Breaking News

နေသွင်နိုင်း - မခိုးဖူး မသတ်ဖူးတဲ့ ဗိုလ်ချုပ်အိမ်က မုန်ညင်းစေ့နဲ့ Phone Battery chargerလေး ယူခဲ့ပေးပါ

မခိုးဖူး မသတ်ဖူးတဲ့ ဗိုလ်ချုပ်အိမ်က မုန်ညင်းစေ့နဲ့
Phone Battery charger လေး ယူခဲ့ပေးပါ
နေသွင်နိုင်း
(မိုးမခ) မေ ၂၆၊ ၂၀၂၃

မင်းတို့ရဲ့ ဖြူစင်မှုကို ပြသဖို့
မခိုးဖူး မသတ်ဖူးတဲ့ဗိုလ်ချုပ်အိမ်က မုန်ညင်းစေ့နဲ့
Phone Battery chargerလေး ယူခဲ့ပေးခဲ့စမ်းပါ။

ဟောဟိုမှာ
ကြည့်လေ
ကလေးတွေရဲ့နှုတ်ခမ်း အပြုံးရောင်ပွင့်လာဖို့
ခေတ်ပျက်ကြီးထဲ အမဲလိုက်ကြသူ
သမာအာဇီဝကျတဲ့တနင်္လာမနက်ခင်းဖြစ်ဖို့ အားထုတ်ရင်း
ကောင်မလေးတစ်ယောက်ရဲ့ နားရွက်ကို ဆွဲဖြဲချင်နေတဲ့ စိတ်အသားစကို
ခဲခဲခက်ခက်သင်္ဂြိုဟ်ခဲ့ရတာလည်း ပိရမစ်ကြီးတစ်ခု
မြို့ကြီးပြကြီးထဲ အသက်ကိုမွေးမြူနည်းဟာ 
နှစ်ဖက်လှဓါးတစ်ချောင်းဖြစ်ရဲ့
ဒါဟာ မဟုတ်သေးဘူးလို့ အင်္ဂါနေ့ကတွေးခဲ့တယ်
အင်္ဂါနေ့မနက်ကဆို စာအုပ်တွေဟာ စားဖွယ်တစ်ခုအဖြစ်
 အသွင်ပြောင်းသွားသလို
ငါတို့ဟာ
မအောင်မြင်တဲ့စီမံကိန်းတစ်ခုကို တစ်ဘဝလုံးတည်ဆောက်ကြရတယ်။

လူသတ်သမားတွေရဲ့ ညစာစားပွဲမှာ
ငါတို့ရဲ့မျိုးဆက်တခု ရှိနေတယ်။

ငါတို့ဟာ
ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့နည်းလမ်းတစ်ထောင် တွေ့ရှိခဲ့ကြတယ်
အရှိန်နဲ့ ပြေးဝင်လာတဲ့ကားတစ်စီးရှေ့ဖြစ်ဖြစ်
တံတားအောက်ဖြစ်ဖြစ်
ဓာတ်ကြိုးတစ်ခုခု
သားလှီးဓားတစ်ခုခု
ဘလိတ်ဓားတစ်ခုခု
အမှားများစွာ တွေ့ရှိခဲ့
သေဖို့နည်းလမ်းများစွာ ရရှိခဲ့
အိမ်ကမီးဖိုမီးခိုးထွက်ရေး တို့အရေးလို့ မိုင်ပေါင်းများစွာ ခရီးနှင်လို့
မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်အော်ကြွေးလို့
ဟော့ဒီသက္ကရာဇ်တွေရရှိခဲ့ပါတယ်။
၁၉၈၈ မီးလောင်ပြင်တစ်ခုဆိုပါစို့။
၂၀၀၇ မီးလောင်ဗုံးနဲ့ အရုဏ်ဆွမ်းဆိုပါစို့။
၂၀၀၈ သေမင်းစာအုပ်တစ်အုပ်ဆိုပါစို့။
၂၀၂၁ မအေလိုးနှစ်လို့ဆိုပါစို့။
ပြီးတော့ ဝံပုလွေတွေရဲ့သတ်ကွင်းမှာ
အခြားသောဒုက္ခကိန်းတစ်ခုခု အမြဲရှိခဲ့တယ်။

မင်းတို့ရဲ့ရိုးသားမှုကို မှတ်ကျောက်တင်ဖို့
ကောင်းကင်ကတောင် ပြောနေပြီ
မခိုးဖူး မသတ်ဖူးတဲ့ ဗိုလ်ချုပ်အိမ်က မုန်ညင်းစေ့နဲ့
Phone Battery chargerလေး ယူခဲ့ပေးခဲ့စမ်းပါ

မိန်းမ
ကိုယ်ဝန်ဆောင်
ကလေး
ရဟန်း
စစ်ပြေးစစ်ရှောင်
အမယ်အို 
အဘိုးအို
လူအန္ဓတွေဟာ ရက်စက်မှုနဲ့ ရန်သူပီသကြောင်း ပြသကြလေတယ်။
ငါတို့ဟာ ငါတို့ထွင်းခဲ့တဲ့ သစ်စေ့ပါးစပ်ပေါက်တွေဖာထေးဖို့
ငါ့တို့ပခုံးသားတွေမာကျောနေမှရမယ်လို့
အိမ်တွင်းပညာသင်ကြားရေးအဖြစ် မမေ့မလျော့သင်ကြားနေရတယ်
စနေရုပ်ရှင်ဟာ ပျော်ဖို့မကောင်းတော့
မိသားစုတနင်္ဂနွေဟာ ပျော်ဖို့မကောင်းတော့
ဆာလောင်မှုကို ဖြေဖျောက်လို့ရတဲ့ တွင်းနက်ကြီးတစ်ခုဟာ
လွင်ပြင်တခုစာရှိတယ်
တောင်တန်းတခုစာရှိတယ်
တနင်္လာနေ့မနက်ခင်းတွေမှာ 
ဆာလောင်မှုတွေကို ပစ်ချဖို့တစ်နေကုန်တန်းစီနေခဲ့ရတယ်။

ငါတို့ဆာတယ်လို့ လူအုပ်ကြီးက အော်ပြီး အိမ်ပြန်လို့
တွင်းနက်ကြီးကတော့ မရှိမှုတွေကို  လေဆင်နှာမောင်းလို စုပ်ယူ
လူမှုဗေဒပညာရှင်တွေ
သိပ္ပံပညာရှင်တွေ
နိုင်ငံရေးသမားတွေ
လူ့အခွင့်အရေးသမားတွေ
သူတို့က ဒါဟာ  သက်တမ်းအရင့်ဆုံးသတ္တုတွင်းနက်ကြီးတစ်ခုလို့
 အမည်ပေးကြတယ်
လူမှုဗေဒပညာရှင်က စောင့်ကြည့်ရေးစင်တာတစ်ခု
သိပ္ပံသမားက ခေတ်မီလက်နက်တစ်ခု
နိုင်ငံရေးသမားက အကောင်းဆုံးဒိုင်ယာလော့တစ်ခု
လူ့အခွင့်အရေးသမားတွေက လူသားချင်းစာနာမှုတစ်ခု
ဆုအသီးသီးလက်မှတ်အသီးရရှိခဲ့ကြပြီးတဲ့နောက်
ငါတို့ပြည်သူရဲ့တွင်းနက်ကြီးဟာ 
ကမ္ဘာ့မှတ်တမ်းဝင် ဓါတ်ပုံတစ်ခုဖြစ်ခဲ့တယ်။

ဒီနေ့အထိတော့ ငါတို့ဟာ မွန့်ချ်ရဲ့ အော်သံပန်းချီကားထဲခုန်ဆင်း
အရိုးတွေ တောင်လိုပုံလာပြီ
ပြာသားတွေ လှေအပြည့်ဖြစ်လာပြီ
မြစ်ဟာ ချင်းချင်းနီးခဲ့ပြီ။

တိုင်းပြည်ချုပ်ရိုးအပျော့အပြဲကြီးမှာ
မင်းတို့ရဲ့ ကိုယ်ချင်းစာတရားကို လွှင့်ထုတ်ဖို့
မခိုးဖူး မသတ်ဖူးတဲ့ ဗိုလ်ချုပ်အိမ်က မုန်ညင်းစေ့နဲ့
Phone Battery chargerလေး ယူခဲ့ပေးခဲ့စမ်းပါ။
ဟေ့
မင်းတို့အတွက်ငရဲတံခါးဆွဲဖွင့်ဖို့
ငါတို့လာပြီ။

ဟေး....ညီအစ်ကိုတို့
 အနာဂတ်တောင်တန်းများအတွက်
 အသက်ကို အလျော်အစားအဖြစ်
ကောင်းကင်နံရံမှာချိတ်ဆွဲလို့
 နွေဦးပလ္လင်ပွင့်တဲ့အထိ 
ယုံကြည်ရာတံတားပေါ် ရွက်လွှင့်လိုက်ကြမယ်
လာ
သေရဲရဲ
ရှင်ရဲရဲ
နေရဲရဲ
ယှဥ်ရဲရဲမှာ
ငါတို့ဟာ မသေတဲ့ သံတိုင်ကျောက်သားတွေအဖြစ် ။ ။

နေသွင်နိုင်း
*ခေါင်းစဥ်စာသားကို  မောင်ဇေဟိန်းကကျေးဇူးပြုသည်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar