ညိုထွန်းလူ - ဒီတစ်လပါပဲ
ဒီတစ်လပါပဲ
ညိုထွန်းလူ
(မိုးမခ) မေ ၁၀၊ ၂၀၂၃
သည်လိုအချိန် ရာသီဥတုပူပြင်းသည်။ လျှပ်စစ်မီးပျက်သည်။ မထူးဆန်းသောသည်အဖြစ်မျိုးကို ရန်ကုန် မန္တလေးအပါဝင် မြို့တိုင်းနေရာတိုင်းမှာကြုံတွေ့နေရသည်။ ယခင်တုန်းကလည်း ရာသီဥတုပူပြင်းသည့်အချိန်မှာလျှပ်စစ်မီးပျက်သည်။ ယခုလည်းပျက်သည်။ ဒါကြောင့်လည်း မထူးဆန်း သောအဖြစ်ဟုဆိုရခြင်းဖြစ်ပါ သည်။ ဒါဖြင့်မိုးကျလာလျှင်တော့ လျှပ်စစ်မီးမှန်မှာလား။ မမှန်သေးပါဟု ရဲရဲကြီး ပြောလိုက်ပါမည်။ လေတိုက်လို့ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုသည့်အကြောင်း ပြချက်တွေကလည်း ရှိနေသမို့ ပြချက်တွေကလည်း ရှိနေသမို့ သေချာပေါက်သိနေခဲ့သည်။
ကျွန်တော်တို့သည် ဖြတ်သန်းခဲ့ရသည့်ခေတ်၏အကြောင်းနှင့်လားရာကို ကိုယ့်အတွေ့အကြုံတွေဖြင့်သာပိုင်း ဖြတ်ကြသည်။ ဖြတ်သန်းခဲ့ရသည့်နှစ်တွေကလည်းမနည်းသမို့ အတွေ့အကြုံတွေကလည်း များလှသည်။ ထိုအခါလျှပ်စစ်မီးမမှန်၍ လူ့သဘာဝအတိုင်း ညည်းညူကြသည်။ အချို့ကဆဲရေးကြသည်။ တချို့က အရယ်အမောဖြင့် တုံ့ပြန်သည်။
"အရင်တုန်းက လျှပ်စစ်မီးပျက်တယ်ဆိုတာ ရှစ်နာရီလာသေးတယ်။ အခုက နှစ်နာရီသုံးနာရီလောက်ပဲလာတာ။ဒါတောင် တွန့်ဆုတ်တွန့်ဆုတ်နဲ့။ ကြားထဲမှာဆယ်လေးငါးမိနစ်လောက်ပျက်ချင်ပျက်သွားသေးတယ်။ လျှပ်စစ်မီးပေးတာကလည်း မယားငယ်ပေး ပေးနေတာကျနေတာပဲ"ဟု မိတ်ဆွေတစ်ယောက်ကရယ်မောရင်းပြောလိုက်သည်။
သည်မှာပင်ရာသီဥတုပူပြင်းနေချိန် လျှပ်စစ်မီးမလာတော့ ဘယ်လိုနေလဲဟု မေးခဲ့လျှင် ယပ်ခတ်နေရတာပေါ့ဗျာဟူ၍သာပြောရတော့မည်။ ကျွန်တော် အဲယားကွန်းအခန်းထဲမှာအချိန်ကြာကြာမနေနိုင်ပါ။ ပန်ကာလေကိုလည်း မခံနိုင်ပါ။ ရေခဲသေတ္တာထဲကရေပုလင်းကိုလည်းလုံးဝမတို့ထိ။ ရေငတ်လျှင် သောက်ရေအိုးစင်ထဲကရေကို အားပါးတရဖြင့်တဂွတ်ဂွတ်သောက်ချလိုက်ရမှ အာသာပြေသွားသည်။
အစားအသောက်မှာလည်း ကျွန်တော့်ပါးစပ်က စျေးကြီးပေး၍စားရသည့်အစားအစာတွေကို အလိုကျဟန်မတူ။ ကျွန်တော်သည်ငါးသလောက်ကိုမကြိုက်။ စားရတာမွတ်တွတ်တွတ်နှင့် အနည်းငယ်ညှီစော်နံသည်ဟုထင်မိသည်။
တခါတုန်းက ရန်ကုန်ကဆွေမျိုးတွေက ကျွန်တော့်အတွက်ငါးသလောက်အုတွေ ကြော်၍ပို့ပေးလိုက်သည်။ ငါးသလောက်ဥကစျေးကြီးသည်။ ဝယ်ရတာလည်းမလွယ်ကူ။
ကျွန်တော်စားလိုက်သည်။ ကောင်းပါသည်။ အရသာရှိပါသည်။ သို့သော်လည်း နောက်တစ်ကြိမ်စားချင်လောက်အောင်အထိစွဲလန်းနေခြင်းလည်းမရှိ။
ကုန်စျေးနှုန်းတွေတက်သည်။ အစားအသောက်တွေစျေးကြီးသည်။ သို့သော်လည်း စျေးကြီးသည့်ဟင်းတွေကို ခံတွင်းမတွေ့၍ ငွေကုန်ကြေးကျသက်သာသွားသည်။ ဟန်ကျလိုက်ပါဘိ။ ပြောချင်တာက ဤသည်ပင် အညာကျေးလက်ဆန်သည့်ကျွန်တော်၏ ဘဝနေနည်းနေဟန်နှင့်အလေ့အထတို့ဖြစ်သည်ဟုဆိုတာပါပဲ။
မိုးခေါင်ရေရှားသည့်အညာရပ်ဝန်းဒေသမှာကျွန်တော်မွေးဖွားခဲ့သည်။ ကျွန်တော့်ဇာတိမြေတဝိုက်တွင်တောမရှိတောင်မရှိ လျှိုတွေ ချပ်တွေ သွေ့ခြောက်နေသည့်ယာမြေတွေနှင့် တကယ့်ကိုလွင်တီးခေါင်နေရာ။ ယခုလိုအချိန်ဆိုလျှင် မီးတောက်လုမတတ်နေပူပြင်းသည်။ အချို့နေရာဒေသတွေမှာသောက်သုံးရေပြတ်လပ်သွားသည်။
ဒါတွေက သူ့အချိန်ရောက်သည်နှင့် နှစ်စဥ်နှစ်တိုင်းကြုံတွေ့ရစမြဲဖြစ်၍ ဒုက္ခဟူ၍ပင် မတွေးမိကြတော့။နေပူရန်ကောဟု ညည်းညူမနေကြပါ။ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမကြသည်။ သဘာဝရာသီဥတုဒဏ်ကိုခံနိုင်စွမ်းရည်ရှိသည်။ စိတ်ရှည်သည်းညည်းခံသည်။ ဖြူစင်ရိုးသားသည်။ ထို့ကြောင့် စိတ်ဓာတ်သတ္တိ(moral courage) ကောင်းသည့်အညာသူအညာသားတွေဟု ကျွန်တော်ဆိုလိုက်ချင်မိသည်။
တစ်ရက်က ရွာမှာနေသည့်အစ်မဝမ်းကွဲတစ်ယောက်နှင့် တယ်လီဖုန်းပြောဖြစ်သည်။ အမှန်တော့နှုတ်ကျိုးနေ၍ ရွာဟုဆိုလိုက်ရသော်လည်း စည်ကားသည့်မြို့တမြို့ဖြစ်နေပြီ။ သို့သော်လည်း ကျွန်တော်ကတော့ရွာဟုခေါ်လိုက်ရမှအားရကျေနပ်ရမြဲ။ အစ်မက "ငါ့မောင်ရေမန္တလေးမှာလျှပ်စစ်မီးတွေပျက်နေတယ်ဆို။
နေလည်းအရမ်းပူတယ်။ ဘယ်မှမထွက်နဲ့နော် " ဟုပြောလိုက်သည်။ ရင်ထဲမှာ နွေးခနဲ။ ကြည့်ပါဦး,အသက်ရှစ်ဆယ်ကျော်အစ်မသည် အသက်အရွယ်ခွန်နှစ်ဆယ်နားကပ်နေသည့် ကျွန်တော့်အတွက်စိတ်ပူနေသည်ကော။ ကြည်ကြည်နူးနူးပြုံးလိုက်မိသည်။
ရွာအခြေအနေကိုလှမ်းမေးဖြစ်သည်။ ကျွန်တော့်မျက်လုံးထဲတွင် နေပူရှိန်ပြင်းထန်နေရသည့်အထဲ စစ်မီး တောက်နေသည့်အညာဒေသကသတင်းတွေနှင့် ဖေ့စ်ဘွတ်မှာတင်ထားသည့်ဓါတ်ပုံတွေကိုမြင်ယောင်သွားပြီးရင်မောသွားသည်။ ယခုလည်းမေးသာမေးလိုက်ရပေမင့် မကောင်းသည့်သတင်းကို မျှော်လင့်ထားသည်။ မြို့ဖြစ်နေ၍ နယ်ကရွာတွေလောက်အခြေအနေမဆိုးလှ။
"ဆန်ကောထဲဆီးဖြူသီးတွေလှိမ့်နေသလိုပဲငါ့မောင်ရယ်။ ရောက်ရာပေါက်ရာပြေးကြရတာပ" ဟု အစ်မကပြောလိုက်သည်။ ရှေ့ဆက်ပြီးပြောလျှင် မောစရာတွေချည်းမို့ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"အစ်မလည်းသတိထားဦးနော်။ ပစ်သံခတ်သံကြားရင် ပြေးဖို့ပြင်ထားဦး"
အမှန်တော့ကျွန်တော်ကအစ်မကို စလိုက်နောက်လိုက်ခြင်းသာဖြစ်သည်။ သို့ရာတွင် အစ်မဆီက မမျှော်လင့်သည့်စကားကိုကြားလိုက်ရ၍ ကျွန်တော့်မှာအဲခနဲ။
"အသက်ရှစ်ဆယ်ရောက်မှတော့ သေတာများအဆန်းလားငါ့မောင်ရယ်။ ဒုက္ခခံပြီးဘယ်မှမပြေးနိုင်ပေါင်တော်။ ရွှေမန်းတင်မောင်ရဲ့လေးတော်တင်ခန်းထဲကဗကအမတ်ကြီးလား သူပြောသလိုပေါ့ကွယ်။ သေချင်းသေရင် ဒေဝဒဟသွားပြီး ခြေ ထောက်အညောင်းခံမသေတော့ဘူးတဲ့။ ငါလည်း သေမယ့်အတူတူပြေးရင်းလွှားရင်းနဲ့မသေနိုင်ဘူးငါ့မောင်ရေ"တဲ့။
အင်း -အစ်မပြောတာလည်းဟုတ်တုတ်တုတ်။
ကျွန်တော့်အတွေးတွေက ရွာမှနေ၍ မိုးလေဝသသတင်းတွေဆီသို့ရောက်သွားသည်။ ဘင်္ဂလားပင်လယ်အော်မှာဖွဲ့နေသည့်မုန်တိုင်းသည်လာမည့် ၁၀ ရက်နေ့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းထဲသို့ဝင်နိုင်သည်ဟု ဆို သည်။ သေချာပေါက်တော့မဟုတ်။ ရခိုင်ကမ်းရိုးတန်းဘက်ကိုလည် းဦးတည်သွားနိုင်သည်ဟု ဆိုပြန်သည်။ ယနေ့အချိန်အထိ တိတိကျကျမခန့်မှန်းနိုင်သေး။ မည်သို့ပင်ဖြစ်စေ နာဂစ်အတွေ့အကြုံတွေကြောင့် စိတ်ပူပျာယာခတ်နေကြရလေပြီ။
ကျွန်တော်ဖြင့်မိုးကောင်းကင်မှာဝင်းဝင်းတောက်နေသည့်နေကိုကြည့်ရင်းစိတ်ရှုပ်သွားရသည်။ ယပ်ခပ်ရင်း အဖေ့ကိုမမျှော်လင့်ဘဲသတိရမိသည်။ အဖေသည် သင်္ကြန်စာကိုဖတ်သည်။ မေလရောက်သည်နှင့် သူ့အတွေ့ အကြုံတွေဖြင့်မိုးလေဝသအခြေအနေကိုခန့်မှန်းသည်။
"မေလလယ်ဆိုရင် အောက်ပိုင်းမှာမုတ်သုံဝင်ပြီကွ။ မေနောက်ဆုံးအပတ်မှာ တို့အညာကို ရောက်လာတော့မှာ။ ရာသီဥတုပူပြင်းတာကိုခံရလှ ဒီတစ်လပဲ" ဟုပြောလိုက်သည်။
ယခုတော့ ကျွန်တော်လည်းအဖေ့လိုဖြစ်နေပါပကော။
တင်ပလ္လင်ခွေထိုင်ပြီး ယပ်တဖျတ်ဖျတ်ခပ်ရင်းဖြင့် မိုးလေဝသသတင်းတွေကို နားစွင့်နေမိသည်။ ဟုတ်ပါ သည်။ အဖေပြောသလို ခံရလှ ဒီတစ်လပါပဲ။ အောက်အရပ်ဒေသမှာ မုန်တိုင်းသတင်းကြောင့် စိုးရိမ်ထိတ်လန့်နေရ၏။ ကျွန်တော်တို့အညာအရပ်ဒေသမှာတော့ မိုးကိုမျှော်နေရ၏။ ဆိုရလျှင် ကောင်းခြင်းဆိုးခြင်းသည် ဝင်ရောက်လာနိုင်သည့်မုန်တိုင်းအပေါ်မှာမူတည်နေလျက်။
မုန်တိုင်းအားပျော့သွားလျှင် မုန်တိုင်းဒဏ်ကိုမခံရသလို မိုးဖြိုင်ဖြိုင်ရွာသွန်း၍ အညာမှာလည်း မိုးတွေရွာပါလိမ့်
မည်။ အဲသည်လိုမဟုတ်ပဲမမျှော်လင့်သည့်ဆိုးကျိုးတွေ ကြုံလှာသည်ဆိုပါစို့။ ဘာတတ်နိုင်မည်နည်း။ လာမည့်
ဘေးကိုပြေးတွေ့လိုက်ကြရုံပဲဖြစ်သည်။ ထိုအခိုက် ရုတ်တရက် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားပြီး ခံရလှဒီတစ်လပဲ ဒီတစ်လပါပဲဟု အသံထွက်ရေရွတ်လိုက်မိတော့သည်။ နေရောင်သည်ဝင်းဝင်းတောက်ပူပြင်းနေဆဲ။
(ဓာတ်ပုံ အင်တာနက်)
ညိုထွန်းလူ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar