Breaking News

ပခုက္ကူမြို့နယ်မှာ စီဒီအမ် မလုပ်တဲ့ ကျောင်းဆရာမ ၆၀ကို PDF က ခေတ္တဖမ်းဆီးခြင်းနဲ့ ပြန်သုံးသပ်ဖို့လိုနေပြီဖြစ်တဲ့ စီဒီအမ် မူဝါဒ

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၄ မြင်ကွင်း

(မိုးမခ) မေ ၂၅၊ ၂၀၂၃ 


ပခုက္ကူမြို့နယ်မှာ စီဒီအမ် မလုပ်တဲ့ ကျောင်းဆရာမ ၆၀ ကို PDF က ခေတ္တဖမ်းဆီးခြင်းနဲ့ ပြန်သုံးသပ်ဖို့လိုနေပြီဖြစ်တဲ့ စီဒီအမ် မူဝါဒ

မေလ ၁၈ ရက်နေ့က ပခုက္ကူမြို့နယ်ထဲက ပခုက္ကူနဲ့ ရေစကြိုကားလမ်းမှာ PDFတွေက ယာဥ်တွေဖြတ်သန်းသွားလာတာကို စစ်ဆေးစဥ် ကျောင်းဆရာမ ၆၀ ဦး ကို သယ်ဆောင်လာတဲ့ ကား ၃စီးကို တားဆီးပြီး ခေတ္တထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့ပေမယ့် သတင်းမီဒီယာတွေ ထဲ မပါရှိခဲ့ဘဲ ဒီအဖြစ်အပျက်က မေလ ၂၄ ရက်နေ့ကျမှ စီဒီအမ် မလုပ်သူ ကျောင်းဆရာမတွေကို ခေတ္တထိန်းသိမ်းစစ်ဆေးစဥ် ရွှေထည်ပစ္စည်းတွေကို သိမ်းဆည်းခြင်း မရှိဘူးဆိုတဲ့ သတင်းစတင်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

စီဒီအမ် မလုပ်သူ ကျောင်းဆရာမတွေ စီးနင်းလာတဲ့ ကား ၃ စီးနဲ့ ပညာရေး အထောက်အကူပြု ပစ္စည်းတွေကိုတော့ သိမ်းဆည်းလိုက်တယ်လို့လည်း သတင်းတွေထဲ ပါရှိပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အောင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အလုပ်မဆင်းကြဖို့ စည်းရုံးခဲ့ကြရာက စီဒီအမ်လှုပ်ရှားမှုက အရှိန်အဟုန်နဲ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေက စတင်ခဲ့တာဖြစ်ပြီး ပညာရေး၊ အခြားသော ဌာနတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေထဲက ရဲတွေ၊ နောက်ပိုင်း စစ်ကောင်စီတပ်တွေက အထိ စီဒီအမ် လုပ်သူတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

စီဒီအမ် လုပ်သူတွေကို စစ်ကောင်စီက ၅၀၅-က ပုဒ်မနဲ့ ဝရန်းထုတ်တာ၊ ဖမ်းဆီးတာ၊ နာမည်ပျက်စာရင်းသွင်းပြီး ပြည်ပ ထွက်ခွာခြင်းမပြုနိုင်အောင် လုပ်တာတွေ စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။  စီဒီအမ် လုပ်ကြတဲ့အထဲ အရေအတွက်အားဖြင့်ဆိုရင် ပညာရေးနယ်ပယ်က ကျောင်းဆရာတွေ ဆရာမတွေ ၊ ကျန်းမာရေးနယ်ပယ်က

ဆရာဝန်တွေ နဲ့ သူနာပြုတွေ အများဆုံးဖြစ်ပါလိမ့်မယ်။ ပညာရေး နယ်ပယ်မှာ ဝန်ထမ်းအရေအတွက် အများအပြားရှိတာကြောင့် ပညာရေးနယ်ပယ်က စီဒီအမ် အရေအတွက်ပိုမိုများပြားတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ကနဦးစီဒီအမ်လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် နဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်လာကြတဲ့ ကာလ ၂ နှစ်ကျော်ကြာလာချိန် စီဒီအမ်လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် က အသွင်ပြောင်း သဘောသဘာဝပြောင်းလဲသွားခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စီဒီအမ်လုပ်သူတွေထဲက ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကျရောက်သူတွေ၊ အာဏာသိမ်းဆန့်ကျင်မှု သပိတ်တွေမှာ တက်ကြွစွာပါဝင်ခဲ့ကြတဲ့ စီဒီအမ် ဝန်ထမ်းတွေ၊ လှုပ်ရှားမှုကိုမိမိတို့ ဌာနအတွင်း ဦးဆောင်ဆော်သြခဲ့ကြသူတွေ အများအပြား ထိုင်းမြန်မာနယ်စပ် ၊ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး အနည်းငယ်မျှသာ တတိယနိုင်ငံလို နိုင်ငံတွေမှာ အခြေချခွင့်ရကြတာဖြစ်ပြီး အများစုကတော့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေနဲ့ ထိုင်းနိုင်ငံတို့မှာ အထောက်ထားမဲ့ တရားမဝင် နေထိုင်သူတွေ အဖြစ်သော်လည်းကောင်း သို့မဟုတ် ရွှေ့ပြောင်းလုပ်သား အနေနဲ့ အထောက်အထားရဖို့ ကြိုးစားကာ အောက်ခြေသိမ်း အလုပ်မျိုးလုပ်ကိုင် နေထိုင်ကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

မကြာသေးမီက အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် မုဒိမ်းမှု ကျူးလွန်ခံရတယ်လို့ သတင်းပါလာခဲ့တဲ့ ဖြစ်ရပ်မှာ ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ စီဒီအမ်ပညာရေး ဝန်ထမ်းတဦး၊ တက္ကသိုလ် တွဲဘက်ပါမောက္ခဟောင်း တဦးဖြစ်ပါတယ်။ သူ နေထိုင်ရတဲ့ နေရာက တလကို ဘတ် ၁၅၀၀ ပေးရတဲ့ တန်းလျားလို အဆောက်အဦထဲက အခန်းတခန်း၊ ဘုံ အိမ်သာသုံးစွဲရတဲ့ အခန်းလိုမှာ နေထိုင်ရတာ ဖြစ်ပါတယ်။ စီဒီအမ်လှုပ်ရှားမှုမှာ ပြည်သူ့ဝန်ထမ်း သိန်းနဲ့ ချီပါဝင်ခဲ့ခြင်းက ဂုဏ်ယူစရာကောင်းပါတယ်။ တဖက်မှာလည်း ၂ နှစ်ခန့် အချိန်ကြာလာတဲ့အထိ စီဒီအမ် လှုပ်ရှားမှုမှာ လုပ်နိုင်တဲ့ အတိုင်းအတာ အဆုံးတိုင်ပါဝင်ခဲ့သူတွေကို အသက်ရှင်နေထိုင်ရေး၊ အလုပ်အကိုင်၊ မိသားစုရဲ့ နေထိုင်ရေး၊ သားသမီးတွေ ပညာရေးနဲ့ လုံခြုံရေးတွေ အထိ တာဝန်မယူနိုင်သေးတဲ့ အခြေအနေကိုလည်း ရိုးရိုးသားသား ပြန်လည်သုံးသပ် ဝန်ခံဖို့ လိုအပ်ပါတယ်။ 

တဖက်မှာ လက်နက်ကိုင် တော်လှန်ရေး လက်နက်ကိုင် တိုက်ပွဲက နိုင်ငံရေး အာဏာအတွက် အဆုံးအဖြတ်ဖြစ်နေချိန်မှာ လက်နက်ကိုင် တိုက်ပွဲကို အာရုံစိုက်ဖို့ လိုအပ်တယ်ဆိုရင် အခြားသော နယ်ပယ်က လှုပ်ရှားမှုတွေကို မဖြစ်မနေ လုပ်ဆောင်ရမယ့် သဘောမဟုတ်တဲ့အတွက် မူဝါဒတွေ ပြန်လည် သုံးသပ်ချမှတ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ 

စီဒီအမ် ကိစ္စက ၂ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ စီဒီအမ် လုပ်ခြင်း မလုပ်ခြင်းက အရေးတကြီးအကြောင်းအရာ တရပ် ဖြစ်နေဆဲလား၊ သို့မဟုတ် ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေ အနေနဲ့ မိမိတို့ နားလည်တဲ့ မူဝါဒနဲ့မိမိတို့ ကျင့်သုံးနေကြတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ခု စတင်မယ့် ပညာသင်နှစ်မှာ ပြည်တွင်းက လူထုတွေအဖို့ NUG ကဖေါ်ဆောင်ထားတဲ့ ကြားကာလ ပညာရေး စနစ်က ဘယ်လောက်ထိ အားထားနိုင်ပြီလဲ သို့မဟုတ်ရင် စစ်ကောင်စီအောက်က ပညာရေးကို ရွေးချယ်ကြတာကို ဘယ်လို သဘောထားမလဲ စတာတွေလည်း ရှင်းရှင်းလင်းလင်း ပြောဆိုရမယ့် အချိန်လို့ ယူဆမိပါတယ်။ 

ကျန်းမာရေး ကဏ္ဍမှာလည်း အချို့သော ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ဆေးရုံတွေ၊ သို့မဟုတ် တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံတွေမှာ ဆရာဝန်တွေမရှိတဲ့ အဖြစ်၊ မြို့တွေပေါ်က ဆေးရုံတွေမှာတောင် ဆရာဝန်မလုံလောက်တဲ့ အခြေအနေတွေက ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကိုသာ အားကိုးရတဲ့အခါ ငွေကြေးမတတ်နိုင်သူတွေ အဖို့ ကျန်းမာရေး ကုသခွင့်ဆုံးရှုံးကာ အသက်အန္တရာယ် ထိခိုက်တဲ့အဖြစ်အပျက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်က ဆေးရုံတွေ ကို အားမကိုးဖို့ နှိုးဆော်တဲ့အခါ အခြား အစားထိုး ဆေးရုံ ကျန်းမာရေး စောင့်ရှောက်မှုတွေ စီစဥ်ဆောင်ရွက်နိုင်ခြင်း ရှိမရှိကိုလည်း ပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar