မိုးမခကဗျာများ - သံဒိုင်မင်း၊ ကျော်ဟုန်း၊ အန်နိုလာ
ပဇီ
သံဒိုင်မင်း
ပြောစရာစကားမရှိ
မရှိတဲ့စကားကို
ကျောက်တုံးပေါ်တင်ပြီးထုခွဲ
အထဲမှာ သွေးစ
အော်ညည်းသံ အံကြိတ်သံ
ကျိန်ဆဲသံ
မတရားမှုမှန်သမျှ တော်လှန်ကြ တဲ့
ကောင်းကင်က ပျံသန်းလာတဲ့မိစ္ဆာတွေအပြန်
သည်မြေပြင်မှာ ချန်ထားခဲ့ကြသော အရာများ ။ ။
ဧပြီ ၁၁၊ ၂၀၂၃
-
၁၁/ ၄ ပဇီကြီးစာချုပ်
ကျော်ဟုန်း
မြန်မာ့နွေဦး
၂၀၂၃ ဟာ
၂ ဘက်လုံး
အရှိန်မြှင့်ချိန်။
ရန်သူက
ရန်မူရာမှာ
ပြတ်သားတယ်။
သူ့ပစ်မှတ်ထဲ
အရပ်သား
ပြိုင်ဘက်သား
ဇာတ်မခြားဘူး
အကုန်ရော ရှင်း
ကန့်ဘလူ
ပဇီကြီးက
သက်သေခံပြီ။
ကိုယ့်ဘက်ကျ
ပြိုင်ဘက်သား
အပြစ်သား
ဇာတ်မခြား
မပြတ်သား။
ကိုယ့်အလှည့်ကျ
ရန်သူဟာ
ကိုဓနဲ့ ထိုက်လျက်
ဂျန်နီဗာနဲ့ စာနာပြ။
ကြိုးကွင်းစွပ်လျက်
ရာဇဝတ်မှုများဟာ
ဝိုင်တကျိုက်စုပ်လိုက်
ဒိန်ကိုက်လိုက်နဲ့
ဇက်ရဲလက်ရဲ
ခံစားခွင့်ရနေကြရင်
သွေးကြွေးမှာ
ဆွေးနွေးရန်မရှိ အဆို
ငါတို့ သဘောတူစာချုပ်မယ်။
၂၀၂၃၀၄၁၁
-
သွေးစွန်းသင်္ကြန်
အန်နိုလာ
လောက်တွေ နွှဲပျော်တဲ့
ပိတောက်ရေပွဲတော်ပါ အချစ်ရယ်။
ခေါင်းတွေ ပွင့်ခဲ့ပြီးပြီ
သွေးတွေ စီးခဲ့ပြီးပြီ
မတရားမှုဟာ
သေခြင်းကို ပွဲတော်တစ်ခုလိုတည်ပြီး
အလောင်းတွေလဲ ထပ်ခဲ့ပြီးပါပြီ။
ခေတ်ကို ချည်လို့မရပေမယ့်
စနစ်ကိုတော့ ဖြည်လို့ရပါတယ်
ပုံမှန်အနေအထား မရောက်သ၍တော့
ပုန်ကန်နေသွားဦးမှာပါ။
ပွဲတော်တွေဟာ
အမြဲပျော်နေစရာမှ မဟုတ်တာ။
April 14 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar