Breaking News

မြင့်အေး - ဘိုတဲလားဗီလား

Photo- Credit
ဘိုတဲလားဗီလား
မြင့်အေး
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၃

ဘိုတဲလားက နယူးဒေလီအနောက်ပိုင်းရှိ ဗီကပ်ရှ်ပူရီအရပ်မှ ရပ်ကွက်ငယ်တခုဖြစ်၏။
ထိုစဉ်အခါက ရွေးကောက်ပွဲမရှိပါပဲ ကာလသားခေါင်းအဖြစ် တညီတညွတ်တည်း သတ်မှတ်ထားသော ကိုဇင်နိုင် ဆိုသူရှိလေ၏။
မနက်စာ စားပြီးသည်နှင့် ရပ်ကွက်တွင်း သူ၏စီးတော်ယဉ်ဆိုင်ကယ်ဖြင့် လှည့်ပါတ်စစ်ဆေးလေ့ရှိ၏။ ရပ်ကွက်တွင်းမှ ကျွနု်ပ်တို့၏ ဘုစုခရု ကလေးများမှအစ ဝန်ကြီး ဝန်ကလေး၊ ဥက္ကဋ္ဌ အတွင်းရေးမှုးတည်းဟူသော လူတန်းစားပေါင်းစုံနှင့် တွေ့ဆုံနှတ်ဆက် စနဲဘဝေါ နာကြားလေ့ရှိသဖြင့် အကြောင်းအရာတခုဖြစ်တိုင်း သူထံတွင် သတင်းအစုံအလင်ရလေ့ရှိ၏။
သူ့တွင်စိတ်ချယုံကြည်ရသော လက်ထောက် ကိုဟူစိန်လည်း ပါလေ့ရှိ၏။ နိုင်ငံရေးရာသီ ငြိမ်သက်သောကာလများတွင် ဘိုတဲလား ရွာအတွင်း အားကစားပွဲကျင်းပလေ့ရှိ၏ ။အားကစားပွဲကား နှစ်မျိုးနှစ်စားခွဲခြားထားလေ၏ ။ 
အညောင်းခံ၍ ရှုမှတ်ရသော လျှို့ဝှက်သိုင်းကျင့်စဉ်နင့် အနီးအပါးမှ ကျယ်ဝန်းသော ပန်းခြံကြီးအနီးရှိ အားကစားကွင်းတွင် ပြေးလွှား ဆော့ကစားခြင်းဟူ၍ ဖြစ်သတည်း။

လျှို့ဝှက်သိုင်းကျင့်စဉ်အတွက် အထူးစုံထောက်များထားကာ လေ့ကျင့်ကြကုန်၏ ။ ဘိုတဲလား အမျိုးသမီးဂိုဏ်းချုပ်မယ်တော်ကြီး၏ တိုက်ခိုက်လာနိုင်မှုရန်ကို ကာကွယ်ရန် ဖြစ်လေ၏။ မယ်တော်ကြီးသည် သူ၏ ချစ်လှစွာသော အထင်ကရ သိုင်းဆရာကြီး၏ နည်းပညာများ ပြန့်ပွားခြင်း မရှိစေရန် အထူး စောင့်ရှောက်သည် ဖြစ်ရကား ထိပ်တန်းသိုင်းဆရာကြီးမပါပဲ သိုင်းကျင့်စဉ် ဖြစ်မြောက်အောင် ပြည့်စုံစွာ မလေ့ကျင့်နိုင်သည်ကို သိသဖြင့် ဆရာကြီး၏ ခြေလှမ်းကို သူ၏အထောက်တော်များမှတဆင့်ဖြစ်စေ တိကျပါကလူကိုယ်တိုင်ဖြစ်စေ လာရောက် ဖြိုခွဲတတ်သဖြင့် အဖွဲ့သားများက ဆက်သား ၊အထောက်တော် အဆင့်ဆင့်ထားကာ ကျင့်ကြရခြင်းဖြစ်ပေတော့သည်။ 

ဘိုတဲလားဘောလုံးကွင်းကြီးတွင်ကျင်းပ သော ဆောင်းရာသီ အားကစားပွဲတော်ကား လွန်စွာစည်ကားသိုက် မြိုက်လေ၏။ ဗမာ၊ ချင်း၊ ကချင်၊ ရခိုင် စသောလူမျိုးပေါင်းစုံ၏ အစားအသောက်များလည်း ရောင်းချသည်ဖြစ်ရကား ကျွန်ုပ်တို့သာမက ဒေသခံအိန္ဒိယ သားများပင် လာရောက်အားပေးသည်အထိ စွဲဆောင်နိုင်ခဲ့လေ၏ အားကစားတွင်လည်း ဘောလီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ထုပ်စည်းတိုး ၊ကြပ်တောင် စသောမျိုးစုံပါဝင်အောင်စီစဉ်ကြသည်ဖြစ်သဖြင့် စည်ကားသိုက်မြိုက်ခြင်းလည်း ဖြစ်၏။ ဒေသခံအိန္ဒိယသားများပင် ကျွန်ုပ်တို့ကဲ့သို့ အားကစားပွဲတော် ကျင်းပနိုင်ခြင်းမရှိကြပေ။ 
ပွဲတော်အတွင်း အကြီးတလုံး အသေးတလုံး လူများလည်းပါဝင်ကြလေသဖြင့် ရံဖန်ရံခါ ခိုက်ရန်ဖြစ်ပွားတတ်သော်လည်း အားကစားကော်မတီ၏ ဖြန်ဖြေမှုဖြင့် ပြီးပြတ်ကြသည်သာ ဖြစ်၏။ အမှုအခင်းကြီးမားစွာ မဖြစ်ခဲ့သည်ကို ဂုဏ်ယူထိုက်ပေ၏။
ဘိုတဲလားရွာတွင် ဂေါပက အဖွဲ့လည်းရှိသကဲ့သို့ ခရစ်ယာန်သင်းအုပ်ဆရာများလည်းနေထိုင်ကြ၏။ အစ္စလာမ်နှင့် ဟင်ဒူဘာသာဝင်များလည်းနေထိုင်၏ ။ ကျွန်ုပ်တို့သည် နိုင်ငံရေးဆောင်ရွက်နေကြသည် ဖြစ်ရကား ရံဖန် ရံခါ အတိုက်အခံ အငြင်းအခုံ ပြုခဲ့ကြရသည်များရှိခဲ့သည် မှန်သော်ငြားလည်း ဘာသာရေးနှင့် လူမှုရေးတွင်ကား လွန်စွာ ချစ်ကြည် ညီညွတ်ခဲ့ကြသည်ဟု ဆိုရချေတော့မည်။ 
ဆိုရချေဦးအံ့။
ခရစ်ယာန်တို့၏ ခရစ်စမတ်ပွဲတော်တွင် ကျွန်ုပ်တို့သည် ပျော်ရွှင်စွာပါဝင်၍ တေးသီချင်းသီဆို ကခုံကြခြင်း၊ အတူတကွစားသုံကြခြင်း ပြုသကဲ့သို့ အစ္စလန်တို့၏ ဥပုတ်ထွက်သည့် အဒ်ကာလတွင်လည်း အစ္စလန်ဘာသာဝင်များ ကျွေးမွေးသောအစားအစာများကို ပျော်ရွှင်စွာသွားရောက်စားသောက်ခြင်းဖြင့် ချစ်ကြည်လေးစားမှုကို ပြခဲ့ကြ၏။

ဘိုတဲလားရွာတွင် ရွာဦးကျောင်းဆရာတော် ရှိ၏ ဆရာတော်သည် ဘိုတဲလားမှ ခရီးသုံးတိုင်မျှ ကွာဝေးသော ပါချင်းဗီဟား အရပ်ရှိ ရှစ်လေးလုံး ကျောင်းတိုက်တွင်သတင်းသုံးတော်မူ၏ ။ ဆရာတော်ဘွဲ့ အမည်ကား ဦးပညာဝရ မည်၏ ဆရာတော်သည် ထိုခေတ်ထိုအချိန်ခါက ဖွဲ့စည်းတည်ထောင်ခဲ့သော ရဟန်းပျိုသမဂ္ဂမှ အနောက်ပိုင်းဆိုင်ရာ အကြီးအမှုးချုပ်ဖြစ်၏။ မန္တလေးရှိ နာမည်ကျော်မစိုးရိမ်ကျောင်းတိုက်မှ ပညာသင်ကြားတတ် မြောက်ခဲ့သော ရဟန်းသံဃာ ဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့ကဲ့သို့ အမေးအမြန်း ကပ်ဖဲ့တတ်သောသူများအား အချက်ကျကျ ဖြေရှင်းနိုင်သဖြင့်လည်း ဩဇာတက္ကိမကြီးလေ၏။ သူ၏ကျောင်းမှ ကပ္ပိယသည် အစ္စလာမ်ကိုးကွယ်သည့် ကျောင်းသားဖြစ်လည်းဖြစ်နိုင်သလို အခါအားလျော်စွာ အစ္စလာမ်နှင့် ခရစ်ယန် ဒါယကာ ဒါယကာမများက ဆွမ်းကပ်သည်ကြသည်လည်း ရှိ၏ ။
ဤကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှုခြင်း၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန် တည်းဟူသော ရိုးရာပွဲတော်များ အခါမလပ်ကျင်းပ ကြ၏ ။ဤပွဲများဖြစ်မြောက်စေရန် ဂေါပက ကြီး ကိုရဲမြင့်စိုးက အမှုးပြု၍ ဆောင်ရွက်လေ့ရှိ၏ ။ ပွဲတော်ကျင်းပချိန်တွင်ကား ဆိုခဲ့ပါသော ဘာသာကြီးလေးမျိုးကို ယုံကြည်ကိုးစားကြကုန်သော ဘိုတဲလားရွာသားများ စည်ကားသိုက် မြိုက်စွာ ပါဝင်ဆင်နွှဲကြလေ၏။ 
ပွဲတော်အတွင်းတွင် အားကစားပွဲ၊ အမေးအဖြေ ပဟေဠိများ ဖြေဆို ပြိုင်ပွဲများကိုလည်း ဆရာတော်ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်လေ့ရှိ၏ ။ အချိ့နှစ်များတွင် ကျောင်းဝန်းအတွင်းပြဇာတ်ခင်းခဲ့သည်ပင်ရှိခဲ့ပါ၏။
ကျွနု်ပ်အမှတ်ရဆုံးကား တသက်နှင့်တကိုယ် ဘယ်သောအခါမှဆုမရခဲ့ဘူးသော ကျွနု်ပ်သည်ပိုက်ကျော်ခြင်း ရွှေတံဆိပ် ပထမတန်းဆုကြီးဆွတ်ခူးခဲ့သည်ပင်ဖြစ်တော့၏။

(မှတ်ချက်- ပုံကို ကိုရဲမြင့်စိုး အကောင့်မှ ယူသုံးပါတယ်။  ဒါရိုက်တာ မိုးဦး၏ “ဗိမ္မသာရ “ တေးသရုပ်ဖော် ဇာတ်အဖွဲ့ သားများဖြစ်ပါတယ်။)
မြင့်အေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar