မိုး သက် ငြိမ် ဦး - ငတ်ခြင်းတရား
ငတ်ခြင်းတရား
မိုး သက် ငြိမ် ဦး
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၃
ရောဂါဘယဘေး စစ်မက်ဖြစ်ပွားခြင်း
ဘေးဘယာလိုပဲ
ငတ်မွတ်ခြင်းကလဲဥပါဒ်ဖြစ်စေတဲ့ဘေးပဲ ။
ကပ်ကြီး၃ပါးစလုံးနဲ့ကြုံတွေ့နေရတဲ့အဖြစ်
ရန်သူမျိုး၅ပါးနဲ့ဆုံစည်းနေရတဲ့အဖြစ်
အရှင်လတ်လတ်ငရဲမီးတောက်လောင်နေတဲ့တိုင်းပြည်
အဆူဆူသောဘုရားတို့မျက်နှာလွှဲထားတဲ့နိုင်ငံ
ဆုတောင်းမေတ္တာပို့ခြင်းနဲ့မထိရောက်တော့တဲ့
ကမ္ဘာ ။
အစာရေစာငတ်တယ် အဝတ်အထည်ငတ်တယ်
အသုံးအဆောင်ငတ်တယ် နေစရာထိုင်စရာငတ်တယ် တည်းစရာခိုစရာငတ်တယ် တန်းတူညီမျှခြင်းတွေငတ်တယ် လွတ်လပ်ငြိမ်းချမ်းခြင်းတွေငတ်တယ် လူ့အခွင့်အရေးတွေငတ်တယ် ဥပဒေစိုးမိုးမှုငတ်တယ် လူသားချင်းစာနာထောက်ထားမှုတွေငတ်တယ် တိုင်းပြည်နိုင်ငံငတ်တယ် ကမ္ဘာလောကငတ်တယ်
ငတ်ခြင်းဟာတရားဖြစ်လာတယ် ။
ကျွန်တော့်သားငတ်နေတယ် ကျွန်တော့်သမီးငတ်နေတယ် ကျွန်တော့်မိန်းမငတ်နေတယ်
ကျွန်တော့်သူငယ်ချင်းငတ်နေတယ်
ကျွန်တော့်မိသားစုငတ်နေတယ် ကျွန်တော့်အသိုင်းအဝိုင်းငတ်နေတယ်
ကျွန်တော့်နိုင်ငံငတ်နေတယ်
ကျွန်တော့်ကမ္ဘာငတ်နေတယ်
ငတ်ခြင်းဟာတရားဖြစ်လာတယ် ။
မင်းတို့ကစောက်ငတ်ကြီးတွေပါ လို့ ပြောရင်လဲ
ငတ်ခြင်းဟာတရားဖြစ်လာတယ်
မြေပြင်အခြေအနေအရှိအတိုင်းဆိုရင်လဲ
ငတ်ခြင်းဟာတရား ဖြစ်လာတယ်
ကြွေးကြော်သံတွေ ရုန်းကန်သံတွေ
ဆုတောင်းသံတွေ အကူအညီတောင်းသံတွေကို ဥပေက္ခာပြု နားပင်းနေသူများရဲ့ကမ္ဘာထဲ
ငတ်ခြင်းဟာ တရားဖြစ်လာတယ် ။
ခွေးတွေခြေရင်း လည်မဆင်းဘဲ
ခွေးဖိနပ်အောက် ဒူးမထောက်ဘဲ
ခွေးဝမ်းသာအောင် လေမလည်ဘဲ
ခွေးမျိုးတုံးအောင်အဖန်ဖန်ကြံစီနေရင်းကနေ
ငတ်ခြင်းဟာတရားဖြစ်လာတယ် ။ ။
18.6.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar