Breaking News

လင်းနွေးအိမ် - "အဖေ"

Image- Credit
အဖေ
လင်းနွေးအိမ်
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၃

ပင်လယ်ကူးဖြတ် တောင်ထိပ်ရပ်ပြီး
အောင်လံစိုက်နည်းသင်ပေးသူ။

လဲကျတဲ့အခါသူ့လက်ဖျံရိုးကြီးတွေနဲ့တွဲထူ
အားငယ်သူကိုကူဖို့
နှလုံးလှအမွေပေးခဲ့တာလဲသူ။

ကမ္ဘာကြီးနဲ့သူငယ်ချင်းဖြစ်အောင်
စာအုပ်တွေနဲ့မိတ်ဆက်ပေးခဲ့တာလဲသူ။

ကွန်ပစ်ပြီးရှာကြွေးသလို
ကွန်ချက်ကိုပြပေးခဲ့တာလဲသူ။

ဝင်လာသမျှဘဝဒုက္ခမြားတွေကို
ဒိုင်းလိုကာပေးတာလဲသူ။

ပစ်လွှတ်သမျှမြားထိပ်မှာ
ချွန်မြနေခဲ့တာလဲသူ။

သူ့ခြေရာအတိုင်းအထွာအတိမ်အနက်ခန့်မှန်းရခက်ပေမယ့်
သူ့အကိုင်းအခက်အောက်မှာတောင်အေးမြနေမှတော့
"အဖေ" ဆိုတဲ့ဂါထာကိုတမ်းတရွတ်ဆိုလိုက်ရုံနဲ့
ကျနော်တို့လူလားမြောက်ခဲ့ရပုံ။

ဇွန် ၁၇ ၊ ၂၀၁၅။
* ဇွန်လ ၁၈ ရက် အဖေများနေ့အတွက်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar