Breaking News

ဒီပဲယင်း လွှတ်တော်ကိုယ်စားလှယ် ကို PDF တွေဖမ်းဆီး၊ နွေဦးဖွံ့ဖြိုးရေးဘဏ် မကြာခင် မိတ်ဆက်မယ်ဆို

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၂ မြင်ကွင်း

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၃


ဒီပဲယင်း လွှတ်တော်ကိုယ်စားလှယ်ကို PDF တွေ ဖမ်းဆီး၊ နွေဦးဖွံ့ဖြိုးရေး ဘဏ်မကြာခင် မိတ်ဆက်မယ်ဆို

စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ပကဖ အဖွဲ့တဖွဲ့က ဖမ်းဆီးထားတယ်လို့ သတင်းတွေထဲ ခုရက်ပိုင်း ဖော်ပြလာကြပါတယ်။ သူ့ကို ရွှေဘိုထောင်မှာ ဖမ်းဆီးခံနေရတဲ့ ညီဖြစ်သူကို ထောင်ဝင်စာသွားတွေ့ပြီး အပြန်မှာ ပကဖ အဖွဲ့က ဖမ်းဆီးလိုက်တာလို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ဒီအဖြစ်အပျက်ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်၊ ဒီပဲယင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဖြစ်သူကို ဖမ်းဆီးတဲ့ ပထမဆုံးသော ဖြစ်ရပ် ဖြစ်ပါလိမ့်မယ်။ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ  ဖမ်းဆီးထားတဲ့ ပကဖ အဖွဲ့ကတော့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာမျိုး ထုတ်ပြန်တာမရှိသေးပါဘူး။ 

သတင်းတချို့မှာတော့ ဦးဝင်းမြင့်အောင်ကို ပါတီက ထုတ်ပယ်ထားပြီဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်လည်း မဟုတ်တော့ဘူးလို့ ပြောဆိုထားတာ တွေ့ရပါတယ်။ နောက်သတင်းတပုဒ်မှာတော့ ဦးဝင်းမြင့်အောင်က လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ ပြောဆိုမှုတွေ လုပ်ဆောင်တာကြောင့်လို့ ပြောဆိုတာလည်း ဖတ်ရှုရပါတယ်။ 

သတင်းတပုဒ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြောဆိုတာဖတ်ရှုရပါတယ်။ သို့ပေမယ့် ဘယ်လို ပူးပေါင်းတယ်ဆိုတာမျိုး အထောက်အထားနဲ့ ပြောဆိုတာမျိုးတော့မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီးခါစမှာတော့ ဦးဝင်းမြင့်အောင် အပါအဝင် အခြားသော အန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အိမ်တွေကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေပြီး ပါတီနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သိမ်းဆည်းသွားတာတွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလက လွှတ်တော်ကိုယ်စားလှယ်တွေ နေအိမ်ကနေ တိမ်းရှောင်နေထိုင်နေခဲ့ကြလို့ ဖမ်းဆီးမခံခဲ့ကြရပေမယ့် ဇနီး၊ သားနဲ့ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဦးဝင်းမြင့်အောင်လည်း ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းဖော်ပြချက်တွေ အရသိရပါတယ်။ 

အဲဒီနောက် ယမန်နှစ်က တခြားသော အဖြစ်အပျက်တွေဖြစ်တဲ့ ပါတီပြန်လည် မှတ်ပုံတင်ဖို့ ရုံးပြန်ဖွင့်ဖို့ ကြိုးစားသူ ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်၊ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ပုဒ်မနဲ့ စွဲဆိုတဲ့ အမှုမှာ သက်သေထွက်ဆိုတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းတို့နဲ့ အတူ ပါတီမှ ထုတ်ပယ်ခံရတဲ့အထဲ ဦးဝင်းမြင့်အောင်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

အခု အဖြစ်အပျက်မှာ  အန်အယ်လ်ဒီအနေနဲ့  လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ၄င်းတို့ ထုတ်ပယ်ထားပြီးဖြစ်လို့ မှတ်ချက်မပေးလိုတော့ဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုတာလည်း တွေ့ရပါတယ်။ 

ဖမ်းဆီးထားတဲ့ အဖွဲ့အနေနဲ့တော့ တာဝန်ခံမှုရှိစွာနဲ့ ဘာကြောင့် ဖမ်းဆီးရတယ်၊ ဘယ်လို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်၊ ဘယ်လို ဥပဒေ သို့မဟုတ် စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ အရေးယူမလဲ ဆိုတာတွေကို အသိပေး ထုတ်ပြန်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ယေဘုယျဆန်တဲ့ စွပ်စွဲချက်မျိုးနဲ့ ပြောဆိုတာထက် တိကျတဲ့ အထောက်အထား အကျိုးအကြောင်းနဲ့ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ပါတီမြို့နယ် ဥက္ကဋ္ဌဟောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးကို ဖမ်းဆီးလိုက်ခြင်းက တဖက်မှာ စစ်ကောင်စီ ဆန့်ကျင်တော်လှန်နေကြတဲ့ အင်အားစုတွေ အချင်းချင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီ၊ အချင်းချင်း ဖမ်းဆီးတာတွေ လုပ်နေပြီဆိုတဲ့ ပုံရိပ်ထွက်ပေါ်အောင် စစ်ကောင်စီဘက်က ဝါဒဖြန့်တာတွေ သာမန်ပြည်သူတွေ ထင်မြင်လာစေအောင် လုပ်ဆောင်နိုင်တဲ့ အနေအထားလည်း ရှိနေတာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ် အနေနဲ့တော့ အမျိုးသားညီညွတ်ရေး အစိုးရက နွေဦးဖွံ့ဖြိုးရေးဘဏ် လို့အမည်ပေးထားတဲ့ ဘဏ်ကို တည်ထောင်ပြီးဖြစ်တယ်လို့ အသိပေးလိုက်ပြီး မကြာခင် သီတင်းပတ်တွေအတွင်း အများသိရှိအောင် မိတ်ဆက် ရှင်းလင်းပြောဆိုဖို့ရှိတယ်လို့ ဆိုပါတယ်။ မြန်မာကျပ်ငွေ အပါအဝင် အခြား ငွေကြေးသုံးမျိုးဖြစ်တဲ့ ထိုင်းဘတ်၊ အမေရိကန် ဒေါ်လာ၊ စင်ကာပူဒေါ်လာ တို့ပါဝင်တဲ့ ငွေကြေး ၄ မျိုးကို ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် လုပ်ဆောင်နိုင်မယ်လို့ ကနဦး ပြောဆိုထားတာ တွေ့ရပါတယ်။ အခု ဘဏ်စနစ်ကလည်း ဒစ်ဂျစ်တယ် ဘဏ်စနစ်သာဖြစ်ပြီး ပြင်ပမှာ ဘဏ်ခွဲ၊ ဘဏ်ရုံး စတာတွေ ဖွင့်လှစ်မယ့် သဘောမဟုတ်ဘူးလို့ နားလည်ရပါတယ်။ အွန်လိုင်းက တဆင့် ငွေပေး ငွေယူလုပ်တာ ငွေလွှဲတာတွေ လုပ်ဆောင်မှာဖြစ်ပြီး တကယ့် ငွေစက္ကူ အနေနဲ့ ထုတ်ယူချင်ရင်တော့ အခြားသော ဘဏ်စနစ်နဲ့ ဘယ်လို ချိတ်ဆက် အလုပ်လုပ်မလဲ ဆိုတဲ့ အသေးစိတ်မေးခွန်းတွေ ရှိနေဦးမှာဖြစ်ပြီး လောလောဆယ်တော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ 

အခုလို နွေဦးဖွံ့ဖြိုးရေး ဘဏ်ဖွင့်လှစ်မယ်လို့ မကြေညာခင် NUG အနေနဲ့ ဗဟိုဘဏ်ထူထောင်မယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုမှုရှိခဲ့ပြီး ဗဟိုဘဏ် ထူထောင်ပြီးနောက်မှာ ဘဏ်လုပ်ငန်းလိုင်စင် ချပေးတာမျိုးတွေ လုပ်ဆောင်မယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီနောက် ဗဟိုဘဏ် ထူထောင်တာထက် လက်တွေ့ မှာ အွန်လိုင်း ငွေကြေးအပေးအယူ အလွှဲအပြောင်း လုပ်ဆောင်နိုင်မယ့် ဘဏ်ဝန်ဆောင်မှုကို စတင်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ 

အရင်နှစ်တွေကတည်းက စတင်ခဲ့တဲ့ NUG Pay စနစ်လည်း လည်ပတ်သုံးစွဲသူတွေ ရှိနေတာဖြစ်ပြီး ပြည်တွင်းထက် ပြည်ပရောက် မြန်မာတွေအကြားမှာ သုံးစွဲနေကြတာ ဖြစ်ပါတယ်။ SPB လို့ အတိုကောက် ခေါ်ဆိုတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်က နိုင်ငံတကာ ငွေကြေးစနစ်တွေနဲ့ တနည်းအားဖြင့် အွန်လိုင်းပေါ်က ကိန်းဂဏန်းတွေကို လက်တွေ့ ငွေသား၊ ငွေစာရင်းတွေနဲ့ ဘယ်လိုချိတ်ဆက် လုပ်ဆောင်နိုင်မလဲ ဆိုတာတော့ မကြာခင် မိတ်ဆက်တဲ့ အချိန်ကျရင် အသေးစိတ် ထုတ်ဖော်ပြောဆိုလိမ့်မယ်လို့ ယူဆရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar