တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ရဲ့ နေပြည်တော် ခရီးစဥ်၊ ကေအန်ယူ ဥက္ကဋ္ဌအသစ်အဖြစ် ပဒိုကွယ်ထူးဝင်း ရွေးချယ်ခံရ
မြန်မာနွေဦး ခရိုနီကယ် - မေ ၂ မြင်ကွင်း
(မိုးမခ) မေ ၃၊ ၂၀၂၃
တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ရဲ့ နေပြည်တော် ခရီစဥ်၊ ကေအန်ယူ ဥက္ကဋ္ဌအသစ်အဖြစ် ပဒိုကွယ်ထူးဝင်း ရွေးချယ်ခံရ
တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ချင်းဂန် ရဲ့ ၂ ရက်ကြာ မြန်မာ နိုင်ငံခရီးစဥ် စတင်တဲ့နေ့ ဖြစ်တဲ့ မေလ ၂ ရက်နေ့မှာပဲ နေပြည်တော်မှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့ သတင်းကို စစ်ကောင်စီ သတင်းစာနဲ့ ရုပ်သံတွေမှာ ဖေါ်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဥ်ဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာ နဲ့ ဘေဂျင်းမြို့မှာ လက်ခံတွေ့ဆုံခဲ့တဲ့အချက်၊ မြန်မာနိုင်ငံမလာရောက်ခင်ရက်က တရုတ်-မြန်မာနယ်စပ်မြို့ကို သွားရောက်ခဲ့တဲ့အချက်နဲ့ တရုတ်နိုင်ငံက နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့တယ်ဆိုတဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူရဲ့ ပြောဆိုချက်တွေက လတ်တလော မြန်မာ့အရေးမှာ သတိပြုရမယ့် အချက်တွေ ဖြစ်နေပါတယ်။
မကြာသေးခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးဖြစ်သူ ဒဲရစ်ချိုလက်က စင်ကာပူနိုင်ငံရောက်ရှိစဥ်မှာ အမေရိကန်အနေနဲ့ မြန်မာ့အရေးမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့သဘောမျိုးထုတ်ပြောခဲ့တာနဲ့ ဆက်စပ်ကြည့်ရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ပြဿနာကို အာဆီယံနဲ့အတူ သို့မဟုတ် ၄င်းရဲ့ကိုယ်ပိုင်ချဥ်းကပ်မှုနည်းလမ်းနဲ့ ဖြေရှင်းဖို့ စတင်ကြိုးစားနေတဲ့ သဘောလားလို့ စဥ်းစားစရာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုမလာရောက်ခင် ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဥ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးကိုအမြန်ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက်ချပြောဆိုခဲ့သလို အချုပ်အချာအာဏာကို လေးစားဖို့လိုအပ်တယ်ဆိုတဲ့စကားလည်း ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် မှာ အာဏာကို သိမ်းယူထားတဲ့ စစ်တပ်နဲ့ ဆက်ဆံရေး၊ လက်နက်၊ မဟာဗျူဟာအရ ကုလသမဂ္ဂလို၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့ရဲ့ သြဇာအာဏာကို ဆန့်ကျင်ဖိအားပေးနိုင်သလို၊ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသတွေမှာရပ်တည်နေကြတဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေအပေါ် အတိုင်းအတာတခုအထိ သြဇာရှိတာလည်း ဖြစ်ပါတယ်၊ ဒါ့အပြင် စီးပွား ရေးကုန်သွယ်မှုအရလည်း အရေးပါတဲ့ကုန်သွယ်ဖက် ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား မြန်မာနိုင်ငံထွက် သယံဇာတနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကိုဝယ်ယူတဲ့နိုင်ငံ စတဲ့ရှုထောင့်တွေကကြည့်ရင် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလျစ်လျူရှုဖို့ ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကမ္ဘာ့နေရာအတော်များများမှာ နိုင်ငံရေးအရ အားပြိုင်မှု၊ စီးပွားရေး၊ စစ်ရေးအရ အားပြိုင်မှုတွေရှိနေပြီး မြန်မာနိုင်ငံအနေနဲ့တော့ တရုတ်၊ အမေရိကန် အားပြိုင်မှုရဲ့ ကစားကွင်းတခု မဖြစ်ဖို့ အရေးကြီးပါတယ်။
မြန်မာ့အရေး အကျပ်အတည်းမှာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုထက် ဒေသတွင်း မဟာဗျူဟာ အခင်းအကျင်း တည်ငြိမ်မှုကိုပိုပြီး အလေးပေးကောင်းပေး စဥ်းစားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရပေါ်ထွက်လာတာထက်၊ တည်ငြိမ်မှုရှိဖို့ လက်နက်ကိုင် ပဋိပက္ခတွေ မကြီးထွားဖို့ စီးပွားရေး စီမံကိန်းတွေ ဒေသတွင်းနိုင်ငံတွေအတွက် ဒုက္ခသည် လျှံထွက်လာတာ၊ လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှု၊ ရာဇဝတ်မှုစတာတွေကို မလို လားတာကြောင့် နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ ကြိုးစားတာလို့ နားလည်ရပါတယ်။ တရုတ်နိုင်ငံကိုယ်၌က ဒီမိုကရေစီ စနစ်နဲ့အုပ်ချုပ်တဲ့ နိုင်ငံမဟုတ်တာကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး ဆိုတဲ့ ဆန္ဒနဲ့ အားပေးမှုမျိုး တရုတ်နိုင်ငံဆီက ရရှိစရာအကြောင်းမရှိပါဘူး။
တဖက်မှာတော့ ဒေသတွင်းသာမက ကမ္ဘာမှာပါ စီးပွားရေးအရ အမေရိကန်ကို ရင်ပေါင်တန်းလာနိုင်တဲ့ အခြေအနေရှိတာ စစ်အင်အား ကြီးမားတာ တွေကြောင့် သာမန် အိမ်နီးချင်းနိုင်ငံ တနိုင်ငံထက်ပိုတဲ့ အနေအထားရှိတာ ကိုမေ့ဖို့ မသင့်တဲ့ အချက်လည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ ခြေလှမ်းက မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲ၊ နွေဦးတော်လှန်ရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်လဲဆိုတာတော့ ခုလောလောဆယ်မှာ မှန်းဆဖို့ ခက်နေသေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ ကေအန်ယူရဲ့ ပုံမှန်အားဖြင့် ၄ နှစ်တကြိမ် ကျင်းပတဲ့ ကွန်ဂရက်က ကေအန်ယူ ဥက္ကဋ္ဌသစ် အဖြစ် လက်ရှိ ဒုဥက္ကဋ္ဌဖြစ်သူ ပဒိုကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ယခုတကြိမ် ကေအန်ယူရဲ့ ဥက္ကဋ္ဌရွေးချယ်တဲ့သတင်းက ဘာကြောင့် ပိုပြီးစိတ်ဝင်စားကြသလဲလို့ မေးရင် စစ်အာဏာသိမ်းမှုအပြီး လက်နက် ကိုင်လမ်းကြောင်းကို ရွေးချယ်ပြီး စင်ပြိုင်အစိုးရဖွဲ့လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အများအပြားကိုလက်ခံထားပြီး၊ စစ်သင်တန်းပေးတာ အကာအကွယ် ပေးတာတွေမှာ ကေအန်ယူကအဓိကကျတဲ့အခန်းကဏ္ဍနေရာမှာရှိနေပြီး ကေအန်ယူအဖွဲ့အစည်းရဲ့ မူဝါဒ အပြောင်းအလဲ ရှိခဲ့ရင် NUG နဲ့ PDF အဖွဲ့တွေအပေါ်မှာ သက်ရောက်မှုတွေ အများအပြားရှိနိုင်တာကြောင့် ကေအန်ယူဥက္ကဋ္ဌသစ်ရွေးချယ်တင်မြှောက်မှုကို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။
လက်ရှိ ဒုဥက္ကဋ္ဌဖြစ်သူ ပဒိုကွယ်ထူးဝင်းရွေးချယ်ခံရခြင်းကြောင့် လက်ရှိ မူဝါဒအပေါ် ကြီးကြီး မားမားအပြောင်းအလဲ ဖြစ်ပေါ်မယ့် အလားအလာ မမြင်ရဘူးလို့ ကောက်ချက်ချ နိုင်ပါလိမ့်မယ်။ နိုင်ငံရေးထက် စစ်ရေးလမ်းကြောင်းတခုထည်းကိုအားသန်တဲ့ကရင်ခေါင်းဆောင် တဦးဦးဖြစ်လာခဲ့ရင်တော့ ကရင်ပြည်နယ်နဲ့ မွန်၊ တနင်္သာရီဒေသတွေမှာ တိုက်ပွဲတွေ ပိုပြီးကျယ်ပြန့်ကောင်းကျယ် ပြန့်လာနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar