ရခိုင်ပြည်နယ်မှာ စစ်ကောင်စီမှအပ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ သွားလာခွင့်ပိတ်ပင်၊ ချင်းပြည်နယ်ကို ပြင်ပဧည့်သည် ဝင်ထွက်ခွင့် CNF က ပိတ်ပင်
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၈ မြင်ကွင်း
(မိုးမခ) ဇွန် ၉၊ ၂၀၂၃
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီမှအပ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ သွားလာခွင့်ပိတ်ပင်၊ ချင်းပြည်နယ်ကို ပြင်ပဧည့်သည် ဝင်ထွက်ခွင့် CNF က ပိတ်ပင်
မိုခါဆိုင်ကလုန်း မုန်တိုင်း ရခိုင်ပြည်နယ်ကို တိုက်ခတ်ခဲ့တာ ၁ လပြည့်ဖို့ သီတင်းတပတ်ခန့်အလိုမှာ စစ်ကောင်စီက ရခိုင်ပြည်နယ်တွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်းကူညီရေး အဖွဲ့တွေကိုပါ ကူညီကယ်ဆယ်ရေး သွားလာခွင့် ပိတ်ပင်လိုက်တဲ့ အမိန့်စာကို ဇွန်လ ၇ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ၈ ရက်နေ့က စလို့ ကူညီကယ်ဆယ်ရေး သွားလာခွင့်မရှိဘူးလို့ ကန့်သတ်လိုက်ပါတယ်။
ဇွန်လ ၇ ရက်နေ့မတိုင်ခင် ၆ ရက်နေ့နေ့စွဲနဲ့ ကုလသမဂ္ဂနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ သွားလာကူညီခွင့်ကို ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီးနောက်တရက်မှာ နေပြည်တော်က လာတဲ့ ညွှန်ကြားချက်အရ ရခိုင်ပြည်နယ်ရဲ့ မုန်တိုင်းဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီက တာဝန်ရှိသူ စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ လုံ/နယ် ဝန်ကြီး လက်မှတ်နဲ့ ကန့်သတ်တဲ့အကြောင်းကြားစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အခုလို ကန့်သတ်မိန့်ဟာ ဆိုင်ကလုန်းဒဏ်ကို ဆိုးရွားစွာ ခံစားနေရတဲ့ ရခိုင်ပြည်နယ်လူထုနဲ့ ကူညီကယ်ဆယ်ရေးကို တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်နေကြတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေကို အံ့အားသင့်စေပါတယ်။ စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ လူသေပျောက်မှု ဒီလောက်မရှိဘူးဆိုပြီး ပြောဆိုနေပေမယ့် နေအိမ်၊ စားသောက်စရာ ဆန်၊ ရိက္ခာနဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ကြီးမားစွာ ပျက်စီးထိခိုက်ခဲ့တာဖြစ်ပြီး စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား စတဲ့မြို့နယ်တွေမှာ ဆိုးရွားစွာ ထိခိုက်ခံစားနေကြရတာ ဖြစ်ပါတယ်။ အရေးပေါ် ကူညီရေး လုပ်ငန်းတွေဖြစ်တဲ့ သောက်သုံးရေ၊ စားစရာ ဆန်၊ မုတ်သုံရာသီမှာ အရေးကြီးတဲ့ လုံခြုံတဲ့အမိုးအကာ ရရှိဖို့ နေ့စဥ်အသက်မွေးဝမ်းကျောင်း ပစ္စည်းတွေ ပျက်စီးသွားတာတွေ ပြန်လည်ထူထောင်ဖို့ စတဲ့ လုပ်ငန်းတွေ အများအပြားလုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ၄င်းတို့ လက်ဝယ်ရှိတဲ့အကူအညီတွေ ပေးဖို့ စစ်ကောင်စီရဲ့ ခွင့်ပြုမိန့် ကျယ်ကျယ်ပြန့်ပြန့်အကူအညီပေးနိုင်ဖို့ ညှိနှိုင်း ဆောင်ရွက်မှုတွေကို သီတင်းပတ် ၃ ပတ်ကြာ ကြိုးစားနေခဲ့ကြပုံရပြီး အချို့သောဒေသတွေမှာ အကူအညီပစ္စည်းတချို့ ပေးဝေနေတယ်ဆိုတဲ့ သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာ အခုလို ကန့်သတ်မှု အမိန့်က နောက်ဆက်တွဲ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ စစ်ကောင်စီဟာလည်း ၂၀၀၈ ခုနှစ် နအဖ အစိုးရလက်ထက်ကလိုပဲ သဘာဝဘေးဒုက္ခ ဆိုးရွားစွာ ခံစားရတဲ့ ဧရာဝတီတိုင်းက လူထုကို ပြန်ပေးဆွဲထားတဲ့သဘောမျိုး သက်ရောက်တဲ့ နိုင်ငံတကာ အကူအညီတွေကို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်ကို သဏ္ဌာန်တူ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။
အခုအခြေအနေဟာ ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းရဲ့ အခြေအနေမျိုးနဲ့ အလားသဏ္ဌာန်မတူဘဲ ရခိုင်ပြည်နယ်ရဲ့ အချို့သော ဒေသတွေမှာ ULA/AA လို့ ခေါ်ဆိုတဲ့ AA အဖွဲ့က ထိန်းချုပ်စိုးမိုးထားတဲ့ ဒေသတွေရှိနှင့်နေပြီး ULA/AAအနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေကို ၄င်းတို့ ရှိတဲ့အင်အားနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရခိုင်လူမျိုးစု လက်နက်ကိုင် အဖွဲ့အနေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ နိုင်ငံရေးထက် လူထုကို ကူညီကယ်ဆယ်ရေး ကို ပထမဦးစားပေးထားပြီး တတ်နိုင်သလောက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေချိန် စစ်ကောင်စီက အခုလိုကန့်သတ်မှုတွေ လုပ်ဆောင်လိုက်တာကြောင့် နိုင်ငံရေးမှာ အဖြူနဲ့အမဲသဖွယ် ပိုမို ပေါ်လွင်ထင်ရှားသွားစေမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နောက်ထပ် သမိုင်းတွင်မယ့် ပြစ်မှုတရပ်ကို ကျူးလွန်လိုက်တာလည်း ဖြစ်ပါတယ်။ ဆိုင်ကလုန်း ဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေချိန်တောင် နိုင်ငံရေး အမြတ်ထုတ်ခြင်း၊ လူထုကို ဓားစာခံသဖွယ် ကန့်သတ်ပိတ်ပင်ခြင်း နဲ့နိုင်ငံတကာ အကူအညီတွေကို သံသယကြီးစွာနဲ့ ကန့်သတ်ခြင်းတွေဟာ လူသားထု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုလို့ အမည်တပ်ခေါ်ဝေါ်ခံရမယ့် လုပ်ရပ်မျိုးလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ULA/AA နဲ့ ထိတွေ့ဆက်ဆံကာ ကူညီမှုတွေ လုပ်ဆောင်ဖို့ အခက်အခဲ အတားအဆီးတွေ ရှိကောင်းရှိနိုင်ပေမယ့်လည်း ဖြစ်နိုင်တဲ့ နည်းလမ်းတွေရှာဖွေပြီး အကူအညီလိုအပ်နေတဲ့ ဒေသခံ လူထုတွေဆီရောက်အောင် ULA/AA ကတဆင့်ပေးအပ်ဖို့ ကြံဆောင်သင့်ကြတာလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ချင်းပြည်နယ်ကို ဒေသခံနေထိုင်သူတွေကလွဲလို့ ပြင်ပက သူတွေဝင်ရောက်ခွင့်ကို တားမြစ်လိုက်တဲ့ သတိပေးချက်တခုကို ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲက ဟားခါး နဲ့ထန်တလန်အကြား၊ မတူပီ စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ ဆက်သွယ်ရေးကားလမ်းကို စောင့်ကြည့်ကာ တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ အနေအထားမှာ စစ်ကောင်စီ အနေနဲ့ ပြင်ပက တပ်အင်အား၊ လက်နက် ခဲယမ်း၊ ရိက္ခာစတဲ့ အကူအညီတွေ မဝင်ရောက်အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။
ချင်းပြည်နယ်ဟာ မြင့်မားတဲ့ တောင်တန်းတွေ ၊ တခုထည်းသော မြေပြင်ကားလမ်း စတဲ့မြေမျက်နှာပြင် အတားအဆီးတွေ၊ လူဦးရေ နည်းပါးပြီး မြေပြန့်ဒေသတွေလို တဒေသနဲ့တဒေသ တခုမကတဲ့ ကုန်းလမ်း ၊ ရေလမ်းတွေနဲ့ ဆက်သွယ်ထားတာမျိုး မဟုတ်လို့ လက်နက် ရိက္ခာ အကူတပ်အင်အားပို့ဆောင်ရာမှာ လေကြောင်းကို အသုံးမပြုရင် စစ်ကောင်စီအတွက် ခက်ခဲတဲ့အနေအထား ဖြစ်ပါတယ်။
ချင်းပြည်နယ် အလယ်ပိုင်းမှာ အခြေစိုက်ထားတဲ့ ရှည်ကြာတဲ့ သမိုင်းကြောင်းရှိတဲ့ CNF တပ်ဖွဲ့ အနေနဲ့ အခုလို အမိန့်ထုတ်ပြန်တာဟာ ချင်းပြည်နယ် တခုလုံးကို လွှမ်းခြုံပြီး အမိန့်ကို ဖေါ်ဆောင်နိုင် မနိုင်တော့ တိတိကျကျ မပြောနိုင်သေးပါဘူး။ ချင်းပြည်နယ်ဟာ အခြားသော ဒေသတွေနဲ့ မတူပဲ ချင်းလူမျိုးစု အတွင်းမှာ မျိုးနွယ်စု အလိုက် လက်နက်ကိုင် တပ်ဖွဲ့တွေ ထပ်မံဖွဲ့စည်းထားတာ ဖြစ်ပြီး ၄င်းတို့ စိုးမိုးတဲ့ ဒေသတွေကို ၄င်းတို့ဘာသာ ဆုံးဖြတ်ဖေါ်ဆောင်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် CNF အနေနဲ့ တီးတိန်လို ချင်းပြည်နယ် မြောက်ပိုင်းက မျိုးနွယ်စုတွေအပေါ် သြဇာမလွှမ်းမိုးနိုင်တဲ့ အနေအထားလည်း ရှိတာကြောင့် အခု ထုတ်ပြန်တားမြစ်ချက်နဲ့ ပတ်သက်လို့ ဒေသအလိုက် မျိုးနွယ်စု ချင်းကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေက ဘယ်လို သဘောထားလဲဆိုတာ မသိရှိရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar