မဲဆောက်မြို့က သက်ငယ်မုဒိမ်းမှု နဲ့ NUG အတွက် စာမေးပွဲ
မြန်မာနွေဦး ခရိုနီကယ် - မေ ၈ မြင်ကွင်း
(မိုးမခ) မေ ၉၊ ၂၀၂၃
မဲဆောက်မြို့က သက်ငယ်မုဒိမ်းမှု နဲ့ NUG အတွက် စာမေးပွဲ
မြန်မာနိုင်ငံတဝန်းမှာ နိုင်ငံရေး စစ်ရေးကိစ္စရပ်တွေ နေ့စဥ်နဲ့အမျှ ဖြစ်ပျက်နေစဥ်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ အခြေစိုက်ထားတယ်လို့ ယေဘုယျအားဖြင့် သိရှိထားကြတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နိုင်ငံရေးအရ ဖမ်းဆီးခံရမှာမို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အကြား သက်ငယ်မုဒိမ်းမှု တမှုဖြစ်ပွားတဲ့ သတင်း ခုရက်ပိုင်းအတွင်း လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။
မဲဆောက်မြို့မှာ ခိုလှုံနေထိုင်နေတဲ့ စီဒီအမ် တက္ကသိုလ် ပါမောက္ခ တဦးရဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူအပေါ် မြန်မာနိုင်ငံက အလားတူ ထွက်ပြေးခိုလှုံနေထိုင်နေတဲ့ အန်အယ်လ်ဒီမြို့နယ် အတွင်းရေးမှူး အမျိုးသားက မဖွယ်မရာ ပြုကျင့်ခဲ့တယ်ဆိုတဲ့ တိုင်ကြားစာ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို တိုင်ကြားစာက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပေမယ့် ဘယ်လို ဆက်လက်ထိန်းသိမ်းထားတယ်ဆိုတာတော့ တိတိပပ မသိရှိရပါဘူး။ နိုင်ငံရေးအရ တိမ်းရှောင်လာသူ လူထု ထောက်ခံတဲ့ နိုင်ငံရေးပါတီတရပ်က မြို့နယ်အဆင့် အတွင်းရေးမှူးဖြစ်သူက ကျူးလွန်တယ်လို့ ယူဆရတဲ့ အဖြစ်အပျက် နစ်နာသူ မိသားစုကို ကြည့်ရင် CDM လုပ်လို့ ထွက်ပြေးတိမ်းရှောင်လာရပြီး လုံခြုံတဲ့နေအိမ်၊ တိုက်ခန်းလိုမျိုး မငှားရမ်းနိုင်တဲ့ အနေအထားက ကျူးလွန်ခံရဖို့ ဖြစ်ပွားစေတာလည်း တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ကို တဖက်က စစ်အာဏာရှင် လိုလားသူတွေက ဝါဒဖြန့်ချိရေးအဖြစ် ပုံဖော် ပြောဆိုကြတာ ရှိမှာအသေအချာ ဖြစ်ပါတယ်။ ဒီလို တဖက်က ဝါဒဖြန့်ချိရေးမှာ အသုံးချခံရတာကြောင့် ဒီဖြစ်ရပ်ကို လျစ်လျူရှု နှုတ်ဆိတ်နေတာမျိုး မဖြစ်သင့်ဘဲ နစ်နာသူ မိသားစုအတွက်ကို ထပ်မံဂယက်ရိုက်စေနိုင်တဲ့ ဖော်ပြမှုမျိုး ရှောင်ရှားပြီး တရားမျှတမှု ရရှိစေဖို့ရာ နဲ့ အခုလို စစ်အာဏာရှင်တွေရဲ့ အန္တရာယ်ကနေ ထွက်ပြေးခိုလှုံလာရတဲ့ အခြေအနေအောက်မှာ ဝင်ငွေမလုံလောက်မှုကြောင့် လုံခြုံစွာ နေထိုင်ဖို့ အခက်အခဲအပေါ် အခွင့်ကောင်းယူ ကျူးလွန်တာမျိုးကို လုံးဝခွင့်မပြုနိုင်ဘူးဆိုတာ NUG အနေနဲ့ လုပ်ဆောင်ပြသဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က NUG အစိုးရရဲ့ စွမ်းဆောင်မှုကို စမ်းသပ်တဲ့ စာမေးပွဲတခုလို့လည်း ဆိုကောင်းဆိုနိုင်ပါတယ်။ စီဒီအမ်တွေ ရဲ့ ခက်ခဲကျပ်တည်းတဲ့ အနေအထား၊ ဝမ်းရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြရတဲ့ အနေအထားကိုလည်း ပေါ်လွင်ထင်ရှားစေတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ရာဇဝတ်မှုခင်းတွေက လူတွေ နေထိုင်ကြတဲ့ ဘယ်လို ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အုပ်ချုပ်တဲ့ ဒေသတွေမှာဖြစ်ဖြစ်၊ PDF တွေအုပ်ချုပ်တဲ့ ဒေသမှာဖြစ်ဖြစ် ဖြစ်ပွားနိုင်သလိုပဲ အခုလို အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နယ်မြေအုပ်ချုပ်မှုအောက်မှာ ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံရေး အင်အားစုတွေ အသိုင်းအဝိုင်းမှာလည်း ဖြစ်ပွားနိုင်ပါတယ်။
သို့သော် အခုလိုဖြစ်ပွားတဲ့ ရာဇဝတ်မှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ ဆိုတဲ့အချက်က အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ တရားမျှတမှုရဖို့ နောက်နောင် အခုလို ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားနိုင်အောင် အသိပေးနှိုးဆော်ဖို့၊ ဖြစ်ပွားဖို့ အခြေအနေပေးတဲ့ CDM မိသားစုတွေရဲ့ ခက်ခဲကျပ်တည်းမှု နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုပါ ကိုင်တွယ်ဖြေရှင်းပေးဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ ဒီလို အမှုမျိုး နောက်ထပ် မဖြစ်ပွားအောင် အပြစ်ပေး အရေးယူမှုနဲ့အတူ ဖြစ်ပွားလာဖို့ အခြေအနေပေးတဲ့အချက်တွေကိုလည်း ဖယ်ရှားဖို့ လိုအပ်တာဖြစ်ပါတယ်။
အခု ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေဟာ နယ်မြေ အနေအထားအရ ထိုင်းနိုင်ငံမှာ နေထိုင်နေတာ ဖြစ်လို့ NUG အနေနဲ့ တရားဝင် စီရင်ပိုင်ခွင့်မရှိတဲ့ အချက်ကိုလည်း သတိပြုသင့်ပြီး မြန်မာအသိုင်းအဝိုင်းမှာ ဖြစ်ပွားတဲ့ ကိစ္စဖြစ်လို့ NUG ကို တိုင်ကြားခြင်းဟာ ယုံကြည်ကိုးစားမှု သဘောလည်း ပါဝင်နေတာ ဖြစ်ပြီး ဒီလို ယုံကြည်ကိုးစားမှုကို တုံ့ပြန်လုပ်ဆောင်ပေးနိုင်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသော အရေးကြီးတဲ့ သတင်းအဖြစ်အပျက်တရပ်ကတော့ အာဆီယံ လူသားချင်းစာနာမှုအကူအညီ ပေးရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေပါဝင်တဲ့ ကားတန်းကို ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်နဲ့ ဆိုက်ခေါင်အကြား ကားလမ်းမှာ လက်နက်ကိုင် အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့ပြီး ကားထိမှန်ပျက်စီးခဲ့ပေမယ့် လူတွေထိခိုက်ဒဏ်ရာရ တာမျိုးတော့မရှိခဲ့ဘူးဆိုတဲ့ သတင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း AHA လို့ခေါ်ဆိုတဲ့ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ရဲ့ ကားတန်းဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးနဲ့ လွိုင်ကော်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်ရှိ ဆီဆိုင်မြို့ နဲ့ ဆိုက်ခေါင်မြို့အကြားမှာ အမည်မသိသေးတဲ့ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တာကို ခံရပါတယ်။
ဒီနယ်မြေမှာ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO အဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေ ကြီးစိုးတယ်လို့ ယေဘုယျအားဖြင့်ပြောဆိုကြပြီး ဒီဒေသနဲ့ဆက်စပ်တဲ့ နေရာတွေမှာ အခြေစိုက်တဲ့ ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ PNLO က တာဝန်ရှိသူတယောက်ကတော့ ဒီပစ်ခတ်မှုလက်သည်ဟာ ပအို့ဝ်း ပြည်သူ့စစ်အဖွဲ့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားတာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့အနေနဲ့ ပဋိပက္ခဒေသက ဒေသခံတွေကို လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ဖို့ စစ်ကောင်စီနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar