဖို့ သတ်ဖြတ်ဖို့ကလဲ အမြဲကြံဆနေရမယ်။ ဘယ်နေ့ ဘယ်ရွာကို မီးတိုက်မယ်။ ဘယ်သူ့ပစ္စည်းကို ဘယ့်နှယ် အပိုင်စီးမယ်။ ဘယ်သူ့ကို ဖမ်းမယ် သတ်မယ်။ အဲလိုတွေလုပ်တာဟာ ရပ်ရွာပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်တာ၊ ရပ်ရွာပြည်သူကို ကာကွယ်တာ၊ အဲဒီလိုတွေ လုပ်ပြီးသေရင် ငရဲမလား၊ နတ်ရွာနိဗ္ဗာန်တောင် လားအုံးမယ်ဆိုတဲ့ မိစ္ဆာဒိဋ္ဌိကြီးကလဲ အမြဲဖြစ်နေရမယ်။
အင်း... မအလစစ်သားဘဝဟာ သံသရာဒုက္ခ တွင်းဆုံးကျရမယ့် ကျိန်စာသင့် မိစ္ဆာဘဝကြီးပါကလား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar