Breaking News

‌ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သ၀ဏ်လွှာများက ပြောသော စစ်ကိုင်းဖိုရမ်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သ၀ဏ်လွှာများက ပြောသော စစ်ကိုင်းဖိုရမ်

(မိုးမခ) ဇွန် ၆ ၊ ၂၀၂၃


သဝဏ်လွှာပေးပို့သူများ၊ အဖွဲ့များသည် လက်ရှိမြေပြင်တော်လှန်ရေးက ဖြစ်ကြရာ စစ်ကိုင်းနှင့် စစ်ကိုင်းဖိုရမ်ကို သဝဏ်လွှာများကတဆင့် ပုံဖော်ကြည့်ရလျှင် ပို၍ ကြည်လင်မည်ဟု ထင်မြင်မိသည့်အလျှောက်... 

၁။ "စစ်ကိုင်း ဆိုသည့်အမည် ကြားလိုက်ရလျှင်ပင် ရှစ်လေးလုံးလူထုအရေးတော်ပုံကာလ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့တွင် စစ်ကိုင်းသူ စစ်ကိုင်းသား ပြည်သူများ(၃၀၀)ကျော်ကို ပစ်ကွင်းတခုထဲသို့ ထောင်ချောက်ဆင်ခေါ်ယူပြီး အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ကို ပအိုဝ်းပြည်သူများအပါအဝင် ပြည်ထောင်စုဖွားအားလုံးက ယနေ့တိုင် မေ့ဖျောက်၍ မရနိုင်သေးပါ။ ထိုဖြစ်ရပ်ကပင် တပြည်လုံး လူထုအုံကြွတော်လှန်မှုကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးခဲ့ပါသည်။ စစ်ကိုင်းပြည်သူတို့ရေးထိုးခဲ့သည့် သွေးမော်ကွန်းတရပ်အဖြစ် အစဉ်အမြဲ ဦးညွှတ်ကျလျက် ရှိပါသည်" ဟု စစ်ကိုင်းသမိုင်းဂုဏ်ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ သဝဏ်လွှာရေးထိုးပေးပါသည်။ 

၂။ "အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ တိုက်ခိုက်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဘဝဖြင့် နေ့စဉ်လူနေမှုဘဝအခက်အခဲများကို ခါးစီးရုန်းကန်နေကြရသော ဒေသခံများကိုလည်း လေးစားစွာ စာနာမိကြောင်း" မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့မှ သဝဏ်လွှာပို့သည်။

၃။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း "စစ်ကိုင်းတိုင်းသည် ဗမာ၊ ချင်း၊ ရှမ်း၊ နာဂ၊ ကတူး၊ ကနန်း စသည့် တိုင်းရင်းသား လူမျိုးစု/ မျိုးနွယ်စုများစွာ တည်ရှိနေပြီး နေရာဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့များ မြောက်များစွာ တည်ရှိနေပါသည်။ သို့သော် တော်လှန်ရေးတပ်ဖွဲ့များကို ဦးဆောင် မောင်းနှင်နိုင်မည့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဌ (Political Leading Role) လည်း ရှိဖို့ လိုအပ်နေပါသည်" ဟု သုံးသပ်သည်။ 

၄။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရ.တ.က.သ)က "နွေဦးတော်လှန်ရေး၏ အစပထမ သပိတ်အရှိန်အားကောင်းသောကာလများတွင် စစ်ကိုင်းဒေသရှိ လူထုသပိတ်များ၏ စည်းလုံးမှု၊ စုဖွဲ့မှု၊ တိုက်ပွဲဖော်ဆောင်မှုများသည် ကျွန်ုပ်တို့အတွက် လွန်စွာမှ အားကျခဲ့ရသော တိုက်ပွဲဖော်ဆောင်မှုများ ဖြစ်ခဲ့ကြသည်။ ထို့အပြင် သပိတ်တိုက်ပွဲများကို ဖက်ဆစ်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီးနောက်တွင်လည်း ပြည်သူလူထုက ရရာလက်နက်နှင့် ခုခံကာကွယ်မှု၊ သပိတ်တိုက်ပွဲများကို လက်ဆင့်ကမ်းဖော်ဆောင်နေမှုများကို ရဲဘော်များမှ ရဲရဲဝံ့ဝံ့လုပ်ဆောင်ခဲ့ကြပြီး ယခုအခါ စစ်ကိုင်းဒေသသည် သပိတ်တိုက်ပွဲများ၊ လက်နက်ကိုင်တိုက်ပွဲများ ဝေဝေဆာဆာဖြင့် နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံမှ စစ်အာဏာရှင်အား တော်လှန်နေသည့် တော်လှန်ဒေသတခုဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် အချို့ဒေသများတွင် မိမိတို့ဘက်မှ အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ လှုပ်ရှားသွားလာနိုင်ခြင်းတို့သည် တော်လှန်ရေးခရီးကြမ်းကြီးမှ ရရှိလာသည့် အသီးအပွင့်များပင်ဖြစ်သည်" ဟု စစ်ကိုင်းဒေသကို ပုံဖော်ပြထားသည်။ 

၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက "နွေဦးတော်လှန်ရေးတွင် တိုင်းလုံးကျွတ်ပါဝင်ကာ နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေကြသော စစ်ကိုင်းတိုင်း" ဟု ဝိသေသနပြုသည်။ 

၆။ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ - ဗဟို) ကလည်း "စစ်ကိုင်းတိုင်းသည် လက်ရှိနွေဦးတော်လှန်ရေးအတွက် အဓိကခံဆောင်ပေးထားသော စစ်ရေးဒေသတရပ်လည်းဖြစ်ပြီး တော်လှန်သွေးတို့မှာလဲ ခြောက်ကပ်မသွားပဲ စွေးစွေးနီလျက် ရှိနေကြသေးသည်" ဟု ခြယ်မှုန်းသည်။ 

၇။ Monywa Nightking အဖွဲ့ကလည်း "စစ်အာဏာရှင်၏ အနိုင်ကျင့်ဗိုလ်ကျမှု မတရားအာဏာသိမ်းမှုကို ခေါင်းငုံ့မခံသည့် ပြည်သူတရပ်လုံး၏ ငြိမ်းချမ်းစွာ ဆန္ဒပြရာမှစ၍ လက်နက်ဆွဲကိုင်တော်လှန်သည်အထိ စစ်ကိုင်းတိုင်းမှ ပြည်သူတရပ်လုံးကလည်း နေအိမ်မီးရှို့ ဗုံးကြဲတိုက်ခိုက်ခံရသော်လည်း ယနေ့အချိန်ထိ ကြံ့ကြံ့ခံပါဝင်သည်မှာ တော်လှန်ရေး၏အောင်ပွဲပင်ဖြစ်သည်" ဟု သုံးသပ်သည်။ 

၈။ ပြည်သူ့တော်လှန်ရေးတပ်ဦး People's Revolution Front ကလည်း "စစ်ကိုင်းဒေသသည် နွေဦးတော်လှန်ရေးအတွင်း ရန်သူဖက်ဆစ်တပ်၏ အပြင်းအထန် ယုတ်မာ ကောက်ကျစ် ချေမှုန်းမှုများကို ခါးဆီး ရင်ဆိုင်နေရသော ဒေသတခုဖြစ်သည်နှင့်အညီ ယခုကဲ့သို့ နိုင်ငံရေးအရ စုစည်းမိလာခြင်းသည် ပြည်သူ့တော်လှန်ရေးအတွက် သမိုင်းဆိုင်ရာ နိုင်ငံရေးဖြစ်ထွန်းမှုတခု ဖြစ်ပေသည်" ဟု သုံးသပ်ထားသည်။ 

၉။ ကိုဇေယျာလွင် 96 SOLDIERS - PDF(အညာဒေသ)ကလည်း " စစ်ကိုင်းမြေဟာဆိုရင် စစ်အာဏာရှင်တွေကို တော်လှန်တဲ့စဦးပိုင်းကထဲက လက်နက်မဲ့တိုက်ပွဲဖြစ်တဲ့ သပိတ်တိုက်ပွဲတွေမှာ အင်အားကောင်းကောင်းဖြင့် လူထုကို ဦးဆောင်နိုင်ခဲ့တဲ့မြေပါ" ဟု ဂုဏ်ပြုပြီး "အခုလို နိုင်ငံရေးအရ စုဝေးပြီး ဆွေးနွေးညှိနှိုင်းမည့် အားလုံးပါဝင်သော စစ်ကိုင်းဖိုရမ်လိုမျိုး စုပေါင်းအစည်းအဝေးကြီးသည် လက်ရှိ တော်လှန်ရေး (၂) နှစ်ကျော်လာသည့်အချိန်မျိုးတွင် အင်မတန်မှ လိုအပ်နေသော နိုင်ငံရေးကွင်းတခု" ဟု ဆိုပါသည်။ 

၁၀။ မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း "စစ်ကိုင်းဒေသရှိ ပြည်သူများ၏ ရပ်တည်ချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဤဖိုရမ်မှတဆင့် ဖော်ဆောင်သွားနိုင်မည်" ဟု ပုံဖော်သည်။ 

၁၁။ ယောကာကွယ်ရေးတပ် - YDF အနေဖြင့်လည်း "ပြည်သူ့အကျိုးအတွက် တိုးတက်မှုများမည်" ဟု ယုံကြည်ကြောင်း ပေးပို့သည်။ 

၁၂။ NUCC ၏သ၀ဏ်လွှာတွင် "ပြန်လည်အစားထိုးမရနိုင်သော ဆုံးရှုံးမှုများကြားတွင်ပင် စစ်ကိုင်းဖိုရမ်ကို ကျင်းပ၍ လက်နက်ကိုင်တော်လှန်ရေးအားကောင်းပြီးဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဘုံနိုင်ငံရေးဦးဆောင်မှုတခု ထပ်မံဖော်ထုတ်၍ ရှေ့ဆက်ချီတက်ရန်" ဟု ဖော်ပြသည်။ 

၁၃။ "နိုင်ငံရေး/တော်လှန်ရေးဖြစ်စဉ်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရေးရည်ရွယ်လျက် စစ်ကိုင်းဖိုရမ်ပြုလုပ်ခြင်းသည် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးအတွက် ချိပ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွှတ်မှုနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုအားကောင်းလာမည်" 

"စစ်ကိုင်းတိုင်းတခုလုံးကို နိုင်ငံရေး စစ်ရေးကို ဦးဆောင်နိုင်မည့် အစုအဖွဲ့/အင်အားစု အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေကြောင်း" ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ဆန္ဒပြုသည်။

၁၄။ ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီကလည်း "နွေဦးတော်လှန်ရေးကြီးသည်လည်း အရှိန်အဟုန်ကြီးမားလာသည့်အလျောက် စစ်ရေးနှင့် နယ်မြေထိန်းချုပ်လာနိုင်မှုများမှာလည်း များစွာ ရရှိနေပြီဖြစ်သည်။ တချိန်တည်းတွင်ပင် နိုင်ငံရေးအရ ဦးဆောင်မှုလည်း ပိုမိုတိုးမြှင့်လာရန် လိုအပ်လာပါသည်" ဟု အခြေအနေကို ဖော်ပြသည်။ 

၁၅။ "အကြမ်းဖက်စစ်တပ် အပြီးသတ်ပြုတ်ကျရေးအတွက် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီချာတာတွင် အတည်ပြုထားသော နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့်အတူ နိုင်ငံရေးလမ်းပြမြေပုံတို့ကို အကောင်အထည်ဖော်ရန်အတွက် စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ ပေါ်ပေါက်လာရန် ကြိုးပမ်းခြင်း" ဟု တအာန်း နိုင်ငံရေး အတိုင်ပင်ခံကော်မတီက ထောမနာပြုသည်။ 

၁၆။ Bumar Federal Study Group ကလည်း "ဒေသတွင်း နိုင်ငံရေး/တော်လှန်ရေးအင်အားစုအသီးသီးနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စစ်ကိုင်းဖိုရမ်ကို ကျင်းပနိုင်ခြင်းဖြစ်သည့်အတွက် ဖြစ်မြောက်ရေးအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံရေး/တော်လှန်ရေးအင်အားစုများ၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများအတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်" ဟု ဆိုသည်။ 

၁၇။ "ယခုပြုလုပ်သည့် စစ်ကိုင်း‌ဖိုရမ်(နှီးနှောဖလှယ်ပွဲ)သည် လူထုတော်လှန်ရေးကြားက နိုင်ငံရေးပြဌာန်းချက်အရ တောင်းဆိုလာသည့် နိုင်ငံရေးလိုအပ်ချက်တရပ်ဖြစ်သည်" ဟု မီးမောင်းထိုးပြပြီး "မြေပေါ်မြေအောက်နိုင်ငံရေးအင်အားစုများကြား လက်တွေ့ကျသည့်-နိုင်ငံရေးဆိုင်ရာ အမြင်သဘောထားစုစည်းမှု၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ထိမ်းကျောင်းညှိနှိုင်းမှုများမှာ မလွှဲမသွေ လိုအပ်လာပါသည်" ဟု ဆိုကာ "တနည်းအားဖြင့် ယခုပြုလုပ်သည့် စစ်ကိုင်းဖော်ရမ်သည် ယနေ့နွေဦးတော်လှန်ရေးအတွင်း မြန်မာပြည်တော်လှန်လူထုကြီး၏ နိုင်ငံရေးမျက်နှာစာအသစ်တခုကို ရေးဆွဲပုံဖော်ရန် ကြိုးပမ်းမှုအစ" ဟု မှတ်ယူကြောင်း ABSDFက ဖော်ပြသည်။

၁၈။ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ကလည်း "အကြမ်းဖက်စစ်တပ်အား ခံယူချက်အပြည့်ဖြင့် အင်တိုက်အားတိုက် တော်လှန်နေကြသော မိမိတို့ဒေသတွင်း အင်အားစုများအတွက် လိုအပ်နေသည့်အချိန်တွင် 'စစ်ကိုင်းဖိုရမ်' ပေါက်ပေါက်လာသည့်အပေါ်" များစွာ ဂုဏ်ယူပါကြောင်းနှင့် "တိုင်းအတိုင်ပင်ခံကောင်စီ ဖြစ်မြောက်လာစေရန်အတွက် တော်လှန်ရေးအင်အားစုများစုစည်းပြီး ပထမဦးဆုံးအကြိမ်ကျင်းပမည့် 'စစ်ကိုင်းဖိုရမ်' မှတဆင့် အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် လိုအပ်မည့်အခြေခံသဘောတူညီမှုများအား အတူတကွ ဆွေးနွေးအဖြေရှာနိုင်မည်" ဟု ယုံကြည်ကြောင်းဆိုသည်။ 

၁၉။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)ကလည်း "စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ ဖက်ဆစ်တပ်ကို အကုန်အစင် ဖျက်သိမ်းပစ်နိုင်ရေးအတွက် လူထုစစ်ပွဲသဏ္ဌာန်ဖြင့် ပြတ်ပြတ်သားသား ခုခံဆန့်ကျင် တိုက်ပွဲဝင်နေသည့် ပေးဆပ်မှု၊ တော်လှန်ရေးအရင်းအနှီးထည့်ဝင်မှု ကြီးမားသည့်ဒေသဖြစ်သည်" ဟု တန်ဖိုးထားရှုမြင်ပြီး "ယခုပြုလုပ်သည့် စစ်ကိုင်းဖိုရမ်ကြီးက တော်လှန်ရေးအင်အားစုအသီးသီးကြားက သွေးစည်းညီညွတ်မှုကို အကောင်းဆုံး၊ အခိုင်မာဆုံး စုစည်းတည်ဆောက်ပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းစဉ်များကို ချမှတ် ဆောင်ရွက်သွားနိုင်လိမ့်မည်" ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။ 

၂၀။ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီကလည်း "ယခင်နှစ်များစွာကပင် စစ်အာဏာရှင်တော်လှန်ရေးဆင်နွှဲခဲ့သော်လည်း မအောင်မြင်ရခြင်း၏ အဓိကတချက်မှာ စုပေါင်းဆောင်ရွက်မှု အားနည်းခြင်းဖြစ်သည်။ ယခုအခါ စစ်ကိုင်းဒေသမှ တော်လှန်ရေးအင်အားစုများအနေဖြင့် အဆိုပါ 'စုပေါင်းဆောင်ရွက်မှုအားနည်းခြင်း' အကျပ်အတည်းအား ကျော်လွှားရန်အတွက် စစ်ကိုင်းဖိုရမ်မှတဆင့် အဖြေရှာနိုင်မည်" ဟု မျှော်လင့်ကြောင်း ဆိုထားသည်။ 

၂၁။ တ.က.သ ကျောင်းသားဟောင်းများအင်အားစုမှ ပေးပို့သောသဝဏ်လွှာတွင် "စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာတွင် လက်နက်ကိုင်တော်လှန်ရေးတင်မက အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်သွားရမည်ဖြစ်ရာ ဤစစ်ကိုင်းဖိုရမ်ဖွဲ့စည်းခြင်းသည် ဒေသတွင်း နိုင်ငံရေး/အုပ်ချုပ်ရေးစသည့်ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ကြီးစွာသော တိုးတက်ပြောင်းလဲမှုကို ဆောင်ယူလာမည်" ဟု မျှော်မှန်းကာ "စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ၏ စုပေါင်းမှုနှင့် အမြင်ကျယ်မှု၊ ပြည့်ဝမှုတို့သည် နွေဦးတော်လှန်ရေးအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ဆောင်ယူလာစေပြီး၊ အနာဂတ် နိုင်ငံသားများအတွက် မှတ်ကျောက်တင်ဖွယ် စံနမူနာကောင်းတခု ဖြစ်ပါစေကြောင်း" ဖော်ပြထားပါသည်။ 

၂၂။ ပြည်သူ့ပန်းတိုင်အဖွဲ့ကလည်း "ဒေသနိုင်ငံရေး အင်အားစုအဖွဲ့ ပေါ်ပေါက်ရေးအတွက် တိုင်းအတွင်း နိုင်ငံရေးအင်အားစုများ၊ မြေပေါက်မြေအောက်ခေါင်းဆောင်များနှင့် ဒေသဆိုင်ရာ တော်လှန်ရေးခေါင်းဆောင်များအားလုံး စုပေါင်းကာ ကျင်းပပြုလုပ်လျက်ရှိသည့် ပထမအကြိမ် 'စစ်ကိုင်းဖိုရမ်' အား ကြောင်မြင်ပါစေကြောင်း" ဆုမွန်တောင်းပါသည်။

၂၃။ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း "Forum သို့ ပါဝင်တက်ရောက်သည့် ခေါင်းဆောင်များအနေဖြင့် စစ်ကိုင်းတိုင်းသည် ပထဝီမြေပြင်အနေအထားအရ အင်မတန်အချက်အချာကျသည့် ဒေသဖြစ်ကြောင်း သတိချပ်ယင်း ဤဖိုရမ်မှ အားလုံးပါဝင်သော နွေဦးတော်လှန်ရေးအင်အားစုကြီးတရပ် ပေါ်ပေါက်လာပြီး စစ်ကိုင်းတိုင်းတတိုင်းလုံး လွှမ်းခြုံသည့် စစ်ရေး၊ အုပ်ချုပ်ရေးရာအားလုံးကို စီမံခန့်ခွဲနိုင်မည့် ခိုင်မာအားကောင်းသော တော်လှန်ရေးလုပ်ငန်းယန္တရားကြီးတရပ် ပေါ်ပေါက်နိုင်ပါစေကြောင်း" ဆန္ဒပြုပါသည်။ 

၂၄။ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကလည်း "စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေးအတွက် စစ်ရေး နိုင်ငံရေးအရ မဟာဗျူဟာကျပြီး ခုခံတွန်းလှန်စစ်ကို အကြီးမားဆုံး ဆင်နွှဲနေရသည့် ဒေသလည်း ဖြစ်ပါသည်။ ထို့ကြောင့် မြေပြင်တွင် ကြုံတွေ့နေရသည့် စစ်ရေး၊ လူမှုစီးပွား၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် အခြားသော အထွေထွေအခက်အခဲများကို အခြေခံကျကျ ဆွေးနွေးအဖြေရှာနိုင်ကြရန်" မျှော်လင့်တိုက်တွန်းပြီး "မတူကွဲပြားသောအမြင်များနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေး အဖြေရှာခြင်းဖြင့် စစ်ကိုင်းဒေသရှိ တော်လှန်ရေးရဲဘော်များ၊ အဖွဲ့အစည်းများ၊ ပြည်သူများကြား တန်ဖိုးကြီးမားသည့် အပြန်အလှန် နားလည်ယုံကြည်မှုများ ရရှိပြီး စစ်ကိုင်းဒေသရှိ အနာဂတ်အတွက်သာမက တော်လှန်ရေးတခုလုံးကိုပါ အကျိုးကြီးမားစေမည့် မဟာဗျူဟာများကို ညှိနှိုင်းဆွေးနွေး ဖော်ဆောင်နိုင်မည်" ဟု ယုံကြည်ကြောင်းလည်း ဖော်ပြသည်။ 

၂၅။ မကွေးလူထုတိုက်ပွဲကော်မတီမှလည်း "စစ်ကိုင်းဒေသတဝှမ်းလုံးအဆင့် နိုင်ငံရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ သွေးစည်းညီညွတ်မှုနှင့် အရေးတကြီးလိုအပ်မည်ဖြစ်သည့် တော်လှန်ရေးမူဝါဒများ၊ အစီအမံများကို ခိုင်မာစွာ ဖော်ထုတ်တည်ဆောင်နိုင်ကာ" ဟု မျှော်လင့်ချက်ကို ပေးပို့သည်။

၂၆။ "နွေဦးတော်လှန်ရေးတွင် စစ်ကိုင်းဒေသသည် ပထဝီမြေပြင်အနေအထား၊ စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျသော ဒေသတခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပိုမိုအားကောင်းခိုင်ခံ့ပြီး မဟာဗျူဟာကျကျ ခုခံတွန်းလှန်နိုင်ရန်အတွက် လိုအပ်လျက်ရှိသော နိုင်ငံရေးကွက်လပ်တွင် စစ်ကိုင်းဒေသအတွင်းရှိ ကဏ္ဌအစုံမှ တော်လှန်ရေးအင်အားစုများအားလုံးပါဝင်သော စစ်ကိုင်းဒေသ အတိုင်ပင်ခံကောင်စီ (သို့မဟုတ်) အစုအဖွဲ့တခုဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်မှုအပေါ် " တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် - TNC ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် "မိမိတို့ TNC မှ မျှော်ရည်သော တနင်္သာရီပြည်နယ်အတွက်လည်း နိုင်ငံရေး၊ တော်လှန်ရေးအား ဦးဆောင်ဆွေးနွေးတိုင်ပင်နိုင်မည့် နိုင်ငံရေးပလက်ဖောင်းတခု ပေါ်ပေါက်လာနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ရာတွင် များစွာခွန်အားဖြစ်ရပါသည်" ဟုလည်း ဆိုထားသည်။ 

၂၇။ "ပထမအကြိမ် စစ်ကိုင်းဖိုရမ်သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပိုမိုစနစ်ကျပြီး စု‌စည်းမှုကောင်းသည့် တိုင်းအဆင့်နိုင်ငံရေးဦးဆောင်မှုအခင်းအကျင်းများ အားကောင်းလာစေရန်အတွက် အထောက်အပံ့ကောင်းများ ဖြစ်လာစေရန်" နှင့် "အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်အနေဖြင့် စစ်ကိုင်းအပြင် တခြားတော်လှန်ရေးနယ်မြေများတွင်လည်း ယခုကဲ့သို့ ညီညွတ်သော စုဖွဲ့မှုများ ပေါ်ပေါက်လာစေရန်" မျှော်လင့်ပါကြောင်း ပေးပို့လာပါသည်။ 

၂၈။ ဒီမိုကရက်တစ်လူငယ်ကောင်စီမှလည်း "နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်စနစ်ကို ရှေးရှုသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသည့် တော်လှန်ရေးတရပ်ဖြစ်သည်နှင့်အညီ စစ်ကိုင်းဒေသ၏ ကံကြမ္မာကို စစ်ကိုင်းရှိ နိုင်ငံရေးနည်းလမ်း၊ လက်နက်ကိုင်နည်းလမ်းနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများ၊ အထူးသဖြင့် ပြည်သူများကပင် ဖန်တီးကြရပေလိမ့်မည် ဖြစ်သည်။ ထို့အပြင် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီကျင့်စဉ်ကို အခြေခံသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်စွာပါဝင်ခွင့်များကို ဖော်ညွှန်းသည့် အလေ့အကျင့်တခုတွင် ယခု စစ်ကိုင်းဖိုရမ်က ပုံဖော်ပြလိုက်နိုင်သည်" ဟုယုံကြည်ကြောင်း ပေးပို့ထားသည်။ 

၂၉။ "စစ်ကိုင်းတိုင်းအတွင်းမှ အများပြည်သူကောင်းကျိုးအတွက် ရှေးရှုကာ တော်လှန်ခရီးဖော်ဆောင်နေကြသော အင်အားစုများ၏ ပါဝင်ဆွေးနွေးမှုများဖြင့် အနာဂတ် ဖက်ဒရယ်ပန်းတိုင်အား လျှောက်လှမ်းနိုင်ရန် အတူကျိုးစားသွားမည်" ဖြစ်ကြောင်း အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)မှလည်း သန္နိဋ္ဌာန်ပြုထားသည်။ 

၃၀။ "စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး အင်အားစုများအနေဖြင့် ယခုကဲ့သို့ ညီညွတ်စွာ ဖိုရမ်တခုကို ကျင်းပနိုင်ခြင်းသည် နွေဦးတော်လှန်ရေးအတွက် ကြီးစွာသော အင်အားတခုဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်လည်း ခြေလှမ်းသစ်တခုလည်း ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်မှ အပြီးတိုင်လွတ်မြောက်ကာ နွေဦးတော်လှန်ရေး၏ ပန်းတိုင်ဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြည့်ဝသည့် ပြည်ထောင်စုတခုဆီသို့ ရောက်ရှိလာစေရန် နီးကပ်လာပြီဆိုသည့် အချက်ပြမှုတခု" ဟု မှတ်ယူကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee (GSC) ပေးပို့သည်။ 

၃၁။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း "စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စုစည်းမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုအားကောင်းလာပြီး အာဏာရှင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့တွင် အင်တိုက်အားတိုက် ပါဝင်လာနိုင်စေရန် စီစဉ်ပြုလုပ်ကြသည့် ပထမအကြိမ်စစ်ကိုင်းဖိုရမ်ကို" ကြိုဆိုကြောင်းနှင့် "အသီးသီးသော လူမျိုးစုများ၊ ဖက်ဒရယ်ယူနစ်များနှင့် တန်းတူရည်တူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခြေလှမ်းကောင်းတခုဖြစ်ပါစေကြောင်း" တိုက်တွန်းထားသည်။ 

၃၂။ KNU=ကရင်အမျိုးအစည်းအရုံးက "နွေဦးတော်လှန်ရေး၏ ပထမဆုံးသော လက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သော ခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်းချက်ခိုင်မာမှု၊ အမျှော်အမြင်ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ် စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်" တိုက်တွန်းပြီး "ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းပါဝင်နိုင်ရန်" လည်း မျှော်လင့်ကြောင်း သဘောထားတင်ပြထားသည်။ 

၃၃။ NUGကတော့ "ပြင်ပပယောဂ" ဟူသော နဝတခေတ်သတင်းစာပင်တိုင်စကားလုံးကို သုံးပြီး သဝဏ်လွှာ ပေးပို့လာသည်။ 

ဤကား စစ်ကိုင်းအခြေအနေ စစ်‌ကိုင်းမြေနှင့် စစ်ကိုင်းဖိုရမ်ပုံရိပ်ပေတည်း။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar