Breaking News

အာဆီယံ ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံအရေး ဘာတွေ ဆုံးဖြတ်နိုင်မလဲ

မြန်မာနွေဦး ခရိုနီကယ် - မေ ၉ မြင်ကွင်း

(မိုးမခ) မေ ၉၊ ၂၀၂၃မေလ ၉ ရက်


အာဆီယံ ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံအရေး ဘာတွေ ဆုံးဖြတ်နိုင်မလဲ 

မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပနေတဲ့ အာဆီယံနိုင်ငံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခအရေးနဲ့ပတ်သက်လို့ အဖြေရှာဖို့ ဆွေးနွေးကြဖို့ရှိနေပြီး မြန်မာ့အရေးက အာဆီယံ ထိပ်သီးအစည်းအဝေးကို လွှမ်းမိုးဖွယ်ရှိတယ်လို့ ကြိုတင်မှန်းဆချက်တွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီလို အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာရဲ့ ယာဥ်တန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တနေရာမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါတယ်။ 

အာဆီယံက သံတမန်တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ စင်ကာပူ နိုင်ငံက သံတမန်တွေလိုက်ပါလာတဲ့ လူသားချင်းစာနာမှု အကူအညီပေးဖို့ရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ PNLO ဆက်ဆံရေးရုံးကို သွားရောက်တဲ့ ယာဥ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်လို့ မြန်မာ့နိုင်ငံထဲက လက်နက်ကိုင်ပဋိပက္ခက ဘယ်လောက်ထိ အန္တရာယ်မြင့်တက်လာနေသလဲ ဆိုတာ တစိတ်တပိုင်း ထင်ရှားစေတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခ ပြေလည်ဖို့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခွင့်ရှိဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှာ ပါရှိတာတွေ အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေတာ ၂ နှစ်ပြည့်လာပေမယ့် ထူးခြားတဲ့ တိုးတက်မှုတစုံတရာ မရသေးတဲ့အနေအထားမှာ အာဆီယံအဖွဲ့အနေနဲ့ ဘယ်လို ရှေ့ဆက်ရမလဲ၊ မြန်မာကို အာဆီယံ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ဆိုင်းငံ့ထားပြီး မူ ၅ ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်အောင် ဖိအားပေးမှုတွေ ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေကလည်း လတ်တလော ထင်သာမြင်သာတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၄ လတာအတွင်း သံတမန်ရေးအရ တိတ်တိတ်ဆိတ်ဆိတ် ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းမီဒီယာကို ထုတ်ဖော်ပြောဆိုထားပြီး အသေးစိတ် ဆွေးနွေးမှုနဲ့ ရလဒ်အခြေအနေတွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။ 

မြန်မာ့အရေးမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဆိုတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ အာဆီယံမူ ၅ ချက်ထဲက အကြမ်းဖက်တွေ ချက်ချင်းရပ်ဆိုင်းရေး ဆိုတဲ့ အချက်ကို ဖော်ဆောင်ဖို့ စစ်ကောင်စီကို ပထမဆုံး တိုက်တွန်းရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အစိုးရတာဝန်ယူထားတာ ဖြစ်လို့ တာဝန်အရှိဆုံးက စစ်ကောင်စီ ဖြစ်ပါတယ်။ 

အာဆီယံမူ ၅ ချက်ထဲက နောက်တချက်ဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ခွင့်ရရေးကလည်း အကောင်အထည်ပေါ်နိုင်ဖို့ အတားအဆီးတွေ အများကြီးရှိနေသေးတာ ဖြစ်ပါတယ်။ 

စစ်တပ်အနေနဲ့ ပြည်တွင်းစစ်ကို တိုက်လာတဲ့ အတွေ့အကြုံ၊ စာထဲ ရေးထားတဲ့ ဗျူဟာ စာထဲမပါဘဲ လက်တွေ့မှာ ကျင့်သုံးတဲ့ ဗျူဟာတွေအရ စစ်ပွဲဖြစ်ပွားရာမှာ လက်နက်ကိုင်တပ်တွေကိုချည်း ပစ်မှတ်ထားတိုက်တာမဟုတ်ဘဲ စစ်ပွဲရဲ့ သက်ရောက်မှုကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ချဲ့ထွင်ပြီး ဒေသခံလူထုကို စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်အောင် လုပ်ကာ တဖက်လက်နက်ကိုင် အဖွဲ့ကို ဝန်ပိုစေအောင် နည်းပရိယာယ်သုံးလေ့ရှိတာ ဖြစ်ပြီး တဖက်လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒေသခံ လူထုရဲ့ စစ်ဘေးရှောင် နေထိုင်ရတဲ့အနေအထားမှာ အကူအညီပေးရတာတွေ၊ စောင့်ရှောက်ရတာတွေ ဖြစ်ပွားလာရင် စစ်ပွဲကို အာရုံစိုက် တိုက်ခိုက်နိုင်တာ လျော့နည်းလာမှာဖြစ်တဲ့အချက်ကို စစ်တပ်က အစဥ်တစိုက်ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ 

ခုထိတိုင် ဒီလို နည်းပရိယာယ်တွေ ကျင့်သုံးနေတဲ့အပြင် မြေလှန်စနစ်ကိုပါ စစ်ကိုင်း၊ မကွေး၊ ချင်း ပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာတာကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခြေခံနယ်မြေရဲ့ လူနေမှု ဘဝဖျက်ဆီးခံရတာ၊ ရိက္ခာဖျက်ဆီးခံရတာတွေနဲ့ စစ်ပွဲကို ကောင်းစွာ မတိုက်နိုင်တော့တဲ့ အခြေအနေမျိုးရောက်ဖို့ စစ်တပ်က ရည်ရွယ်လုပ်ဆောင်နေတာပါ။ ဒီအချက်တွေကိုကြည့်ရင် နကိုမူလကတည်းက လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေသက ဒေသခံ အရပ်သားတွေ ကို ထိခိုက်အောင် ရည်ရွယ်ပြီးလုပ်ဆောင်တာ ဖြစ်လို့ နိုင်ငံတကာက အာဆီယံက လိုလားတဲ့ လူသားချင်းစာနာမှု အကူအညီလိုမျိုး ရရှိမှာကို စစ်ကောင်စီဘက်က လိုလားမှာမဟုတ်ပါဘူး။ 

ဒီအခြေအနေတွေက မြန်မာနိုင်ငံရဲ့ နောက်ခံ အခြေအနေတွေ ဖြစ်ပြီး မြန်မာ့အရေးကို အဖြေရှာရာမှာ ပါဝင်ကူညီဆောင်ရွက်နေတဲ့ အာဆီယံလို အဖွဲ့က ကောင်းစွာနားလည်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

မူ ၅ ချက်ရဲ့ ဒုတိယမြောက် အချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ ပါဝင်ပတ်သက်သူ အားလုံးရဲ့အကြား အပြုသဘော တွေ့ဆုံဆွေးနွေးမှုဖြစ်ထွန်းလာရေးက အတော်လေး အလှမ်းဝေးနေဆဲလို့ဆိုရမှာ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် ပြီးခဲ့တဲ့ ၄ လတာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက ကန့်လန့်ကာနောက်ကွယ်မှာ ကြိုးစားလုပ်ဆောင်နေတဲ့ အာဆီယံမူ ၅ ချက်ထဲမှာ ပါဝင်တဲ့ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ လူသားချင်းစာနာမှု အကူအညီရရှိရေး အချက်တွေကို ဘယ်လောက် ခရီးရောက်ပြီလဲ၊ အကယ်၍ လုံလောက်တဲ့ ကြိုးပမ်းမှုရှိသော်လည်း ရလဒ်မထွက်နိုင်တဲ့ အနေအထားမျိုးလား ဆိုတာတွေကို အခုလ အာဆီယံ အစည်းအဝေးမှာ မှတ်ကျောက်တင် အကဲဖြတ်ပြီး ရှေ့လုပ်ငန်းစဥ်တွေကို ချမှတ်နိုင်မလား၊ သို့မဟုတ် နောက်ဆုတ်ပြီး မြန်မာ့အရေးကို လက်မြှောက်အရှုံးပေးလိုက်တဲ့ သဘောဖြစ်မလားဆိုတာတော့ စောင့်ကြည့်ကြရဦးမယ့်သဘော ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar