ပဇီကြီးကျေးရွာ သေဆုံးမှုကိန်းဂဏန်း မြင့်တက်၊ အရပ်သားတွေ အစုအဝေးလိုက် တိုက်ခိုက်မှုအတွက် နိုင်ငံတကာ ရှုတ်ချ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၃ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၃
ပဇီကြီးကျေးရွာ သေဆုံးမှု ကိန်းဂဏန်း မြင့်တက်၊ အရပ်သားတွေ အစုအဝေးလိုက် တိုက်ခိုက်မှုအတွက် နိုင်ငံတကာ ရှုတ်ချ
ပဇီကြီးကျေးရွာက NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရုံးဖွင့်ပွဲကို ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီလေယာဥ်၊ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်မှာ သေဆုံးသူအရေအတွက်က တဖြည်းဖြည်းနဲ့ မြင့်တက်လာရာမှာ ၁၆၀ ကျော်အထိ ရောက်ရှိသွားပြီဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး ၃ ရက်မြောက်နေ့မှာတော့ သေဆုံးသူတွေရဲ့ ကျွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေအားလုံး သင်္ဂြိုဟ်ပြီးစီးပြီလို့လည်း ဆိုပါတယ်။ ဒါကြောင့်အရေအတွက်အားဖြင့် ၁၆၈ ယောက်လို့ စာရင်းတင်ကြပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ် ၄၀ နီးပါး အမျိုးသမီး ၂၀ ကျော်နဲ့ ကျန်တာ အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ၄င်းတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှာ စုဆောင်းထားတဲ့ ယမ်းတွေ၊ ရုံးအနီးတဝိုက်မှာ ထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲမှုကြောင့် သေဆုံးမှု များရတာလို့ ဝါဒဖြန့် ထုတ်ပြန်တဲ့အထဲမှာ စွပ်စွဲပါတယ်။ ဘယ်လိုပင်ဖြစ်စေ အရပ်သားတွေ၊ ကလေးသူငယ်တွေ အမျိုးသမီးတွေ ရာနဲ့ချီပါဝင်တဲ့ လူစုလူဝေးကို လေကြောင်းက တိုက်ခိုက်ခြင်းက စစ်ရာဇဝတ်မှုတခုသာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အနောက်နိုင်ငံ သံရုံးအချို့ နဲ့ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ရှုတ်ချလိုက်ပါတယ်။ အိန္ဒိယနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပန်ကြားတယ်ဆိုတဲ့ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ တရုတ်နဲ့ ရုရှားကို တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ၄င်းတို့ရဲ့ အကြောင်းပြချက်တွေ အချက်အလက်တွေ ပို့ပေးပြီးဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ အစည်းအဝေး တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပြီး ရှုတ်ချတဲ့ ထုတ်ပြန်ချက်လို ထွက်ရှိဖို့ ဆွေးနွေးရာမှာ တရုတ်နိုင်ငံက စစ်ကောင်စီဘက်က ပို့လာတဲ့ အချက်အလက်ကို ရည်ညွှန်းပြီး ကန့်ကွက်ခဲ့တာကြောင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ချက် မထုတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေရဲ့ လက်ရှိဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗြိတိန် သံအမတ်က သတင်းသမားတွေနဲ့ တွေ့ဆုံရာမှာ အစည်းအဝေးနဲ့ပတ်သက်တဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ခုလတ်တလော လေကြောင်းတိုက်ခိုက်မှုတွေက စစ်ကောင်စီအဖို့ ကန့်ဘလူနယ် ဆက်စပ်နေတဲ့ တန့်ဆည် စတဲ့ဒေသတဝိုက်မှာ PDF လှုပ်ရှားမှုတွေကို အတိုင်းအတာတခုထိ အားနည်းသွားအောင် လုပ်ကောင်းလုပ်နိုင်လိုက်မှာ ဖြစ်ပေမယ့် အခုအဖြစ်အပျက်က သံတမန်ရေးရာ နယ်ပယ်မှာ ပိုကြီးမားတဲ့ ဖိအားတွေ ကျရောက်စေနိုင်တာလည်း ဖြစ်ပါတယ်။ မြေပြင်မှာ အနိုင်ယူဖို့ ခက်ခဲလာတဲ့ အနေအထားကြောင့် လေကြောင်းကနေ တိုက်ခိုက်ပြီး ဒေသခံတွေကို အကြောက်တရားရအောင် ထောက်ခံခြင်း မပြုရဲအောင် အခုလို တိုက်ခိုက်မှုတွေကို ပိုပြီးအရှိန်မြှင့် လုပ်ဆောင်လာတာလို့ ယူဆရပါတယ်။ လေကြောင်းတိုက်ခိုက်မှုက ငွေကြေးအရ ပိုကုန်ကျတာသာ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ လူအင်အားကို မထိပါးစေနိုင်တာကြောင့် နေ့စဥ်လိုလို နိုင်ငံအနှံ့အပြားက လက်နက်ကိုင်တိုက်ပွဲတွေမှာ လေကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ဖြစ်ပါတယ်။ တဖက်မှာတော့ လေကြောင်းကို အသုံးပြုတာဟာ မြေပြင်မှာ မစိုးမိုးနိုင်တဲ့ အချက်ကို ပိုပေါ်လွင်စေပြီး မြေပြင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နဂို စိုးမိုးထားတဲ့ အနေအထားကို မလျော့ပါးစေနိုင်တဲ့ အားသာချက်ရှိတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာကတော့ နိုင်ငံရေးဂယက် ကြီးကြီးမားမားရိုက်ခတ်နေဆဲ ရိုးရာသင်္ကြန်ပွဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ရိုးရာသင်္ကြန်ပွဲကို စီစဥ်လုပ်ဆောင်နိုင်ခြင်း လူထုက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြတယ် ဆိုတဲ့ အချက်ကို နိုင်ငံရေးအမြတ်ထုတ်လိုတာ ဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်က ဒီသင်္ကြန်ပွဲတော်မှာလည်း စစ်ကောင်စီကို မပူးပေါင်းမှု သပိတ်မှောက်မှုက ဘယ်လောက် အားကောင်းနေဆဲဆိုတာ ပြဖို့ အခွင့်အခါ တခုဖြစ်ပါတယ်။
ဒီအခြေခံပေါ်မှာ စစ်ကောင်စီ ကမကထ လုပ်တဲ့ မဏ္ဍပ်တွေအနီး မသွားကြဖို့ အဲဒီနေရာတဝိုက်မှာ ဖောက်ခွဲမှုတွေ လုပ်မယ့်အကြောင်း သတိပေးထုတ်ပြန်ချက်တွေ ထွက်ရှိခဲ့ပြီး ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်မြို့က သာကေတ၊ လားရှိုးမြို့ အဝင် ရန်တိုင်းအောင် ဘုရားအနီး၊ လက်ပံတန်းတို့မှာ သင်္ကြန်ပွဲတော်နဲ့ ဆက်စပ်တဲ့နေရာမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။
လားရှိုးမြို့ ဗုံးကွဲမှုက ကားနဲ့ သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး ၄ ဦး သေဆုံးတယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ ကားရပ်နားရာ နေရာအနီးမှာ ကားပေါ်မှာ ပေါက်ကွဲတာ ဖြစ်ပြီး ကားပေါ်ပါလာသူတွေအပြင် အနီးအနားက သူတွေလည်း ထိခိုက်သေဆုံးသလို ဒဏ်ရာရသူ ၁၁ ဦးအထိ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်း သာကေတမှာလည်း ယာဥ်ထိန်းရဲကင်းထဲ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု သတင်းတော့ မတွေ့ရသလို လက်ပံတန်းမြို့ က ပေါက်ကွဲမှုတွေမှာလည်း ထိခိုက်သေဆုံးတဲ့ သတင်းမတွေ့ရပါဘူး။
နောက်ထပ် ၃ရက်ကနေ ၄ ရက်တာ သင်္ကြန်ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားနိုင်ခြေလည်း ရှိနေပြီး မြို့အသီးသီးမှာ စစ်ကောင်စီက ကမကထလုပ်တဲ့ မဏ္ဍပ်တွေမှာတော့ လက်နက်ကိုင် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar