Breaking News

နေချိုသွေး - နိုင်ငံတော်အလံမှာ ဆွဲချိတ်ထားရမယ့် တော်လှန်ကြယ်လေး‌တွေ

Art by Than Htay Maung

နိုင်ငံတော်အလံမှာ ဆွဲချိတ်ထားရမယ့် တော်လှန်ကြယ်လေး‌တွေ
နေချိုသွေး
(မိုးမခ) ဇွန် ၉၊ ၂၀၂၃

မျက်ရည်တွေ ရွာကျနေတဲ့နိုင်ငံ‌တော်ကြီး
မုန်တိုင်းမိသွားတဲ့ စိတ်က
ကြေကွဲဝမ်းနည်းမှုတွေနဲ့ ပိုးစိုးပက်စက်ကြီးကိုဖြစ်လို့...။

ကိုယ်ချင်းစာတရားတွေ လိုအပ်‌နေတဲ့အကြောင်း
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကျေးရွာတွေကိုယ်စား
ပြောပြမယ်...

အမိအဖ ညီအကို မောင်နှမတွေ
မျက်စိရှေ့မှာတင် ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့ မြင်ကွင်း
လူမမယ်အရွယ် ကလေးတွေကိုယ်စား
ပြောပြမယ်...

ဖြတ်လေးဖြတ်စစ်ရေးနဲ့
တိုက်ဖျက် အကြမ်းဖက်တဲ့ စစ်အာဏာရှင်လုပ်ရပ်
ဘေးလွတ်ရာပြေးနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုယ်စား
ကိုယ်ချင်းစာတရား ထားတတ်အောင်
ပြောပြမယ်...

ခြေလက်ကိုယ်အင်္ဂါတွေ ချို့ယွင်းကုန်တဲ့ လူစာရင်း
ကြီးကောင်မဝင်ခင် မီးလောင်ပြင် ဖြစ်သွားတဲ့‌ စိုက်ခင်းတွေ ကိုယ်စား
ပြောပြမယ်...

စာသင်ကျောင်း‌တွေ
ဆေးရုံတွေ
ဘာသာရေးအဆောက်အအုံတွေပေါ်
ဗုံးတွေပစ်ချတဲ့ လေယာဉ်ပျံတွေ ကြားအောင်
ကိုယ်ချင်းစာတရားအ‌ကြောင်း ပြောပြမယ်...

ကိုယ့်သွေးသား မိသားစုဖွားမှ မဟုတ်ရင်
တဘို့ထဲကြည့်တဲ့ လူတန်းစားတွေ ကြားအောင်
ပြောပြမယ်...။

ကိုယ်ချင်းစာတရားတွေ ငတ်ငတ်လာတိုင်း
ဒုက္ခသည်စခန်းတွေကိုယ်စား
သုခသည်စခန်းတွေပဲ ရှိစေချင်တယ်...။
အဓမ္မ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူတွေ
အိမ်ပြန်ရောက်မလာကြတော့ဘူး
နာကျင်ကြေကွဲဖွယ် အနိဋ္ဌာရုံတွေနဲ့
ကြယ်မစုံတော့တဲ့ မိသားစုဘဝတွေ
ရှိုက်သံငွေ့ငွေ့ဝဲလို့...။

အာဏာရှင်စနစ်ဆိုးအောက်က
လွတ်မြောက်ဖို့ဟာ ပြင်းထန်ကြမ်းတမ်း
နောက်မဆုတ်စတမ်း
ကလောင်တဖက် သေနတ်တလက်နဲ့ လမ်း
တရားမျှတ လွတ်လပ်ချင်းက‌နေ မသွေဖယ်တဲ့ ကြေညာစာတမ်းကို ရွတ်ဖတ်မယ်

အာဏာရှင်တွေကျဆုံး ပျက်သုဉ်းတဲ့နေ့ ရောက်တဲ့အခါ
ရည်ရွယ်ရာ ပန်းတိုင်ရောက်တဲ့အခါ
နိုင်ငံတော်သီချင်းနဲ့ ထပ်တူဂုဏ်ပြုကြတဲ့အခါ
ဘယ်တော့မှ မကြွေတဲ့ ကြယ်တွေအကြောင်း
ပြောပြမယ်...

အညတရ ကြယ်တွေဆိုပေမယ့်
ဂုဏ်ရောင်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့တဲ့အကြောင်း
ပြောပြမယ်...

နိုင်ငံတော်အလံမှာ ဆွဲချိတ်ထားရမယ့်
တော်လှန်ကြယ်လေး‌တွေအကြောင်း
ပြောပြမယ်...။

ကြယ်ဆိုတာ အမှောင်မိုက်ဆုံးအချိန်မှာ
အထွန်းလင်းဆုံး တောက်ပတယ်ဆိုတဲ့အကြောင်း...။
          -          
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar