Breaking News

အညာပြည်သူတွေရဲ့ အသံနဲ့ အားမာန် မေး ဖြေများ ( ၁ )

အညာပြည်သူတွေရဲ့ အသံနဲ့ အားမာန် မေး ဖြေများ ( ၁ )

(Radio NUG)

မိုးမခ) ဇွန် ၆၊ ၂၀၂၃


အညာဒေသမှာ ပြည်သူ့ခုခံတော်လှန်စစ်များ ကျယ်ပြန့်ပြင်းထန်လျက် ရှိချိန်၊ မြေပြင်က ဒေသခံပီဒီအက်ဖ်၊ ပီဒီအက်ဖ်တပ်ရင်းများနဲ့ ထောက်ပို့လုပ်ကိုင်နေသူတွေ၏ ပကတိ အတွေ့အကြုံ အထင်အမြင်တွေကို မေးခွန်းများ ပို့ပေးပြီး ဖြေဆိုခွင့်တောင်းခဲ့ပါတယ်။ ဒေသတွေ အတော်များများမှာ အင်တာနက်လိုင်းတွေ မတည်ငြိမ်တာကြောင့် အသံဖိုင်တွေအစား သူတို့တွေက စာရေးသားပြီး ပြန်ဆိုခဲ့ကြပါတယ်။ အညာဒေသ၏ တော်လှန်ပြည်သူတွေ၏ အသံနဲ့ အားမာန်ကို ခံစားနိုင်ဖို့ တင်ပြလိုက်ပါတယ်။

မေးခွန်း (၁) - အခု အညာဒေသမှာ ဘယ်လိုအခြေအနေ ရောက်နေပြီလဲ?

အညာဒေသမှာ စစ်အကြမ်းဖက်အုပ်စု၏ ရက်စက်ယုတ်မာမှုကြောင့် နေရာများစွာ အိုးမဲ့အိမ်မဲ့ မီးရှို့ဖျက်ထားရပြီး နယ်မြေဒေသအတွင်း အကြိမ်ကြိမ်စစ်ကြောင်းထိုးမှုကြောင့် အချိန်ပြည့်နီးပါး စစ်ရှောင်နေကြသည့်အတွက် အရေးပေါ်  အကူအညီများ လိုအပ်နေသလို နွေရာသီဖြစ်သည့်အတွက် သောက်သုံးရေ ပြတ်လပ်မှုများလည်း ကြုံတွေ့နေရပါတယ်။

မေးခွန်း (၂) - ရွာတွေကို ဘယ်လောက်ထိစိုးမိုးထားနိုင်ပြီလဲ?

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် မလိုလားအပ်သော အမှုအခင်းများ မဖြစ်ပေါ်စေရေး နဲ့ ဖြစ်ပေါ်လာသော အမှုအခင်းများအား ဝိုင်းဝန်းဖြေရှင်းနည်းဖြင့် ဖြေရှင်းနိုင်ရေး လုပ်ကိုင်ကြတဲ့ဆီမှာကော၊ ကြားကာလ ပညာရေး ကျန်းမာရေး ဖော်ဆောင်နိုင်မှုများအတွက် အညာဒေသ တော်တော်များများမှာ NUG အစိုးရ၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်နေသော်လည်း စစ်ရေးစိုးမိုးမှုမှာ အားနည်းသည်ဟု မြင်မိပါတယ်။

မေးခွန်း (၃) - စကစက စစ်ကြောင်းထိုးပြီး မီးရှို့တာတွေ ခံနေရတာက ဘာ့ကြောင့်လဲ? အဲဒါတွေနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ?

စစ်အကြမ်းဖက်အုပ်စု စစ်ကြောင်းထိုးပြီး မီးရှို့ခြင်းတွေဖြစ်ပေါ်နေခြင်းဟာ စကစဟာ ပြည်သူတွေ တော်လှန်ရေးအပေါ်အားနည်းလာအောင် ပြည်သူတွေ ကြောက်လာအောင် မီးရှို့သတ်ပြနေတာ ဖြစ်ပါတယ်။ အခုလို မီးရှို့သတ်ဖြတ်ရခြင်းဟာ ရွာနားမှာ မိုင်းခွဲလို့ သပိတ်တွေရှိလို့  PDF တွေရှိလို့ဆိုတဲ့ အကြောင်းပြချက်များ ဆင်ခြေများ ဖြစ်ပေါ်လာစေပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူကြား သွေးခွဲမှုကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့မြင်နေရပါတယ် ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအင်အားစုတွေအပေါ် အမြင်မတူတာတွေလည်း ကာလကြာမြင့်လာသည်နှင့်အမျှ အပြစ်မြင်လာကြတာတွေလည်း ရှိလာပါတယ်။ တချို့ရွာတွေ မီးမရှို့ ၊ တချို့ရွာတွေ မီးရှို့နေချိန်မှာ အရှို့ခံရသောဒေသခံများဟာ စကစ ကို (အချို့) အပြစ်မမြင်တော့ပဲ ရွာထဲ သပိတ်တွေမှောက်လို့ ရွာနားမိုင်းခွဲလို့ဆိုသော အမြင်တွေဖြင့် စကစ၏ သွေးခွဲမှု အတိုင်း သွေးကွဲလာတာတွေ့မြင်နေရပါတယ်ဗျ။

မေးခွန်း (၄) - စခတွေကရော ဘယ်လိုမျိုး အထိုင်ချပြီး နေရာယူထားပါသလဲ?

စခများဟာ စစ်ဗျူဟာအရ အထိုင်ချ၍ကောင်းသော တော်လှန်ရေးအင်အားစုများ သွားလာလှုပ်ရှားရာ နေရာတော်တော်များများမှာ စခန်းတွေတိုးချဲ့ အထိုင်ချလာပါတယ်။ အထိုင်မှနေ ဒရုန်းများဖြင့် နေ့စဥ်ကင်းပတ်ကာ စခ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုပုံစံတွေ လေယာဥ်အသုံးပြု တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

မေးခွန်း (၅) - နယ်မြေတွေ ဆက်လက်စိုးမိုးနိုင်ရေးအတွက်က ပြည်သူတွေက ဘယ်လိုမျိုးထောက်ပို့လုပ်ပြီး ကူညီသင့်တယ်လို့ ထင်ပါသလဲ?

နယ်မြေတွေ ဆက်လက်စိုးမိုးနိုင်ဖို့ ပြည်သူတွေအနေဖြင့် ဘုံရန်သူမပျောက်ဘဲ တော်လှန်ရေးမှာ မိမိတို့ယုံကြည်ရာ နိုင်ရာတော်လှန်ရေးစဥ်များမှာ တစိုက်မတ်မတ်ပူးပေါင်းပါဝင်ကြဖို့ လိုပါတယ်။ သည်လိုပဲ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်မဆန်ကြဖို့နှင့် ပြည်သူကို မျက်နှာမူကြဖိူ့ အထူးလိုအပ်ပါတယ်ဗျ။ ဒါမှသာ ပြည်သူနှင့် တော်လှန်သူ ညီညွတ်ကြပြီး ကိုယ့်နယ်မြေကို ကို ဆက်လက်စိုးမိုးနိုင်ပြီး လိုအပ်ချက်များကို ပေါင်းစည်းမှုအားဖြင့် အကောင်အထည်ဖော်နိုင်မှာလို့ ယူဆပါတယ်ဗျ။

မေးခွန်း (၆) - ဒေသခံပြည်သူတွေရော၊ ထောက်ပို့ရောအတွက် ပိုပြီးတော်လှန်ရေးအရှိန်မြင့်စေရန် ဘယ်လိုမျိုး သတင်းစကားတွေနဲ့  ပြည်သူလူထုကို နှိုးဆော်သင့်ပါသလဲ?

တော်လှန်ရေးကြီး အရှိန်မြှင့်နိုင်ဖို့ လူထုကော တော်လှန်ရေးအင်အားစုအသီးသီးများဟာ စစ်ရေး ၊ နိုင်ငံရေးအသိများကို အရင်ကထက် ပိုမိုလေ့လာကြဖို့ လိုပါတယ်။ တော်လှန်ရေးအင်အားစုများဟာ လူထုနှင့် မကြာခဏ တွေ့ဆုံစေပြီး လူထုကို တော်လှန်ရေးဟာ အနာဂတ်မျိုးဆက်များအတွက် ဘယ်လောက်အရေးကြီးကြောင်း၊ ပေးဆပ်ရမှု၊ ရင်းနှီးရမှု၊ ခက်ခဲကြမ်းတမ်းမှု ဘယ်လောက်ပင် ရှိနေပါစေ ဘုံရန်သူမပျောက် ပန်းတိုင်မပျောက် ဆက်လက်ကာ တော်လှန်တိုက်ပွဲဝင်ပေးကြဖို့ လိုအပ်ကြောင်း ရှင်းလင်းပြောဆိုကြဖို့ လိုပါတယ်။

ပြည်သူ့အသက်အိုးအိမ်တွေ နေ့စဥ်ရက်ဆက် ဆုံးရှုံးနေခြင်းများက လျော့ကျဖို့ဆို - စကစကို လူထုတရပ်လုံးက တော်လှန်ရေးကို အသက်တမျှအရေးကြီးသော အလုပ်ဟုသဘောထားကာ ပိုမိုအားစိုက်ကြဖို့လိုအပ်ကြောင်းနှင့် လက်ရှိ နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာနှင့် NUG အစိုးရ ဘယ်အရွေ့ထိ သွားနိုင်နေပြီလည်းဆိုတဲ့အကြောင်းတွေကို လူထုထံ အလျဉ်းသင့်သည့်အချိန်တိုင်း ပြောပြသင့် သတင်းပို့သင့်ပါတယ်။

တော်လှန်ရေးမှာ လက်နက်ကိုင်ပြီးတိုက်မှ တော်လှန်ရေး မဟုတ်ပါဘူး။ ကဏ္ဍအသီးသီးမှာ သူ့နေရာနှင့်သူ အရေးပါကြောင်း လိုအပ်ကြောင်း စသည့် လူထုနှင့်ထိတွေ့မှု မပြတ်လုပ်ဆောင်သင့်သည်ဟု ထင်မြင်ယူဆမိပါတယ်။

ယခု ဖြေထားသောအဖြေများသည် ကျွန်တော့်အမြင်များသာဖြစ်၍ အမြင်မတူ ကွဲလွဲသည်များရှိသော် တောင်းပန်ပါတယ်ဗျ။ အခြားရဲဘော်များလည်း မိမိတို့ရဲ့ အမြင်များကို ဖော်ပြပေးစေလိုပါတယ်ဗျ။  

နိဂုံးချုပ်အနေဖြင့် -  ပြည်သူ့တော်လှန်ရေးဖြစ်သည့်အတွက် ပြည်သူကိုမျက်နှာမူ၍ တိုက်ပွဲဝင်ပေးကြပါလို့ တောင်းဆိုပါရစေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar