ကျော်မင်းထွန်း(NEW YORK) - လျှောက်
လျှောက်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) မေ ၂၊ ၂၀၂၃
ငါတို့ လျှောက်ခဲ့တယ်
ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း
ဩဘာနိမိတ်မထွန်းတော့တဲ့ နေ့များမှာ
တရွေ့ရွေ့နဲ့ ကွေ့ကွေ့ကောက်ကောက်
ငါတို့လျှောက်ခဲ့ကြ..
ငါတို့ လျှောက်ခဲ့တယ်
ယမ်းငွေ့ပူပူ မီးခိုးတလူလူအောက်
သိကြားမင်းကျောက်ဖျာမတင်းတော့တဲ့အရပ်မှာ
လယ်ကွင်းနဲ့ဆူးခင်းတွေ ဖြတ်နင်းလို့
ငါတို့လျှောက်ခဲ့ကြ..
ငါတို့ လျှောက်ဆဲပါ
နိဗ္ဗာန်ရောက်ကြောင်း ခရီးလမ်းမဟုတ်လဲ
နေဒဏ် လေဒဏ် မိုးဒဏ်ခံလို့
ငါတို့လျှောက်နေဆဲ..
လျှောက်၊ လျှောက်၊ လျှောက် ဆက်လျှောက်
ကောင်းကင်ကြီး တစ်ခုအောက်
ငါတို့အသက်မပျောက်သရွေ့
အညာလမ်းက တမာတန်းမှာ
တောချုံစိမ့်စမ်း တောင်ပြာတန်းမှာ
လေယာဉ်လာလာ မလာလာ
ဗုံးလာကြဲကြဲ မကြဲကြဲ
ငါတို့လျှောက်နေဆဲ..
ငါတို့ဟာ ကောင်းကင်ကြီးပါ
ကောင်းကင်ကြီးဟာ ငါတို့ပါ
မေတ္တာမှာ အသွားအပြန်ရှိပေမယ့်
စစ်ကမ္ဘာမှာ အလျားအနံမရှိလေတော့
ငါတို့ ဆက်လျှောက်ကြ
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြေ တို့မြေ” လို့
တို့တတွေ အကြောက်တရားကင်းကင်းနဲ့
နိုင်ငံတော်သီချင်းဆိုနိုင်တဲ့နေ့အထိ…
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar