Breaking News

လင်းလက်နွေဦး - မေ့ဆေးအပေးခံရတဲ့ လူတွေ

လင်းလက်နွေဦး - မေ့ဆေးအပေးခံရတဲ့ လူတွေ

 မိုးမခ ၊ နိုဝင်ဘာ ၂၆ ၊ ၂၀၂၆


“အတိတ်မေ့သလိုလို ရွှေပျောက်သလိုလို မလုပ်နဲ့” ဆိုတဲ့ လက်သုံးစကားကို ပြောခဲ့ကြတယ်။ အခုတော့ တကယ်ပဲ အတိတ်လည်းမေ့၊ ရွှေလည်း ပျောက် ဖြစ်ကုန်ပြီ။ လက်တလော ပြောနေကြတယ် မဟုတ်လား၊ “ခုတလော မေ့တတ်နေတယ်”၊ “တအားမေ့တတ်တာပဲ”၊ “မေ့သွားလို့နော်”။ မေ့တယ်ဆိုတာ လူတိုင်းလိုလို ကူးစက်ပြန့်ပွားနေတဲ့ ရောဂါတမျိုး ဖြစ်နေတယ်။ 

ခုပြော၊ ခနမေ့။ ကျနော်က ဈေးသည်ဆိုတော့ ပိုဆိုး၊ အခု တွက်ပေးလိုက်တဲ့ ဈေးဖိုး၊ ပြောပြီး မေ့သွားလို့ ဈေးဝယ်ကို ပြန်မေးယူရတယ်။ ဂဏန်းပေါင်းစက်မှာ မှတ်တာ၊ စာရွက်လွတ်တစ်ရွက်မှာ ကောက်ခြစ်လိုက်တာ၊ လက်မှာ ရေးမှတ်လိုက်တာမျိုး လုပ်ထားရတယ်။ ကျနော် တစ်ယောက်ထဲ ရောင်းနေရချိန်၊ ဈေးဝယ် ၄-၅ ဦး ဝိုင်းဝယ်လာရင် စိတ်တိုစိတ်ဆတ်တာမျိုး ခဏ ခဏ ကြုံရတယ်။ ခေါင်းတွေ ရှုပ်ထွေး၊ စိတ်မရှည်၊ ပိုက်ဆံနဲ့ လာဝယ်တဲ့ ဈေးဝယ်တွေအပေါ် မလိုလားအပ်တဲ့ အပြုအမူတွေနဲ့ ဆက်ဆံမိတတ်ပါတယ်။

ကိုယ်တစ်ယောက်ထဲလားဆိုတော့၊ မဟုတ်၊ ဆိုင် လာသမျှ ဈေးဝယ်တော်တော်များများ၊ တွေ့သမျှ မိတ်ဆွေ တော်တော်များများ၊ သူငယ်ချင်းအပေါင်းအသင်းတွေလည်း မေ့တတ်နေကြပြီ။ ဆရာတော်တစ်ပါး၊ ပိဋကတ်နှစ်ပုံခွဲဆောင် ဆရာတော်ကြီးက ညည်းရှာတယ်၊ “အေး၊ ခုတလော မေ့ မေ့နေတယ်”တဲ့။ တနယ်လုံး ဉာဏ်အကောင်းဆုံး၊ မှတ်ဉာဏ် အကောင်းဆုံးက မေ့တတ်နေတယ်ဆိုတော့၊ ငပါမွှားတွေ အားပါးတရ မေ့လိုက်ကြတော့လို့ ဆိုရမလားပင်။ အင်တာဗျူးများ လုပ်လိုက်ရင် ကျနော့်ပတ်ဝန်းကျင်က လူပေါင်း ၉၀ % လောက် သတိမေ့စွဲနေပြီ ထင်တယ်။ ကျန် ၁၀ % ကရော၊ လုံးလုံး သတိမရသူတွေပေါ့။

မေ့တတ်တာ ကောင်းတယ်လို့ ပြောဖူးတဲ့ တေးရေးဆရာကြီး တစ်ယောက်ကို သတိရမိသွားတယ်။ “ ဒုက္ခ ချစ်ခြင်း ဘဝကို ပစ်ခွင်း၊ ဒဏ်ရာရခြင်း ကင်းသွားအောင်၊ မေ့သင့်တာတချို့ မေ့နိုင်ဖို့အရေး လိုမယ် ထင်တယ်လေ” တဲ့။ သရုပ်ခွဲကြည့်မယ်ဆိုရင် ဒုက္ခနဲ့ အချစ်ကို ထပ်တူပြုထားပြီးတော့ ဘဝဒဏ်ရာကို ဖြစ်စေတတ်တဲ့သဘော၊ အချစ်ဒုက္ခဟာ ဘဝမှာ ဒဏ်ရာ၊ အပြစ်အနာအဆာတွေသာ ပေးတယ်တဲ့လား။ အဲဒီဘဝဒုက္ခကနေ ဝေးအောင်၊ ကင်းအောင် မေ့ပစ်လိုက်ဖို့ လိုသတတ်။ “Forget” ပေါ့၊ မဟုတ်ဘူးလား။

မေ့တတ်တာ ကောင်းသလား၊ မေ့တတ်တာ မကောင်းဘူးလား.... အယောက် ၁၀၀ ရဲ့ အဖြေ...က။

ဘာလို့များ မေ့တတ်သွားတာလဲ။

ကျနော့်စိတ်အထင် ကျနော့်မှာ ငယ်ကတည်းက စိတ်ရောဂါတစ်ခု စွဲကပ်ခံစားနေရတယ်လို့ ထင်ပါတယ်။ အဖေ ပြောတဲ့စကားအရဆိုရင် ကျနော့်မှာ ဘာစိတ်ကျန်းမာရေးချို့တဲ့မှုမှ မရှိဘူးပေါ့။ အဖေက “ငါ ရူးများနေသလား”လို့ သံသယဝင်နေတဲ့သူဟာ မရူးသေးဘူးတဲ့၊ အရူး (တောင်းပန်ပါတယ်၊ စိတ်ကျန်းမာရေး ချို့တဲ့သူ)ဟာ ဘယ်တော့မှ ကိုယ့်ကိုကိုယ် ရူးတယ် မထင်ဘူးတဲ့လေ။ သူတို့ကိုသူတို့ ဘုရင်ကြီး တစ်ပါးလို၊ သူဋ္ဌေးကြီး တစ်ယောက်လို၊ ကယ်တင်ရှင်ကြီး တစ်ယောက်လို ထင်နေတတ်ကြတယ်။ အပူအပင် ကင်းမဲ့လွန်း တယ်။ ပြောချင်ရာ ပြော၊ လုပ်ချင်တာ လုပ်၊ သွားရင်ရာ သွား... မဟုတ်လား။ တခါတလေ ၄ အလီ မရတာမျိုး၊ လွယ်ကူတဲ့အရာတွေ မရတာမျိုး၊ အစာစား အဝတ်လဲ ရေချိုး စတဲ့ လူသားတစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကိုကျတော့ မလုပ်နိုင်တာမျိုးတော့ ရှိတာပေါ့။

ဒီလိုမျိုး လက္ခဏာတွေ၊ အကြမ်းစားကြီးတွေ မရှိပေမယ့်၊ ကျနော့်မှာ စိတ်ကျန်းမာရေးချို့တဲ့မှု ရှိနေတယ် ထင်ပါရဲ့။ ကျနော် ပထမနှစ်ကျောင်းပိတ်ရက်တွေက စပြီး၊ ကျောင်းပိတ်ရက်တိုင်း တိုက်နယ်ဆေးရုံတစ်ခုမှာ လုပ်အားပေးပညာသင် သွားခဲ့ပါတယ်။ အဲတော့၊ ခွဲစိတ်ခန်းဝင်ကူ၊ လူနာတွေ ဝင်ပြုစု၊ အနံ့တွေက မခံသာဘူး။ ခွဲခန်းဆိုတာမျိုးက အရက်ပြန်နံ့၊ တင်ချာနံ့၊ သွေးညှီနံ့တွေနဲ့ ရောပြွန်းနေတာကိုး။ လူနာတွေဆိုတာက မျိုးစုံ၊ အနံ့ပေါင်းစုံ။ ကျနော် စဝင်ဝင်ခြင်း မခံနိုင်ဘူး၊ မူးသလိုလို ပျို့သလိုလို။ နောက်တော့ ယဉ်ပါးသွားတယ် ထင်တယ်၊ ခံနိုင်သွားတယ်။ တကယ်တော့ ခံနိုင်ရည်ရှိသွားတာ မဟုတ်လောက်ဘူး၊ အနံ့မရတော့တာ။ “ဆရာလေးက မရွံတတ်ဘူး၊ စိတ်ရှည်တယ်၊ သေချာဂရုစိုက်တယ်”လို့ ချီးကျူးခံရတယ်။ တကယ်တော့ ဘာအနံ့မှ မရတော့တာ။ Sprit နံ့၊ ‌ဖော်မလင်နံ့၊ သွေးနံ့၊ ပြည်နံ့၊ အညစ်အကြေးအနံ့တွေ... ဘာမှ မရတော့ဘူး။

နှာခေါင်းထဲမှာ အသားပိုတွေ ဘာတွေများ ရှိနေလို့လား သံသယနဲ့ ENT နား၊ နှာခေါင်း၊ လည်ချောင်း ပြကြည့်တယ်၊ ပုံမှန်ပါပဲတဲ့။ ဒါဆို ဘာလို့ အနံ့မရတော့တာလဲ၊ ရေမွှေးနံ့၊ သနပ်ခါးနံ့၊ အမွှေးနံ့သာတွေတော့ ရတယ်၊ အနံ့ဆိုးတွေ မရတော့တာ မကောင်းဘူးလား။ မကောင်းဘူးလား။ တကယ်တော့ မကောင်းပါဘူး။ ကောင်းတဲ့ အနံ့ မကောင်းတဲ့အနံ့ ခွဲခြားသိနိုင်မှ၊ ပုံမှန်မဟုတ်တဲ့ အနံ့မျိုး သိရှိထောက်လှမ်းနိုင်မှ နှာခေါင်းတာဝန် ကျေတာ မဟုတ်ဘူးလား။ ဒါမှ ကြိုတင်ကာကွယ်တာ၊ လိုအပ်သလို ကုသတာမျိုးတွေ လုပ်နိုင်မှာပေါ့။ စားစရာတခုခုက အပုပ်နံ့ ထွက်နေပြီ၊ မှိုနံ့ထွက်နေပြီ... ဒါကို မစားနဲ့၊ အဲလို သိမှာပေါ့။ ဒါပေမယ့် ကျနော်မှာ ကျနော်မခံနိုင်တဲ့ အနံ့တွေကို မရအောင် ဘယ်သူက လုပ်ပေးလိုက်တာလဲ။ စိတ်ကပဲ လှည့်စားပေးလိုက်တာ ထင်ပါရဲ့။

အခုလည်း ကျနော်တို့ ခေတ်ဆိုး၊ စနစ်ဆိုးကြီးကို ကျော်ဖြတ်နေရတယ်။ ပျော်စရာဆိုတာ တမှုန်စီ၊ တစစီ၊ တဖဲ့စီ နည်းနည်းချင်းလိုက်စုနေရတယ်။ အစကတည်းက ပေါတောတော လူမျိုးတွေမို့လို့၊ မဟုတ်ရင် အကုန် ရူးသွားနိုင်တယ်။ ပူပင်သောကတွေက ဒုနဲ့ဒယ်နဲ့။ လူတိုင်း လူတိုင်း ကျောသားရင်သားမခွဲခြားဘဲ ဒုက္ခပေးနိုင်တဲ့ လူတွေ အုပ်စိုးနေတဲ့အချိန်။ မရှိ ဒုက္ခ၊ ရှိ ဒုက္ခ။ မရှိတဲ့သူကလည်း စားဖို့၊ ဝတ်ဖို့၊ နေဖို့၊ ဆေးကုဖို့ ဒုက္ခရောက်။ ရွာဘက် စစ်ကြောင်းထိုးလာတယ်၊ အိမ်ပြန် ဆန်လေး ဆီလေး ပြေးယူတဲ့သူ ပစ်သတ်ခံရသတဲ့။ မရှိဒုက္ခများ။ ကာမီကာဇေဒရုန်းနဲ့ လာပစ်သွားလို့ ပေါင်ဖြတ်ရမယ့်သူ၊ ဆေးရုံစရိတ်မရှိလို့တဲ့။ ရှိတဲ့သူတွေမှာလည်း ဒုက္ခ၊ ရှိသမျှ ဆန်စက်၊ ဆီစက်၊ ရေတင်စက်၊ ဆန်၊ ဆီတွေကို အိမ်မှာရှိတဲ့ ကုန်ကားကြီးပေါ် အကုန်တင်၊ ဆိုင်ကယ်တွေပါ တင်သယ်သွားခံရတယ်။ နွားစာတိုက်ထဲ ဖွက်ထားခဲ့တဲ့ ပိုက်ဆံထုပ်တွေကို ဘယ်လိုများ တွေ့သွားသလဲဗျာ တဲ့လေ။

မြို့ကလူတွေမှာရော၊ စစ်မှုထမ်းကြေးတဲ့၊ ပေါ်တာကြေး၊ လစဉ်ကြေးတဲ့၊ ကင်းကြေးတဲ့... လစဉ်ထည့်ဝင် ရတဲ့ပိုက်ဆံတွေက မနည်းမနော။ ဒါတွေထည့်ထားလို့ အိပ်ကောင်းခြင်း အိပ်ရလား၊ မအိပ်ရ... ညဘက် အိမ်ထဲထိ ဝင် ပေါ်တာဆွဲခံရတယ်။ စားကောင်းခြင်း စားရလား၊ မစားရ... ဆီတိုးရ၊ မဲသွားနှိုက်ရ။ သွားကောင်းခြင်း သွားလို့ လာလို့ရလား၊ မရ... နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ၊ အလုအနှိုက်ခံရ၊ သတ်ဖြတ်ခံရ။ ဘယ်သူက ဘယ်အဖွဲ့ က ဘာလို့ သတ်သွားလဲ၊ မသိ။ တခါတလေများ ဘယ်သူ့ကို သတ်သွားမှန်းတောင် မသိ။ ဟိုက ဒီက စစ်ဘေးရှောင် တွေ၊ ရွေ့ပြောင်းအလုပ်သမားတွေ၊ အနိုင်ကျင့်ခံရ အစော်ကားခံရ အသတ်ခံရ။ ပြည်ပရောက် ဒုက္ခသည်တွေ၊ ရွေ့ပြောင်းအခြေချသူတွေ၊ ရွေ့ပြောင်းအလုပ်သမားတွေအထိ ရိုက်ခတ်မှုရှိတဲ့ နိုင်ငံရေးအခြေအနေ။

ဒီလိုအခြေအနေတွေကို လူတွေက မေ့ပစ်လိုက်ချင်တယ်၊ မေ့ထားချင်တယ်။ ဒါကြောင့် ထင်ပါရဲ့၊  ဒီနှစ်ပိုင်းတွေမှာ လူတွေ မေ့တတ်လာတယ်။ “မေ့သွားလို့”။ “မေ့သွားပြီ”။ 

မေ့လျော့ခြင်းနဲ့အတူ အပူထုပ်တွေကြောင့် လူရုပ်ပင် မပီပြင်တော့လို့ ပြောရမယ် ထင်ပါတယ်။ 

“ဟဲ့ နင် အတော်အိုစာသွားတယ်နော်”တဲ့ ကြည့်လိုက် တော့ ဘယ်က အဖွားကြီးမှန်း မသိ။ ဘယ်သူပါလိမ့်၊ ငယ်ရုပ်ကို ဖမ်းမရတော့ဘူး။ 

“ငါက ဆေးငါးမျိုး သောက်ရတယ်၊ နင်ကရော...”၊ “ငါက ၇ မျိုး ၈ မျိုးတောင်ဟဲ့” တဲ့။ 

မေ့တတ်လိုက်တာလည်း လွန်ရော၊ အိုစာလာလိုက်တာလည်း သူများနိုင်ငံတွေမှာ ဘဝစတဲ့အရွယ်... ဒီမှာ ဘိုးဘွားရိပ်သာ သွားရတော့မယ်။ ဆေးသောက်ရသူတိုင်း ရောဂါသည်ဆိုရင် လူနာတိုင်းပြည်ကြီး ဖြစ်နေပါပြီ။

ဖွတ်မေ့ ပဒက်မေ့နဲ့၊ ကြာရင် ကြံ့ခိုင်ရေးရော ပီဒီအက်ပါ အမေ့ခံရတော့မယ် ထင်ပါရဲ့။

 
လင်းလက်နွေဦး

တန်ဆောင်တိုင် အမှတ်တရ။
 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar