Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သန့်စင်တဲ့ စစ်သားဘဝ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သန့်စင်တဲ့ စစ်သားဘဝ

(မိုးမခ) မေ ၂ ၊ ၂၀၂၃


လောကီအာရုံ ဇိမ်ယစ်မူးလို့၊ ပျော်မကြူးနဲ့ ခြိုးခြံလေဆိုတာ တပအကျင့်ကို ကျင့်ခိုင်းတာ။

တပက လေးမျိုးရှိသတဲ့။ ကိုယ့်ကိုယ်ကို ပူပန်စေ ဆင်းရဲစေတတ်သူ။ သူတပါးကို ပူပန်စေ ဆင်းရဲစေတတ်သူ။ မိမိ သူတပါး နှစ်ဦးလုံးကို ညှင်းဆဲသူ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးသူပေါ့။ တပမင်္ဂလာထိုက်တဲ့ပုဂ္ဂိုလ်က ဘယ်သူ့ကိုမှ ဒုက္ခမပေးသူပေါ့။

တပ်ဆိုတာ သူများကို ဒုက္ခပေးတဲ့အကျင့် မကျင့်ရဘူးလေ။ ကိုယ့်ကျေးဇူးရှင် ပြည်သူကိုဆို သုခဖြစ်အောင် လုပ်ပေးနေရမှာ။

တိုင်းပြည်ဘေးရန်ကင်းပ ချမ်းသာရဖို့ ဂုဏ်ရှိဖို့၊ ခံညားဖို့ အားထားဖို့ အမြဲလေ့ကျင့် ပြင်ဆင်နေရမှာ။ လောကီအာရုံ အဖုံဖုံနဲ့ ဇိမ်ယစ်မူးနေရမှာမဟုတ်။ စတန်းဒတ် အာမီဖြစ်ဖို့ အမြဲအားထုတ်ကြိုးပမ်းနေရမှာ။ အမြဲဖျတ်လတ်နေရမှာ။ စစ်ရေးအတတ် မပြတ်ဆည်းပူးနေရမှာ။ အပျော်ကြူးနေလို့မရ၊ မော်ဖူးအောင် လုပ်နေရမှာ မဟုတ်။

အဲဒီကနေ တဆင့်တက်ပြီး သန့်စင်တဲ့စစ်သားဘဝကို ရဖို့ မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေဆိုတဲ့ ဗြဟ္မစရိယမင်္ဂလာကို ကျင့်သုံးရမှာ။ အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်အပေါ် အမြော်အမြင်နဲ့ မေတ္တာထားရမယ်။ တိုင်းပြည်ကောင်းကျိုးကို အမြဲလိုလားရမယ်။ တိုင်းပြည်ကို ကိုယ့်ကြောင့် မဆင်းရဲစေရ။ ပြည်သူထက် တမူး ပိုမရှူချင်ရ။ ပြည်သူ့အထက်က မဟုတ်။ စစ်သည်ကျင့်ဝတ်ကို တိတိကျကျလိုက်နာ။ နိုင်ငံတော်က ဦးဆောင်လမ်းညွှန်တဲ့နောက် လိုက်ရမှာ။ အဓိက ပြည်သူကို ကာကွယ်ရေးလမ်းမက လုံးဝ မသွေဖည်ရ။

သန့်စင်တဲ့စစ်သားဘဝကို ရဖို့မှာ အရေးအကြီးဆုံးရှောင်ရမယ့်ဟာက မုဒိမ်းကျင့်တာပဲ။ အဲဒါကို အားပေးတဲ့ မူးယစ်ဆေးဝါးကိုလည်း တပါတည်း ရှောင်းရှားတာပဲ။ အဲဒါမှ ဂုဏ်သိက္ခာပြည့် ငြိမ်သက်တည်ကြည်ပြီး စစ်စည်းကမ်းလိုက်နာသူ ဖြစ်မှာ။ မဟုတ်ရင် အသုံးချအား = ဗလ ဆိုတဲ့ ဗိုလ်ကနေ ဗလက္ကာယ = ဘီလူးဘဝကို ရောက်သွားတာ။ အဲဒါကို ခွင့်ပြုခဲ့ရင် စစ်တပ် ဆိုတာကနေ စစ်ရာဇဝတ်ဂိုဏ်းအဆင့်ကို ထိုးကျသွားတာပဲ။

သန့်စင်တဲ့ စစ်သားဘဝ ရဖို့ဆို အရိယသစ္စာနဒဿနမင်္ဂလာ ဖြစ်နေဖို့ပဲ။ လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေတဲ့။ အမှန်ကို သိခြင်းမင်္ဂလာ။ 

စစ်တပ်က ဘယ်က ပေါက်ဖွားလာတာလဲ။

စစ်တပ်ကို ဘယ်သူက ထောက်ပံ့ထားတာလဲ။

စစ်တပ်ရဲ့ အလုပ်က ဘာလဲ။

စစ်တပ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

အမှန်ကို သိအောင် ကြိုးစားပါတဲ့။

စစ်တပ်အတွက် အရိယသစ္စာ = မြတ်သောအမှန်တရားဆိုတာ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ပြ။ အဲဒါကို သေချာနားလည်သိမြင် ဦးထိပ်ပန်ဆင်တာဟာ ဒဿနပဲ။

ဒါမှ တိုင်းပြည်က ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ ဆိုတဲ့ မင်္ဂလာအတိုင်း လောကနိဗ္ဗာန်ကို ရောက်မှာပေါ့။

ခုတော့ အဲဒီမင်္ဂလာတွေ ပျောက်နေလို့ တတိုင်းပြည်လုံး ဒုက္ခလက်ဆွဲ ငရဲရောက်နေရ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar