The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံ၊ ထီးချိုင့်မြို့နယ် နဲ့ ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၂၄ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၃
The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံ၊ ထီးချိုင့်မြို့နယ် နဲ့ ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ
ကမ္ဘာ့နိုင်ငံတချို့က ခေါင်းဆောင်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း မြန်မာနိုင်ငံ နေပြည်တော်ကို တညအိပ် ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် စကစ တွဲဘက် အတွင်းရေးမှူး၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
၂၀၀၇ ခုနှစ်မှာ နယ်လ်ဆင်မင်ဒဲလား တည်ထောင်ခဲ့တဲ့ The Eldersအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်ဟောင်း၊ ကုလသမဂ္ဂက အတွင်းရေးမှူးဟောင်း စတဲ့နိုင်ငံတကာ အတွေ့အကြုံများပြားတဲ့ ခေါင်းဆောင်ဟောင်းတွေ၊ သံတမန် အတွေ့အကြုံကြီးကြီးမားမားရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတနိုင်ငံကို ကိုယ်စားပြုတဲ့ အဖွဲ့မဟုတ်ပါဘူး။
ဒီအဖွဲ့က ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ကုလအတွင်းရေးမှူးချုပ်ဟောင်းလည်း ဖြစ်သူ ဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်ခြင်းဟာ မြန်မာ့နိုင်ငံရဲ့ အကျပ်အတည်း ပြဿနာကို ကြားဝင်ညှိနှိုင်းပေးဖို့ ကူညီအဖြေရှာပေးဖို့ လာရောက်တယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ဘန်ကီမွန်း ဟာ ပုဂ္ဂိုလ်ရေးအရလည်း ယခင် စစ်အစိုးရလက်ထက် နာဂစ်ဖြစ်ပွားစဥ်က ကုလအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖူးသူ လည်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲက NCA လက်မှတ်ရေးထိုးမှုမှာ သက်သေအဖြစ်လာရောက်ဖူးသူ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးနဲ့ သိပ်မစိမ်းတဲ့ ထင်ရှားတဲ့ ကမ္ဘာ့အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စတင်ကမ်းလှမ်းဖိတ်ကြားတာဖြစ်တယ်လို့လည်း အချို့သတင်းတွေမှာ ပြောဆိုနေကြတာတွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေး လက်နက်ကိုင် ပဋိပက္ခကနေ ထွက်ပေါက်ရဖို့ရာ The Elders အဖွဲ့ကို စစ်ကောင်စီအနေနဲ့ အကူအညီတောင်းတာလား ဆိုတာ သဲသဲကွဲကွဲ မသိနိုင်ပါဘူး။ စစ်ကောင်စီအနေနဲ့ စစ်ရေးပဋိပက္ခ၊ နိုင်ငံတကာမှာ သံတမန်ရေးအရ အသိအမှတ်ပြုမခံရတဲ့ အကြပ်အတည်းကနေ ထွက်ပေါက်ရဖို့ ရှာတာဖြစ်လိမ့်မယ် အတိအကျ မဟုတ်ပေမယ့် ကောက်ချက်ချနိုင်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မှာ စစ်ကောင်စီက ကျေးရွာတချို့ကို လေကြောင်းနဲ့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့်ရော၊ မြေပြင်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောမ အပါအဝင် ကျေးရွာ ၄ ရွာက နေအိမ်တွေမီးလောင်ပျက်စီးပြီး ကျေးရွာသူ ကျေးရွာသား ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေထဲမှာပါရှိပါတယ်။ အဆိုပါကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ နေအိမ်တွေ မီးရှို့ခံရတာတွေ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း လိုပဲ ဧပြီလ ၂၄ ရက်နေ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြားဒေသတခုကတော့ ချင်းပြည်နယ် ဟားခါးမြို့ နဲ့ ဖလမ်းမြို့ကြားက ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခံရတာ၊ ကလေးနဲ့ တီးတိန်ကားလမ်းပေါ်က သိုင်းငင်းအနီးတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ သတင်းတွေလည်း ဖေါ်ပြထားကြပါတယ်။ ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ယာဥ်တန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်ကလည်း ဖလမ်းနဲ့ ဟားခါးအကြားက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar