Breaking News

လက်စားချေ လုပ်ဆောင်မှုလို့ယူဆရတဲ့ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်က အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံရမှု


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၇ မြင်ကွင်း

(မိုးမခ) ဇွန် ၈၊ ၂၀၂၃


လက်စားချေ လုပ်ဆောင်မှုလို့ယူဆရတဲ့ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်က အမျိုးသမီး ၂ ဦးသတ်ဖြတ်ခံရမှု

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ရိုးကြီးကျေးရွာမှာ နေထိုင်ပြီး ပုဂ္ဂလိက မူကြိုကျောင်းဖွင့်လှစ်ထားတဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တဦးနဲ့ သူ့ရဲ့ တူမဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ဇွန်လ ၆ ရက်နေ့ညနေပိုင်းက မူကြိုကျောင်းဖွင့်လှစ်ထားတဲ့ အိမ်မှာပဲ အမည်မသိတဲ့ သူတွေက လာရောက်သတ်ဖြတ်သွားခဲ့ပါတယ်။ အမျိုးသမီး ၂ ဦးစလုံးကို သတ်ဖြတ်သွားခဲ့တဲ့ ဖြစ်ရပ်ဟာ ရက်စက်တဲ့ သတ်ဖြတ်မှု တခုအဖြစ် သတ်မှတ်ရပြီး ဘယ်လိုအကြောင်းကြောင့် သတ်ဖြတ်သွားသလဲဆိုတာ တိကျတဲ့ အချက်အလက် အထောက်အထားတွေတော့ ထွက်ပေါ်မလာသေးပါဘူး။ သို့ပေမဲ့ အဆိုပါ သေဆုံးသူ ၂ ဦးဟာ အဲဒီရက်ပိုင်းအတွင်း အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့  ဖမ်းဆီးခံရတဲ့သူ ၂ ဦးအနက်က တဦးဖြစ်တဲ့ ကောင်းဇာနည်ဟိန်း (ခေါ်) လပြည့် ဆိုတဲ့ လူငယ်ရဲ့ မိခင်နဲ့ ဝမ်းကွဲ အစ်မဖြစ်နေတယ်လို့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် သတ်ဖြတ်ရတဲ့အကြောင်းက ခုသေဆုံးသွားတဲ့ သူရဲ့ သားဖြစ်သူက အဆိုတော် လီလီနိုင်ကျော်ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရသူ လက်ရှိ စစ်ကောင်စီ ဖမ်းဆီးထားသူ ဖြစ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ရိုးကြီးကျေးရွာထဲက အချို့ကတော့ အဲဒီကျေးရွာတဝိုက်မှာ လူမိုက်လို့ နာမည်ကြီးသူ တဦးနဲ့ အမျိုးသားရေး အစွန်းရောက်တွေက လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်မှုအတွက် မိသားစုဝင်ကို လက်တုံ့ပြန်လက်စားချေတာလို့ ယူဆမှုတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

မြို့တွေမှာနဲ့ အချို့သော ကျေးရွာတွေမှာ စစ်ကောင်စီ ကို ထောက်ခံသူ၊ အရင်က စစ်တပ်မှာ အမှုထမ်းခဲ့သူ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူး၊ ရာအိမ်မှူး၊ စီဒီအမ် မလုပ်တဲ့ ဝန်ထမ်းတွေ၊ တပ်ဘက်ကနေ အရပ်ဘက်ကိုပြောင်းသွားတဲ့ ဌာနဆိုင်ရာ အရာရှိတွေ၊ ကြံ့ခိုင်ရေး ပါတီစည်းရုံးရေးမှူးတွေ၊ စစ်ကောင်စီ ကို ထောက်ခံတယ်လို့ ယူဆတဲ့ ဘုန်းတော်ကြီးအချို့၊ ထောက်ခံသူတွေ နဲ့အမျိုးသားရေး အစွန်းရောက်လို့ သတင်းမီဒီယာတွေက ခေါ်ဝေါ်ကြတဲ့ မဘသ အဖွဲ့ဝင်ဟောင်းတွေ နဲ့ သတင်းပေးလို့ စွပ်စွဲခံရသူတွေ ကို စစ်ကောင်စီ ထောက်တိုင်လို့ ခေါ်ဆိုသတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားလာတာ ၂ နှစ်ဝန်းကျင်ရှိနေတာ ဖြစ်ပါတယ်။ ဒီလို လုပ်ကြံသတ်ဖြတ်ခံရတဲ့အရေအတွက်ကို စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာ ၄၇၀၀ ကျော် ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။ 

အခုလို အရပ်သားတွေကို စစ်ကောင်စီ ဒေါက်တိုင်၊ စစ်ကောင်စီရဲ့ ယန္တရားမှာ ပါဝင်လုပ်ကိုင်ပေးနေသူလို့ စွပ်စွဲမှုတွေနဲ့ သတ်ဖြတ်မှုတွေ များပြားလာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်ကို တစိတ်တပိုင်းအားဖြင့် ထိခိုက်စေနိုင်ပါတယ်။ 

တဖက်မှာတော့ စစ်ကောင်စီ ရဲ့ လက်နက်ကိုင် စစ်တပ်တွေက ကျေးရွာတွေ ဝင်ရောက်တဲ့အခါ အမျိုးသား လူကြီးလူငယ်မရွေး လက်နက်ကိုင် တော်လှန်နိုင်တဲ့ အရွယ်လို့ ယူဆတဲ့ အသက် ၁၅နှစ်ဝန်းကျင်ကနေ အသက် ၆၀ နီးပါးအထိကို ဖမ်းဆီးနှိပ်စက်တာ သတ်ဖြတ်တာတွေ နေ့စဥ်နီးပါး လုပ်ဆောင်လေ့ရှိသလို၊ စစ်ကောင်စီရဲ့ စစ်ကြောရေးလို့ခေါ်တဲ့ တပ်နဲ့ ထောက်လှမ်းရေး လက်ထဲ ခေါ်သွားပြီး အသက်ဆုံးရှုံးရတဲ့ အမှုတွေလည်း တရာကျော်လာနေတာ တွေ့ရမှာပါ။ 

၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက ရွှေပြည်သာက အန်အယ်လ်ဒီ သင်တန်းကျောင်း တာဝန်ခံ တဦး၊ ပန်းပဲတန်းမြို့နယ်က အန်အယ်လ်ဒီပါတီ စည်းရုံးရေးမှူးတဦးတို့ စစ်ကြောရေးမှာ ညတွင်းချင်း အသက်ဆုံးရှုံးရတဲ့ အမှုတွေက အားလုံးသိပြီးဖြစ်ပါတယ်။ 

ဒါ့အပြင် မုန်တိုင်ပင် ရွာလို၊ ညောင်ပင်သာရွာလို ၊ ဖရူဆိုက မိုဆိုးကျေးရွာအနီးမှာ သတ်ဖြတ် မီးရှို့ ခံရတဲ့ အဖြစ်အပျက်လို၊ ပဇီကြီး ကျေးရွာ၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းလို အဖြစ်အပျက်တွေမှာလည်း စစ်ကောင်စီ တပ်တွေရဲ့ လက်ချက်နဲ့ လူရာနဲ့ချီ၊ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြပြီးဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကို မှတ်တမ်းတင် အချက်အလက်ကောက်ယူမှုတွေအရ အရပ်သား သေဆုံးမှု ၄၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ထောက်ခံသူတွေ ၄င်းတို့ အကာအကွယ်ပေးထားသူတွေလို့ ယူဆရတဲ့ ၄င်းတို့ဘာသာ ၄င်းတို့ သွေးသောက်အဖွဲ့ လို့ နာမည်ပေးထားတဲ့အဖွဲ့က သတ်ဖြတ်ခဲ့တဲ့ အရေအတွက်လည်း ဒါဇင်အနည်းငယ် ရှိခဲ့ပါတယ်။ 

ယခင်နှစ် ဧပြီလမှာ ပေါ်ထွက်လာတဲ့ သွေးသောက်အဖွဲ့ ရဲ့ လှုပ်ရှားမှုတွေက လအနည်းငယ်အကြာမှာ ပြန်လည် ငြိမ်သက်သွားခဲ့ပြီး အခု လတ်တလော ထန်းတပင်မြို့နယ် ရိုးကြီးကျေးရွာက အဖြစ်အပျက်က သွေးသောက်အဖွဲ့ ရဲ့ လှုပ်ရှားမှုမျိုးနဲ့ အလားသဏ္ဌာန်တူတာလည်း တွေ့ရပါတယ်။ ၄င်းတို့ဘက်က တဦး အသတ်ခံရရင် အန်အယ်လ်ဒီ ထောက်ခံသူဘက်၊ ပီဒီအက်ဖ် ထောက်ခံသူဘက်နဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေကို လက်စားချေ လက်တုံ့ပြန်မယ်ဆိုတဲ့ သဘောမျိုး နဲ့ လုပ်ဆောင်ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီရဲ့ ရက်စက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက မြန်မာတင်မက ကမ္ဘာကလည်း သိရှိပြီးဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားတဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်လာတာ အရပ်သားတွေကို အမေးအမြန်းမရှိ မြို့တွေ ရွာတွေရဲ့ လမ်းမပေါ်မှာ ပစ်သတ်တဲ့အမှုတွေ တခုမှ ကျူးလွန်သူအပြစ်ပေး အရေးယူခံရတာမရှိပဲ အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေတာလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ အခု နောက်ဆုံးဖြစ်ပွားတဲ့ လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်နွှယ်ပြီး မိသားစုဝင် အမျိုးသမီး ၂ ဦးကို ရက်စက်စွာ သတ်ဖြတ်မှုက နှစ်ဖက်လုံးက ကျူးလွန်နေတယ်လို့ ယူဆရတဲ့ အရပ်သားပစ်မှတ်တွေ သတ်ဖြတ်ခံနေရခြင်း ပိုမိုမြင့်တက်လာတာကို ညွှန်ပြနေတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar