Breaking News

ရန်ကုန်မြို့လယ်က အခွန်ရုံးမှာ ဗုံးကွဲ၊ သိန္နီ၊ စစ်ကိုင်းတိုင်းတို့က တိုက်ပွဲတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၅ မြင်ကွင်း

(မိုးမခ) ဇွန် ၆၊ ၂၀၂၃


ရန်ကုန်မြို့လယ်က အခွန်ရုံးမှာ ဗုံးကွဲ၊ သိန္နီ၊ စစ်ကိုင်းတိုင်းတို့က တိုက်ပွဲတွေ 

ဒီနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ ရှိတဲ့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးရုံးရဲ့ ၃ ထပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၆ ဦးခန့်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကို Brave Eagles လို့အမည်ရတဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ က လုပ်ဆောင်တယ်လို့ ထုတ်ပြန်ထားကြောင်း သတင်းဌာနတခုက ဖေါ်ပြထားပါတယ်။ ဒဏ်ရာရသူ ၆ ဦးထဲမှာ အခွန်လာဆောင်တဲ့ သူ ၂ ဦးပါဝင်တယ်လို့ဆိုပါတယ်။ ကျန် ၄ ဦးက အခွန်ဦးစီးရုံးက ဝန်ထမ်းတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

မကြာသေးခင်က ဒဂုံဆိပ်ကမ်းမြို့နယ်က ရဲစခန်း ပစ်ခတ်ခံရတဲ့ အဖြစ်အပျက်ကလွဲရင် ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေ ဌာနဆိုင်ရာရုံးတွေလိုမျိုးမှာ ဗုံးပေါက်ကွဲမှု  မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရဲကင်း၊ စစ်တပ်ကင်းတို့လို လမ်းဆုံက လုံခြုံရေး ကင်းစခန်းတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်းလာနေတာ တွေ့ရပါတယ်။ ခုလပိုင်းတွေမှာ လက်လုပ်ဗုံးပေါက်ကွဲမှုတွေ နဲ့ စစ်ကောင်စီ နဲ့ ဆက်နွယ်သူတွေလို့ ဆိုတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ၊ စစ်မှုထမ်းဟောင်း အငြိမ်းစားအရာရှိတွေကို လုပ်ကြံသတ်ဖြတ်မှုတွေသာ ရက်အနည်းငယ်တိုင်း ဖြစ်ပွားလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးခင်က လုပ်ကြံသတ်ဖြတ်ခံရသူ ၂ ဦးမှာ တဦးက အမျိုးသားရေး လှုပ်ရှားမှုတွေကို ဆော်သြသူ နဲ့ စစ်တပ်ထောက်ခံသူ အမျိုးသမီးအဆိုတော်တဦးတို့ဖြစ်ပါတယ်။ 

ခုရက်ပိုင်းမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လက်အောက်ခံ ရန်ကုန်တိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ တပ်ရင်း အမှတ် ၅၁၀၁ လို့အမည်ပေးထားတဲ့ တပ်ရင်းကိုဖွဲ့စည်းလိုက်တဲ့အကြောင်းကို အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ချက် ထုတ်ပြီး အသိပေးခဲ့တာဖြစ်ပါတယ်။  စစ်ကောင်စီ ထောက်တိုင်လို့ ဆိုတဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ ဖောက်ခွဲမှုတွေထက် နည်းဗျူဟာကျတဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး NUG လက်အောက်ခံ တပ်ရင်းကိုဖွဲ့စည်းလိုက်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာမှ နိုဝင်ဘာလ ကုန်လောက်ထိ ရန်ကုန်မြို့မှာရှိတဲ့ ပြောက်ကြား တပ်ဖွဲ့တွေ ရာချီ ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ရန်ကုန်မြို့မှာ စစ်ကောင်စီ ကင်းစခန်းတွေ ကင်းလှည့်ကားတွေကို တိုက်ခိုက်မှု လျော့နည်းသွားခဲ့ပြီး ဗုံးဖေါက်ခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေသာ တောက်လျှောက်တွေ့လာရတာ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုတွေရဲ့ အဓိကပင်မ စီမံခန့်ခွဲသူလို့ စစ်ကောင်စီက စွပ်စွဲတဲ့ ကိုဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို ဖမ်းဆီးပြီးနောက် ၉ လဝန်းကျင်အကြာမှာ သေဒဏ်စီရင်ခဲ့ပါတယ်။ 

ဒီနေ့ သတင်းတွေထဲ လက်နက်ကိုင် တိုက်ပွဲအနေနဲ့ ဆိုရင် ရှမ်းမြောက်ဒေသ သိန္နီမြို့နယ်ထဲက အထူးဒေသ (၁) မှာ  ကိုးကန့်တပ်ဖွဲ့လို့ အများသိကြတဲ့ MNDAA ရဲ့ စခန်းနေရာ တချို့ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တရုတ်နိုင်ငံက ကမကထ လုပ်တယ်လို့ ယူဆထားကြတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းသွားပြီးနောက်တရက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

ကိုးကန့်တပ်ဖွဲ့ အနေနဲ့ စစ်အာဏာ မသိမ်းမှီကရော စစ်အာဏာသိမ်းပြီးနောက်မှာပါ စစ်တပ်နဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပိုမိုများပြားလာတာတွေ့ရပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်ဆိုင်းပြီးနောက်တရက်မှာ အခုလို စခန်းတွေကို ထိုးစစ်ဆင်ခြင်းဟာ ငြိမ်းချမ်းရေးကို စကားလုံးအဖြစ်သာ သုံးပြီး နောက်ကွယ်က ရည်ရွယ်ချက်၊ သဘောထား အမှန်က အင်အားသုံး အနိုင်ယူဖို့သာ ရည်ရွယ်ချက်ရှိတာ ထင်ရှားနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးနဲ့ တပြိုင်နက်ထဲ စစ်မျက်နှာဖွင့်ပြီး စစ်ဆင်နွှဲတဲ့ အခြေအနေမရောက်အောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ပရိယာယ်အားဖြင့် အပေးအယူလုပ်တာ လက်နက်ကိုင် တိုက်ပွဲတွေကို ဆိုင်းငံ့ထားတဲ့ နည်းပရိယာယ်ကို အသုံးချနေတာ ထင်ရှားပါတယ်။ တဖက်မှာလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ရည်မှန်းချက် ပန်းတိုင် ယေဘုယျအားဖြင့် တူညီကြပေမယ့် အကျိုးစီးပွား နဲ့ လက်ရှိပစ္စုပ္ပန် အနေအထားကို ပြောင်းလဲမသွားအောင် ထိန်းထားချင်တဲ့ အဖွဲ့တွေလည်း ရှိတာဖြစ်လို့ တနိုင်ငံလုံးတပြိုင်တည်း စစ်ကောင်စီကို စစ်မျက်နှာဖွင့် တိုက်ခိုက်ကြမယ်ဆိုတဲ့ အယူအဆဟာ လက်တွေ့ဖြစ်မလာနိုင်သေးတာလည်း ဖြစ်ပါတယ်။ 

နေ့စဥ်သတင်းတွေထဲ ပါနေကျ တိုက်ပွဲ၊ သို့မဟုတ် စစ်ကောင်စီရဲ့ ထိုးစစ်နဲ့ မီးရှို့ဖျက်ဆီးမှု သတင်းတွေလည်း ဒီနေ့အဖို့ ဖေါ်ပြရရင် ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာလို့ ဒေသခံ ထောင်၊ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းဖြစ်ပါတယ်။ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးလည်း စစ်ကောင်စီတပ်နဲ့ တည့်တည့်တိုးပြီး အဖမ်းခံလိုက်ရတဲ့ သတင်းတွေလည်း ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်းက နောက်သတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရှုခင်းသာရွာမှာ ရပ်ရွာလူကြီးတွေ အစည်းအဝေး လုပ်နေတဲ့နေရာကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီး အချို့ဒဏ်ရာရသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မရှိတဲ့ ကလေးမြို့နယ်ထဲက ဒီရှုခင်းသာကျေးရွာ စာသင်ကျောင်းမှာ ရပ်ရွာလူကြီးတွေ အစည်းအဝေး လုပ်နေစဥ် လေကြောင်းက ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ လက်နက်ကိုင် ခုခံမှုရှိနေတဲ့ ဒေသတွေ နဲ့ ပဋိပက္ခ ပြင်းထန်တဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေကို စစ်ရေးအရ နေရာယူကြတာမျိုး၊ အုပ်ချုပ်ရေး အတွက်နေရာကို အသုံးချကြတာမျိုးတွေရှိသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တဲ့အခါ စာသင်ကျောင်းမို့လို့ တိုက်ခိုက်ခြင်း မပြုတာမျိုးမရှိပဲ စာသင်ကျောင်းတွေကို ပစ်မှတ်အနေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ သာဓကတွေ အများအပြားရှိနေတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ စာသင်ကျောင်းလို ဆေးရုံလိုနေရာမျိုးကို လက်နက်ကိုင်အဖွဲ့တွေ နေရာယူတာ သိမ်းယူပြီးအသုံးပြုတာမျိုးကို ဘယ်လိုအခြေအနေမျိုးမှာမှ လုပ်ဆောင်ခြင်းမပြုဖို့ စည်းမျဥ်းစည်းကမ်းတွေအရ တားမြစ်ထားလေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ စာသင်ကျောင်းနဲ့ ဆေးရုံတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေစိုက်ရာနေရာလို ဖြစ်နေဆဲဖြစ်ပြီး ပစ်မှတ်ပိုဖြစ်လွယ်နေတဲ့ အနေအထားလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲ ထည့်သွင်းထားပေမယ့် ချင်းပြည်နယ် ဝင်ပေါက်မြို့ဖြစ်တဲ့ ကလေးမြို့နဲ့ မကွေးတိုင်းက ဂန့်ဂေါမြို့နယ်တို့က ကျေးရွာတွေဟာ စစ်အာဏာသိမ်းပြီးနောက် အစောဆုံး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ ဒေသတွေဖြစ်ပြီး ယခုအချိန်ထိ စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ 

ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်း မန္တလေး မုံရွာကားလမ်းပေါ်က ချောင်းဦးမြို့ထဲက လဝကရုံးအနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပီဒီအက်ဖ်တွေ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ သေဆုံးမှုရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အများဆုံးဖြစ်ပွားရာနဲ့ ရွာလုံးကျွတ် နေစရာမရှိအောင် မီးရှို့ဖျက်ဆီးတာ တကြိမ်နဲ့ မလောင်ကျွမ်းနိုင်ခဲ့ရင် နောက်တကြိမ် ဝင်ကာ ထပ်မံမီးရှို့ဖျက်ဆီးခံရတဲ့ မြို့တွေရွာတွေလို့ဆိုရင် စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက နေရာအချို့တို့ပဲ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar