Breaking News

မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းကားလမ်း ကေအန်ယူက အသိပေးချက်ထုတ်ပြန်၊ ဆားလင်းကြီးမြို့နယ်က တိုက်ပွဲ၊ မိုးဗြဲမြို့ထဲ အရပ်သား ရုပ်အလောင်း ၅ လောင်းတွေ့


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၀ မြင်ကွင်း

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၃


မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းကားလမ်း ကေအန်ယူက အသိပေးချက်ထုတ်ပြန်၊ ဆားလင်းကြီးမြို့နယ်က တိုက်ပွဲ၊ မိုးဗြဲမြို့ထဲ အရပ်သား ရုပ်အလောင်း ၅ လောင်းတွေ့

မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး နဲ့ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်မြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းတလျှောက် သွားလာနေတဲ့ အရပ်ဖက်ယာဥ်တွေ ခရီးသည်တင်ယာဥ်တွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတင်ဆောင်ကြဖို့ အတူတူ စီးနင်း လိုက်ပါခြင်းမပြုဖို့ အသိပေးစာတစောင် ကေအန်ယူ တပ်မဟာ (၆) လက်အောက်က တပ်ရင်း ၂၇ တပ်မှူးရဲ့ အမည်နဲ့ အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ 

ဒီကားလမ်းကို မွန်ပြည်နယ် တောင်ပိုင်းမှာ နေထိုင်ကြသူတွေနဲ့ တနင်္သာရီတိုင်း မှာနေထိုင်ကြသူတွေ အဓိကအသုံးပြုကြတာဖြစ်ပြီး ဒီလမ်းကြောင်းတလျှောက် မှာ ရေးမြို့နယ် နဲ့ သံဖြူဇရပ်မြို့နယ်အကြား၊ ရေးမြို့နယ်နဲ့ ထားဝယ်ကို ဆက်သွယ်ထားတဲ့ အပိုင်းမှာ မကြာခဏ ပစ်ခတ်မှု တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိတာ သတင်းဖော်ပြချက်တွေ အရသိရှိရပါတယ်။ သို့ပေမဲ့ ကေအန်ယူရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ကေအန်အယ်အေက လှုပ်ရှားမှုတွေထက် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ကြားဖြတ်တိုက်ခိုက်မှုတွေက အများစုဖြစ်ပြီး ကေအန်အယ်လ်အေ အနေနဲ့ တိုက်ခိုက်တာက နည်းပါးပြီး အခု အသိပေးချက်နောက်ပိုင်း ကေအန်အယ်လ်အေရဲ့ စစ်ရေး လှုပ်ရှားမှုပိုမိုများပြားလာနိုင်တဲ့ အလားအလာမျိုးတွေ့မြင်နေရတဲ့ အနေအထားဖြစ်ပါတယ်။ 

မွန်ပြည်နယ်မှာ အရင်ကတည်းကရှိပြီးဖြစ်တဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်တာမျိုးမရှိဘဲ၊ မွန်ပြည်နယ်ထဲမှာ အသစ်ဖွဲ့စည်း ပေါ်ထွက်လာတဲ့ အချို့သော PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေသာ ရှိနေတာ ဖြစ်ပါတယ်။ မော်လမြိုင်မြို့မှာ နှစ်ဆန်းပိုင်းက PDF လက်နက်ကိုင် အစုအဖွဲ့တခု ခိုအောင်းနေတဲ့ ရပ်ကွက်ထဲက နေအိမ်ကို စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတဲ့ အဖြစ်အပျက်က မော်လမြိုင်မြို့မှာ တခုထဲသော အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရေးမြို့နယ် တဝိုက်မှာတော့ အသစ်ပေါ်ထွက်လာတဲ့ ရေးဘီလူးဆိုတဲ့ PDF အဖွဲ့က ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်တာ၊ ရေးမြို့နယ်ထဲက ကျေးရွာတွေ၊ ရေးမြို့တို့မှာ မကြာခဏ တိုက်ခိုက်တာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ကေအန်ယူရဲ့ တပ်မဟာ ၄ နယ်မြေလို့ဆိုတဲ့ ထားဝယ် မြိတ် ဒေသတွေဘက်မှာ ကေအန်ယူနဲ့ စစ်ကောင်စီအကြား တိုက်ခိုက်မှု ဖြစ်ပွားတာ များများစားစား မရှိတာလည်းတွေ့ရပါတယ်။ ကေအန်အယ်လ်အေရဲ့ တပ်ရင်းတခုက တပ်မှူးက လက်မှတ်ထိုးပြီး ယခု ထုတ်ပြန်လိုက်တဲ့ အသိပေးကြေညာချက်က ကေအန်အယ်လ်အေ က စစ်ရေးလှုပ်ရှားမှုတွေ မွန်၊ တနင်္သာရီဒေသမှာ ပိုမိုလုပ်ဆောင်လာနိုင်တဲ့ သဘောလို့ ကောက်ချက်ချကောင်း ချနိုင်ပါလိမ့်မယ်။ 

ဒီနေ့ အဖို့အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ထဲက ဆားလင်းကြီး မြို့နယ် ကျေးရွာအချို့မှာ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ သတင်းဖြစ်ပါတယ်။ မုံရွာမြို့ရဲ့ မြစ်တဘက်ကမ်းဖြစ်တဲ့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ကြရာမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတာလို့ သတင်းတွေက ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွေ ရှိပြီး စစ်အာဏာသိမ်းမှုမဖြစ်ခင် ဆယ်စုနှစ်တခုခန့်ကတည်းက ဆန္ဒပြမှုတွေ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု နှိမ်နှင်းမှုနဲ့ ဖမ်းဆီးမှုတွေ ခံခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ အသံတွေ လေကြောင်းက တိုက်ခိုက်နေတာတွေကို မုံရွာမြို့ကနေ လှမ်းမြင်နေရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။ 

ညောင်ပင်ကြီးကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာ ၁၀ ရွာနီးပါးက လူ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဆိုပါတယ်။ 

ဒီနေ့သတင်းတွေထဲက နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ ကရင်နီဒေသက မိုးဗြဲမြို့က ရပ်ကွက်တခုမှာ ရုပ်အလောင်း ၅ လောင်းတွေ့ရှိရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီတွေ တပ်စွဲထားတဲ့ မိုးဗြဲမြို့ရဲ့ ရပ်ကွက်တခုထဲမှာ KNDF လို့ခေါ်တဲ့ ကရင်နီ အမျိုးသားကာကွယ်ရေး တပ်ဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ဆိုပါတယ်။ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ KNDF တို့မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး မြို့ခံလူထုတွေ အနေနဲ့ မြို့ထဲမှာ ဘယ်လောက် နေထိုင်နေကြသလဲ စတဲ့အချက်အလက်တွေတော့ သတင်းတွေထဲ ဖေါ်ပြမထားကြပါဘူး။ 

ကရင်နီပြည်နယ်ဟာ အခြားသော ပြည်နယ်တွေနဲ့ နှိုင်းယှဥ်ကြည့်ရင် နယ်မြေအားဖြင့် ကျဥ်းမြောင်းသလို လူဦးရေအားဖြင့်လည်း ၃သိန်းခွဲ ကျော်သာရှိတဲ့ ပြည်နယ်တခုဖြစ်ပြီး စစ်အာဏာသိမ်းမှုအပြီး လက်နက်ကိုင် အဖွဲ့တွေထပ်မံဖွဲ့စည်းပေါ်ထွက်လာကာ စစ်ကောင်စီတပ်တွေကို အင်နဲ့အားနဲ့ တိုက်ခိုက်နေတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ကရင်နီပြည်နယ်ဟာ တောင်ငူခရိုင်နဲ့ ထိစပ်နေသလို ရှမ်းပြည်တောင်ပိုင်း ပင်လောင်း ဒေသက တဆင့် နေပြည်တော်နယ်မြေနဲ့လည်း ထိစပ်နေတာဖြစ်လို့ စစ်ရေးမဟာဗျူဟာ အရ အရေးကြီးတဲ့ ဒေသအဖြစ် စစ်ကောင်စီဘက်ကလည်း ယူဆသတ်မှတ်ထားတဲ ဒေသဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar