Breaking News

ဆိုင်ကလုန်း မိုခါတိုက်ခတ်ပြီး တလကြာသည်အထိ အရေးပေါ် အကူအညီလိုအပ်နေဆဲ ရခိုင်ပြည်နယ်

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၇ မြင်ကွင်း

(မိုးမခ) ဇွန် ၁၈၊ ၂၀၂၃


ဆိုင်ကလုန်း မိုခါတိုက်ခတ်ပြီး တလကြာသည်အထိ အရေးပေါ် အကူအညီလိုအပ်နေဆဲ ရခိုင်ပြည်နယ်

မေလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့အနီးကနေ ကုန်းတွင်းကိုဝင်ရောက်ခဲ့တဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းအဆင့် ဖြစ်တဲ့ မိုခါမုန်တိုင်း တိုက်ခတ်ပြီး တလကြာလာသည်အထိ ရခိုင်ပြည်နယ်မှာ အရေးပေါ် အကူအညီတွေ လိုအပ်ချက် များပြားနေဆဲဖြစ်တယ်လို့ သတင်းဖေါ်ပြမှုတွေ လူသားချင်းစာနာမှု ကူညီတဲ့အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ြပထားတာတွေ့ရပါတယ်။ 

ဆိုင်ကလုန်းဒဏ်ကို အဆိုးရွားဆုံးခံစားရတဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားစတဲ့ ဒေသတွေမှာ နေအိမ်တွေ ခေါင်မိုးမရှိ၊ သန့်ရှင်းတဲ့ သောက်သုံးရေ အခက်အခဲ၊ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေရတဲ့ လူပေါင်း သိန်းနဲ့ချီ ကျန်ရှိနေသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး ဖြစ်တဲ့ နိုင်ငံပိုင် သတင်းစာ၊ မြဝတီသတင်းစာတို့လိုမှာတော့ အဆောက်အဦတွေ ပြင်ဆင်နေတာ၊ ရိက္ခာဝေနေတာ၊ စစ်တွေမြို့ကို လျှပ်စစ်ဓါတ်အား ပြန်ဖြန့်ဝေ နိုင်ပြီဆိုတဲ့ သတင်းတွေ ဖေါ်ပြနေပေမယ့် လက်တွေ့အခြေအနေမှာ အကူအညီမရရှိသေးတဲ့ လူထု၊ ကျေးရွာတွေ မုန်တိုင်းဒဏ် ဆိုးရွားစွာခံစားခဲ့ကြရသူတွေ အများအပြားရှိနေပြီး စစ်ကောင်စီ ထိန်းချုပ်မှုကနေ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ အဆိုပါ အခက်အခဲတွေ အကူအညီလိုအပ်မှုတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

ရက္ခိုင်တပ်တော် (အေအေ) က ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်အရဆို အရေးပေါ် အကူအညီ ရရှိသူ ၃၀ ရာနှုန်းသာရှိသေးပြီး ၇၀ ရာနှုန်းက လိုအပ်နေဆဲလို့ ဖေါ်ပြထားပါတယ်။ အေအေ ရဲ့ စာရင်းကောက်ယူမှုအရဆို ကျေးရွာပေါင်း ၂ ထောင်ကျော်မှာ အိမ်ခြေ ၂ သိန်း ၈ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဆိုင်ကလုန်း ဘေးဒဏ်ခံစားရတဲ့ ရခိုင်ပြည်နယ်က လူထုတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် အဖွဲ့တချို့ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က အေအေအဖွဲ့ကတဆင့် ကူညီခဲ့ကြပါတယ်။ သို့ပေမယ့် အမှန်တကယ်လိုအပ်ချက်က အဆများစွာ ကြီးမားတာကြောင့် တကယ်အကူအညီလိုအပ်သူတွေ အကူအညီရဖို့က အခက်အခဲတွေ ရှိနေဆဲ၊ စစ်ကောင်စီရဲ့ ကန့်သတ်ချက် ပိတ်ပင်တားဆီးမှု အမိန့်ညွှန်ကြားချက်တွေကြောင့် အကူအညီတွေ ပေးဝေဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ 

အမှန်တကယ် ကူညီဖို့ တာဝန်ရှိတဲ့အဖွဲ့အစည်းက ဒီဒေသကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ ဖြစ်ပြီး ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့၊ သယံဇာတနဲ့ သဘာဝအရင်းအမြစ် အခွန်အကောက်တွေကို စီမံခန့်ခွဲနေတဲ့ စစ်ကောင်စီက သဘာဝဘေးဒဏ်ခံစားရသူတွေကို အမြန်ဆုံး ကူညီဖို့ ဝတ္တရားရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် နိုင်ငံရေး အကျိုးအမြတ်ရလိုမှု၊ အခြားသော အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်မှာကို မလိုလားတဲ့ အချက်တွေကြောင့်  စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး အစီအစဥ်တွေကို ကန့်သတ်ချက်တွေ ချမှတ်ထားပြီး ပြည်တွင်းက အကူအညီပေးသူတွေကိုပါ နီးကပ်စွာစောင့်ကြည့်နေကာ အကူအညီပစ္စည်းတွေကို လမ်းခရီးမှာ တားဆီးတာ၊ ကူညီသူတွေကို မထင်ရင် မထင်သလို ဖမ်းဆီးတာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခြင်းဖြင့် အကူအညီပေးတဲ့ အဖွဲ့တွေအနေနဲ့  နှောင့်နှေးသွားစေတာ စောင့်ဆိုင်းနေရတာတွေ ဖြစ်စေတာပါ။ 

စစ်ကောင်စီဟာလည်း ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားစဥ်က စစ်အစိုးရလိုပဲ နိုင်ငံတကာ အကူအညီတွေကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်နေပြီး ၄င်းတို့ရဲ့ သမိုင်းကို အမည်းစက်စွန်းထင်းစေဦးမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိတဲ့ ဒေသတွေကို လုံခြုံရေးအကြောင်းပြပြီး ရိက္ခာ၊ ဆေးဝါး၊ အကူအညီတွေ သယ်ဆောင်ခွင့် ကန့်သတ်နေတာတွေဟာ ရုပ်ဆိုးလွန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အနေနဲ့ ကုန်းလမ်း ဝင်ပေါက်အဖြစ် မင်းဘူး-အမ်းလမ်းကတဆင့် ဝင်ရောက်ရပြီး ရေလမ်းအနေနဲ့တော့ ရန်ကုန်-စစ်တွေ ရေလမ်းကို အသုံးပြုကြရာမှာ စစ်ကောင်စီက အဓိက လမ်းကြောင်းတွေမှာ သွားလာခွင့် ခွင့်ပြုချက်လိုအပ်အောင် လုပ်ဆောင်ထားပြီး ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံစားရသူတွေကို ပိုမိုဒုက္ခရောက်အောင် လုပ်ဆောင်နေသလို ဖြစ်နေတာပါ။ 

အေအေ လက်နက်ကိုင် အဖွဲ့အနေနဲ့ ရခိုင်လူထုပိုမို ထိခိုက်နစ်နာမယ့်အရေးကို ငဲ့ပြီးအခုလိုကာလမှာ စစ်ကောင်စီကို တတ်နိုင်သမျှ ဝေဖန်တိုက်ခိုက်ခြင်း မြေပြင်မှာ ပြဿနာမဖြစ်အောင် ရှောင်လွှဲခြင်း ဖြင့် လုပ်ဆောင်နေရတဲ့ အသွင်မြင်တွေ့နေရပါတယ်။ ဒီပြဿနာက သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ပြဿနာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့အနေနဲ့ နိုင်ငံရေး ဇတ်သွင်းတာမျိုး မလုပ်ပဲ လူထု အကူအညီရဖို့ ပထမ ၊ ဒုတိယ၊ တတိယ ဦးစားပေးအနေနဲ့ မှတ်ယူကာ သည်းခံ ဆက်ဆံနေရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်းဒဏ်ခံရပြီးနောက် သီတင်းပတ်ကြာသည်အထိ စားရေး ၊ နေရေး အခက်အခဲ အကြပ်အတည်းမှ လွတ်မြောက်ဖို့ လမ်းစရှာမရသူ၊ စိတ်ထိခိုက်ကာ ထွက်ပေါက်မရှိသူအချို့  မိမိကိုယ်အဆုံးစီရင်မှုတွေ ရှိနေတဲ့အကြောင်း သတင်းတွေ၊ သတင်းဆောင်းပါးတွေမှာ ဖတ်ရှုနေကြရပါတယ်။ ဆိုင်ကလုန်း သဘာဝဘေးအန္တရာယ်မှ ကံကောင်း၍ အသက်မသေ လွတ်မြောက်ခဲ့ပေမယ့် ဆက်လက်ရှင်သန်ကျန်ရစ်ဖို့ ပိုမိုခက်ခဲတာကြောင့် ထွက်ပေါက်ရှာ ၊ မိမိကိုယ် သေကြောင်းကြံစည်သွားကြသူတွေ တခုမက ရှိလာနေတာ ဖြစ်ပါတယ်။ ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားစဥ်ကလည်း အလားတူ စိတ်ဒဏ်ရာတွေ၊ ထွက်ပေါက်ရှာမှုတွေ ဖြစ်ပွားခဲ့ဖူးပြီး ယခု ဆိုင်ကလုန်း မိုခါ တိုက်ခတ်ပြီးနောက်မှာလည်း အလားတူ အဖြစ်အပျက်တွေ စတင်ကြားသိလာရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုရဲ့ အကျိုးဆက်အပေါ် နိုင်ငံရေးအရ ကန့်သတ်ချက် နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေ လူလုပ်တဲ့ စီမံခန့်ခွဲမှုတွေက မုန်တိုင်းဒဏ်ခံရတဲ့ ဒေသခံတွေ အနေနဲ့ ပိုမိုခက်ခဲဒုက္ခရောက်ကြရပြီး မိမိတို့ အသက်ကို အဆုံးစီရင်မှုတွေ အထိဖြစ်ပွားလာနေတာဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar