Breaking News

လင်းလက်နွေဦး - သင်္ကြန်လိုဂို

သင်္ကြန်လိုဂို
လင်းလက်နွေဦး
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၃
 

သမီးနဲ့ စကားနိုင်လုတယ်ပေါ့။ ကြော်ငြာတစ်ခုကို ကြည့်ရင်း အမှတ်တံဆိပ်တွေမှာ တွေ့ရတတ်တဲ့ တိရစ္ဆာန်ပုံတွေရဲ့အကြောင်းပါ။ နဂါးပုံ၊ ကျားပုံ၊ မိကျောင်းပုံ၊ ကျွဲပုံ၊ သိန်းငှက်ပုံ... အမျိုးမျိုးနော်။ ခွေးပုံကျ မရှိဘူး ဆိုတော့ ‘အဖေကလည်း ခွေးတံဆိပ်ခဲတံက မည်းမည်းထူထူကြီးတွေ သိပ်ရေးလို့ကောင်းတယ်’တဲ့။ အော် ဟုတ်သား... ခွေးတံဆပ်ကော်ဖီလည်း ရှိရဲ့၊ ‘မောင်တူး မင်းသိပ်တော်တယ် အဘပြန်မှ ဘောက်ဆူး ကောင်းကောင်းချရမယ်’ ဆိုတာလေ။ အဘ ပြန်ရတော့မှာပါ မောင်တူးရေ။

အမှတ်တံဆိပ်တွေ လိုဂိုလုပ်တဲ့အခါ မျှော်လင့်ချက်ကောင်းကောင်းနဲ့ မြင့် မြတ်တဲ့ ကိုယ်စားပြုအရုပ်တွေ ရွေးချယ်လေ့ရှိတယ်နော်။ အမှတ်အသားတွေ အားလုံးနီးပါးပေါ့လေ။ သခွတ်ပန်းပွင့်ချိန် တာဝတိံသာက နတ်စစ် သည်တွေနဲ့ အသူရာနတ်စစ်သည်တွေ တိုက်ပွဲဖြစ်ခါနီး သိကြားမင်းက သူ့ကောင်တွေကို တပ်ထွက်မိန့်ခွန်း ဒီလိုပြောတယ်။ ‘ မင်းတို့ကောင်တွေ စစ်ရှုံးရင် သူ့လက်အောက်မှာ ကြောက်ကြောက် ရွံ့ရွံ့နေရမယ်... ဒီတော့ နိုင်အောင် တိုက်ရမယ်... စစ်ဆိုတာ သေခြင်းရှင်ခြင်းရှိတယ်... အသက်နဲ့ ခန္ဓာကိုယ်ရင်းပြီးတော့ လုပ်ရတဲ့အလုပ်... အသက်ရှင်ပေမယ့် စစ်ရှုံးခဲ့ရင်တော့ အဲဒီရှင်သန်ခြင်းဟာ အဓိပ္ပာယ် ရှိပါ့မလား... အေး... မင်းတို့ စစ် တိုက်ရင်း ကြောက်ရွံ့စိတ်တစုံတရာများ ဝင်လာရင်... ငါ ပြောခဲ့ဖူးတာတွေ အမှတ်ရ ကြည့်လိုက်၊ ဒီလိုမှမရရင် ငါ့အလံတော်ကို မော့ကြည့်လိုက် ... ကြောက်စိတ်တွေဟာ အဝေးကို ထွက်ပြေးသွားလိမ့်မယ်’ တဲ့။ ဗိုလ်နဂါးပြောတာနဲ့ ဗိုလ်မာဃပြောတာ ရောသွားပါတယ်။ ပြောချင်တာက တော်လှန်ရေးအလံတွေ နိုင်ငံတော်အလံတွေမှာလည်း မြင့်မြတ်ခြင်းသင်္ကေတတွေ ရှိနေပါတယ်။

ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ အမှတ်အသားတွေ၊ သင်္ကေတတွေမှာ အဓိပ္ပာယ်တွေ အများကြီးလေးနက်ကြပါတယ်။ ဒါဟာ မျှော်လင့်ခြင်း ဖြစ်တယ်၊ ဒါဟာ စိတ်ခွန်အား ဖြစ်တယ်၊ တွန်းအားလည်း ဖြစ်နိုင် တယ်ပေါ့။ ဒါမှမဟုတ် သမိုင်းခြေရာ အမှတ်တရတွေလည်း ဖြစ်နိုင်ပါသေးတယ်။ နိုင်ငံတော်တရပ်ကနေထုတ်ဝေသုံးစွဲစေတဲ့ ငွေစက္ကူတွေမှာဆို နိုင်ငံ့ခေါင်း ဆောင်ကြီးတွေရဲ့ပုံတွေ ရိုက်နှိပ်ထားကြတယ်မဟုတ်လား။ တချို့ကလည်း သမိုင်းဝင်အဆောက်အုံကြီးတွေ၊ နေရာတွေရဲ့ ပုံ။ မြန်မာနိုင်ငံမှာတော့ ပိုက်ဆံကို ဟိုကြား ဒီကြားထိုးထားတတ်တော့၊ တိရစ္ဆာန်ပုံတွေနဲ့ပဲ ထုတ်ဝေထားတာ များပါတယ်။ ဒေါင်းပုံ၊ ခြင်္သေ့ပုံ၊ ဆင်ပုံ...။ မဟုတ်ရင် ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်ချုပ်တို့အနံ့မျိုးစုံ နံနေမယ်မဟုတ်လား။ ကျနော်ငယ်ငယ်ကဆို ပိုက်ဆံကို အတွင်းခံဘောင်းဘီရဲ့အတွင်းအိပ်လေးထဲ ခေါက်ထည့်ထားတတ်ပါတယ်။ သူများ မသိအောင် လေ။ ငရဲမှ မကြီးတာ။

‘သမီး စားသောက်ကုန်တခုခု ထုတ်မယ်ဆိုရင် (မရိုသေ့စကား) အီးအီးပုံနဲ့ ထုတ်’

‘ဟင် အဖေကလဲ ’

ဟုတ်တယ်လေ၊ ကျွန်မတို့ စားသောက်ကုန်တွေ စားသောက်ပြီးတိုင်း အီးအဖြစ် ကောင်းမွန်စွာစွန့်ထုတ်နိုင်ရမည်ဆိုတာ ကောင်းမွန်တဲ့ ရည်ရွယ် ချက်ပဲမဟုတ်လား။ တချို့စားသောက်ကုန်တွေက မစင်အဖြစ်မထွက်နိုင်ဘူး၊ အရောင်တွေကျန်ရစ်ခဲ့တယ်၊ အသည်းတွေ အူမကြီးတွေမှာ ကင်ဆာဖြစ်စေတယ်။ အချို့စားသောက်ကုန်တွေမှာ အရသာအတုတွေ၊ အနံ့တုတွေထည့်ထားတယ်၊ မကူးစက်တတ်တဲ့ ရောဂါတွေ မျိုးစုံဖြစ်စေတယ်။ ကြာရှည်ခံပစ္စည်းတွေ၊ လွန်ကဲတဲ့အငန်ဓာတ်တွေ၊ မမြင်ရတဲ့ မှိုတွေ၊ မှိုမတက်အောင် ထည့်ထားတဲ့ မှိုသတ်ဆေးတွေ... ။ ရက်လွန်မုန့်တွေ ပြန်သိမ်းပြီး ဘာလုပ်ပစ်တာလဲ။ မုန့်အကောင်းဆိုတာနဲ့ ပြန်လဲပေးတာတော့ ဟုတ်ပါပြီ၊ တဆိုင်ပြီးတဆိုင် လိုက်သိမ်းလာလိုက်တာ၊ တဖာလောက် ပြန်ရလာတဲ့ ရက်လွန်မှိုတက်မုန့်တွေကိုလေ။ အခုမှ လာပို့တာပါ ဆိုတာကလည်း မလတ်ဆတ်တော့။ ဖင်အောက်မှာ ရေးထားတဲ့ သက်တမ်းရက်စွဲကလည်း အလုပ်မဖြစ်တော့။ နှာခေါင်းနဲ့ နမ်း၊ လျှာဖျားလေးပေါ် တင်ကြည့်နေရ တယ်။ ဒါပေမယ့် ‘ပဲဆီဖြစ်စေ’ဆိုတဲ့ ပညာတန်ခိုးတွေက ပြနိုင်လွန်းတယ်။ ပညာတတ် အောက်တန်းစားတွေ။

အဲတော့ လိုဂိုလေးကြည့်ပြီးတော့ ဘရန်းကောင်းတယ်၊ ကွာလတီကောင်းတယ်လို့ ပြောမရတော့ဘူး။ ‘အရသာကောင်း၊ အမြင်တင့်တယ်၊ စွဲဆောင်နိုင်’ ဆိုတာတွေက အလကား။ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကိုပဲ ကြည့်ရတော့မယ်။ ‘ငါ့သမီးကျတော့ ဖောက်ထွက်ပစ်’လို့တိုက်တွန်းလိုက်တယ်။ ပြောရင်း ဆရာအော်ပီကျယ့်ကာတွန်းလေး ပြန်ပေါ်လာတယ်။ ကာတွန်းပထမကွက်မှာ အသက်ကြီးကြီးတယောက်က လဲနေတဲ့ သစ်တုံးကြီးကိုကြည့်ပြီး ‘အနာဂတ်မှာ မျိုးဆက်သစ်တွေက ဒီတုံးကြီးကို ထောင် မတ်နိုင်ရမယ်’တဲ့။ အနားက လူက ချီးကျူးတယ် ‘ဆရာကြီးက သိပ်  အမြော်အမြင်ကြီးတာပဲ၊ အနာဂတ်ထိ ကြိုတွေးပေးတယ်’ တဲ့။ ‘မတွေးလို့ ဖြစ်မလား၊ အခု ငါထလုပ်ရင် ငါ ပင်ပန်းမှာပေါ့’ တဲ့လေ။ ခုလည်း ငါ့သမီးလက်ထက်မှာ ဖောက်ထွက်နိုင်ရမယ်ပေါ့။

ဟိုပြောဒီပြောနဲ့ သင်္ကြန်အကြောင်း ရောက်သွားတယ်။ ‘အဖေ့၊ မြန်မာ့ရိုးရာသင်္ကြန်လည်း ဆိုသေးတယ် ထိုင်းသင်္ကြန်လို ဘာတဲ့...’။ ‘ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းတာကို ပြောတာလား၊ သူများသင်္ကြန်တော့ မလည်ဘူးပါဘူး၊ ဒါပေမယ့် သမီးက ဆံပင်ကြောင်ကြောင်ကြားကြားတွေ ဆေးဆိုး၊ အရက်တွေ မူးပြဲ၊ သူများသားသမီး နှမချင်းကိုယ်ချင်းမစာ၊ မူးရူးကခုန်နေတဲ့ မြန်မာ့သင်္ကြန်ကို ကမ္ဘာ့အမွေအနှစ် သွင်းချင်တာလား။ ကမ္ဘာမှာ ဘာဖြစ်နေမှန်းမသိ၊ မြန်မာမှာ ဘာဖြစ်နေမှန်းမသိ၊ သင်္ကြန်သီချင်းတွေကို ဆောင်းဘောက်ကြီးနဲ့ အသားကုန်ဖွင့်၊ အိတ်ဇောဖြုတ်ထားနဲ့ ဆိုင်ကယ်တွေ တဗြဲဗြဲ စီး၊ ပါးစပ်က အယုတ်တိ အယုတ်တမာတွေ အော်ဆဲ... တွေ့သမျှလူတွေ အကုန်ပတ်ရမ်းနေတဲ့ သင်္ကြန်လေ။ သပြေခက်နဲ့ ငွေဖလားနဲ့ နှစ်သစ်မှစ၍ မာပါစေ သာပါစေ ဆုမွန်တောင်းပေးရင်း ရေကစားတဲ့ မြန်မာ့ရိုးရာသင်္ကြန်ဟာ ပုံဖျက်ခံလိုက်ရပါပြီ။ စနစ်တကျဖျက်ဆီးခံလိုက်ရပြီ။ စစ်အာဏာရှင်တွေဟာ မြေပေါ်မြေအောက်သယံဇာတတွေကိုသာမကဘူး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို အဆောက်အဦးတွေရော အဆောက်အအုံတွေကိုပါ ဖျက်ဆီးပစ်ခဲ့ကြတယ်။ မြင်နိုင်တဲ့ Building သာမကဘူး အတွင်းအစိတ်အပိုင်း Structure တွေကိုပါ ပျက်စီး ကုန်တယ်ပေါ့။

ဒါကြောင့် အခုမြင်နေရတဲ့ ဆံပင်နီကြောင်ကြားလေးတွေရဲ့ အပြစ်တော့ မဟုတ်ဘူး။ ဒီလိုအသိမျိုး အဆင်မျိုး ရိုက်သွင်း သွတ်သွင်းခဲ့တဲ့အုပ်ချုပ်သူလူတန်းစားတွေရဲ့အပြစ်တွေပါပဲ။ တီဗွီသတင်းထဲမှာတော့ ဂုဏ်သရေရှိလူကြီးမင်းစတိုင် တိုက်ပုံနဲ့ ယောပုဆိုးနဲ့၊ သပြေခက်လေးနဲ့ ရေပက်ပြမှာပေါ့။ ဒါပေမယ့် ကဲချင်တိုင်း ကဲ၊ ရမ်းချင်တိုင်း ရမ်းခွင့်ပေး၊ ရမ်းရမယ့် နေရာတွေရှာပေးထားတာ၊ ရမ်းနေ ကြမ်းနေတာတွေကို ထောပနာပြုထားတယ်နော်။ အဲလူတွေက လူကြီးအရမ်းလုပ်ချင်ကြတယ်၊ ဒါပေမယ့် နာယကဂုဏ်(၆)ပါး ဆိုတဲ့ ‘ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ထောက်ရှု’ဆိုတာတွေ မရှိကြဘူး။ ဆရာကြီး သမားကြီး လုပ်ချင် ကြတယ်၊ ဒါပေမယ့် ‘အတတ်လည်းသင် ပဲ့ပြင်ဆုံးမ’စတဲ့ ဆရာ့ကျင့်ဝတ်တွေ မလိုက်နာကြဘူး။ အတ္တဗဟိုပြု သမားတွေ နှစ်ပေါင်းများစွာ ကြီးစိုးနေလေတော့၊ ရိုးရာသင်္ကြန်ဟာလည်း ‘ဖိုးကြာသင်္ကြန်’ပဲ ဖြစ်လာတာပေါ့။

အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ညှင်းဆဲခံနေရချိန်၊ တနိုင်ငံလုံး အတိဒုက္ခရောက်နေချိန်မှာ ကျင်းပနေ တဲ့ ဒီနှစ်သင်္ကြန်ရဲ့ လိုဂိုက ဘာဖြစ်မယ် ထင်လဲ။ စဉ်းစားလို့ရရင် ကျနော့်ကို ပြောပြပါအုံး။ အကောင်းဆုံး လိုဂိုတခုကို Public ချပြချင်လို့။

လင်းလက်နွေဦး
၁၃.၄.၂၀၂၃
၁၃၈၄ခုနှစ်၊ မြန်မာသင်္ကြန်အကြိုနေ့ မွန်းလွဲ (၁)နာရီမတ်တင်း။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar