Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အော်စီမှာ အပျော်ပလီပလာရှာဖို့ ...


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အော်စီမှာ အပျော်ပလီပလာရှာဖို့ ...

(မိုးမခ) ဧပြီ ၂၄ ၊ ၂၀၂၃


ဆွေမျိုးတွေကို ပြင်ပ မထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြောက်လေမင်္ဂလာ။ 

သင်္ဂဟတရားလေးပါးထဲမှာ ဒုတိယဟာက ချစ်ဖွယ်စကားပြောခြင်း။ ချစ်ဖွယ်စကား ဆိုတာက တရားစကားကို ပြောတာ။ ဓမ္မ အဓမ္မ ကွဲအောင်ပြောတာကို ဆိုလိုတာ။ နားထောင်ကောင်းအောင် ပြောတာ မဟုတ်ဘူး။ တပ်ထဲမှာ ဘယ်လိုလုပ် ဓမ္မ အဓမ္မ ခွဲမလဲ။ ရည်ရွည်ချက်ကိုက တတိုင်းပြည်လုံး အချောင်အုပ်ချင်တာဆိုတော့ အဓမ္မသာ ရှိရမပေါ့။ အဲဒီတော့ CDM စစ်သားတွေ၊ ဘက်ပြောင်းစစ်သားတွေက တပ်တွင်းကို ကိုယ့်ဆွေကိုယ့်မျိုးအချင်းချင်း ဆောင်ကြဉ်းတဲ့အနေနဲ့ ပေယျဝဇ္ဇဆိုတဲ့ ဓမ္မ အဓမ္မ ကွဲပြားအောင် ချစ်ဖွယ်စကား ပြောကြားပေးရမယ်။

ပထမဟာက ဒါန - ထောက်ပံ့ပေးကမ်းလှူဒါန်းခြင်း။ အဲဒါကလဲ ဒုတိယဖြစ်တဲ့ ဓမ္မ အဓမ္မ ကွဲအောင် ဆွေးနွေးပေးတာနဲ့ ဆွေးနွေးဟောပြောပေးတဲ့သူကို ဟောပြောဆွေးနွေးနိုင်အောင်ကူတာ။ CDM တွေကို ထောက်ပံ့တာပေါ့။ တခြားဟာ ကူပံ့တာ ထင်မနေနဲ့။ 

တတိယသင်္ဂဟတရားက အတ္ထစရိယ - အကြံကောင်းဉာဏ်ကောင်းပေးတာ။ နေဝင်း၊ သန်းရွှေ၊ မအလနဲ့ ဗိုလ်စုတ်တွေရဲ့ သားစဉ်မြေးဆက် ထင်သလိုဗုံး သုံးဖြုန်း ရီးနဲ့စပဝုန်းချင်တိုင်းဝုန်းရေး ကိုယ့်မိသားစု အသက်အချောင်ပေးရတာကို တိုင်းပြည်ကာကွယ်ရေးလုပ်နေတယ် ဆိုတဲ့ဂျင်း၊ ဗိုလ်ကောင်းစားဖို့ စစ်သား ခြေပြတ် လက်ပြတ် ဒုက္ခိတတွေ တောင်းစားရေးကို စွန့်လွှတ်စွန့်စား ပြည်စစ်သား ဘာညာ ဂျင်းမမိအောင်၊ လူသတ် ဓားပြတိုက် မုဒိမ်းကျင့်တာတွေ ရပ်တန့်ပြီး ကိုယ်ကျင့်တရား ကြီးမားအောင် ကူညီတာ။ 

နောက်ဆုံးဟာက သမာနတ္တတာ - တန်းတူညီမျှဆက်ဆံတာ။ အဲဒါက ကိုယ်ရတဲ့ အသိ၊ ကိုယ်ရောက်တဲ့အဆင့်မျိုး ထပ်တူရစေချင်တာ၊ ရအောင်ကူညီပေးတာကို ပြောတာ။ အဲတော့ CDM လုပ်တဲ့စစ်သားတွေ၊ ပြည်သူ့ရင်ခွင် ခိုဝင်လာတဲ့စစ်သားတွေက ကိုယ့်လိုလွတ်လပ်ပေါ့ပါး ဝံ့စားဘဝ ဘဝတူစစ်သားတွေရဖို့၊ အော်ဇီမှာ စော်ကြည်ဖို့ သင်္ဂဟတရားနဲ့ ချီးမြောက်စို့။

သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေတဲ့။ ဒါက အနဝဇ္ဇကမ္မမင်္ဂလာ။ အဲဒါကတော့ စစ်သားတွေ မိစ္ဆာတပ်က ရုန်းထွက် ပြည်သူ့ဘက်ရောက်လာပြီးရင် ဖြည့်ရမယ့်မင်္ဂလာ။ ပြည်သူနဲ့ ရင်ကြားစေ့ရေးမင်္ဂလာပေါ့။ အင်္ဂုလိမာလကြီးဟာ သူ့ရဲ့ နယ်တကာလှည့် လူသတ်တဲ့ စစ်သားအလုပ်ကို မှားမှန်းသိပြီး လက်နက်ချကာ ဗုဒ္ဓနဲ့ပြည်သူ့ရင်ခွင် ခိုဝင်လာပြီးနောက် ပရိတ်ရွတ်ပြီးလူ့အသက်ကယ်တဲ့လုပ်ငန်း လုပ်သလို ပြည်သူ့တော်လှန်ရေး အောင်မြင်ရာအောင်မြင်ကြောင်း လုပ်ငန်းအပေါင်းကို လုပ်ဆောင်ရာသတည်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar