Breaking News

ဘိုလ်တောကျော် - တောင်ဆော်မြောက်ဆော် ဘိုလ်တောကျော်(၂)

တောင်ဆော်မြောက်ဆော် ဘိုလ်တောကျော်(၂)
ဘိုလ်တောကျော်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၃

အကြောင်းမဟန်တဲ့နှစ်သောင်းတန်ဆိုပါလားဟေ့.

     “ မကောင်းပါဘူးမင်းကြီး။ မကောင်းပါဘူး။ ဖအေက ဝါးလုံးဆိုသူကဝါးခြမ်း။ အဖေကအဖြူဆိုသူကအမည်း။ လူထဲအရှက်ရအောင် တချက်ကမ ငါ့အလိုမပါဘူး” ရယ်လို့ ဘိုလ်တောကျော်တယောက် ဟန်ပါပါနဲ့ ရွှေမန်းတင် မောင်လေဖမ်းပြီး သုဒ္ဓေါဒနငြီးတွားသံအတိုင်း ရွတ်ဆိုနေတုန်း ...

     “ဟေ့ ဘိုလ်တော်ကျော် ဘိုလ်တောကျော်..” လို့တကြော်ကြော်ခေါ်သံကြောင့် ခြံဝထွက်တခါးဖွင့်ကြည့်လိုက် တော့ “ အလို.. ဘိုလ်နောင်နဲ့အော်ကြူးတို့ပါလား။ ဒရုန်း(ကွမ်းခြံကုန်း)လဲပါသဟေ့” လို့ နှုတ်ခွန်းဆက်ရင်းကိုယ်ကြောက်ရတဲ့သူတွေဆိုတော့ အိမ်ထဲခေါ်ဧည့်ခံရပေါ့။ 

    “ အော်ကျယ်..အော်ကျယ်နဲ့ ခြံဝကဟစ်လို့ အလန့်တကြားဘာများဖြစ်ကြသတုန်းဟ ” ဆိုတော့ ..

     “ အော်..ဘိုလ်တောကျော်ဆိုတဲ့အတိုင်းတောမှာပဲကျော်ထင်ပါရဲ့။ ကမ္ဘာကြီးဘာဖြစ်လို့ဖြစ်နေမှန်းလည်း သိဟန်မရှိ။ ဗဟုသုတကလည်းခေါင်းပါးရန်ကောကွာ” လို့ ဒရုန်း (ကွမ်းခြံကုန်း) က အပြစ်တင်စောတဲ့ ချစ်ခင်မနောသံနဲ့ ဆိုလာပါတယ်။ 

     “ အေးကွာမင်းပြောလည်းခံရမှာပဲ။ ကဲလာရင်းကိစ္စဆိုပါအုံး ” ဆိုတော့ ဆရာနောင်က ပြာကလောင်ပြာလချောင်အပြုံးကိုဆောင်ရင်း ခပ်ညှင်းညှင်းကလေးရယ်နေလေရဲ့။ အော်ကြူးကတော့ အငေါ်အတူးလေနဲ့..

     “ ဒီမှာဘိုလ်တောကျော် အကြောင်းမဟန်သူတွေနှစ်သောင်းတန်’ ထုတ်တဲ့အကြောင်းပြောမလို့ဗျ ”
     “ ဟေလကွာ။ နှစ်သောင်းတန် ဟုတ်လား။ သေဖက်အတူနစ်ဖို့ ငွေစက္ကူအသစ်ထုတ်သလားဟ ”

     “ မှန်သပေါ့ ဘိုလ်တောကျော်ရယ်။ ဒီမှာကြည့် ” ဆိုပြီးအော်ကြူးကသူ့ဖုန်းကလေးထုတ်ရင်း  ‘ဟိုကလိသည်ကလိ ’ လုပ်ပြီးတာနဲ့ ဘိုလ်တောကျော်ကို ပြသပေါ့။ ဘိုလ်တောကျော်လည်း မျက်ချေးလေးပွတ်သလိုလုပ်ပြီး အာရုံကိုသိမ်းဆည်းကာကြည့်မိတော့ ...

     “ ဟာပိုလီယိုထိထားတဲ့ဆင်ပါလားဟ။ ညာဘက်နောက်ခြေကသိမ်နေပါလား။ မဖြစ်နိုင်တာကွာ ၊ ဒီကောင် တွေဘယ်လောက်ပဲအသိဉာဏ်မဲ့တယ်ပြောပြော ပိုလီယိုဆင်တော့ ငွေစက္ကူလုပ်လိမ့်မထင်ပါဘူးကွာ ”

     “ ငတောကျော်ရာ ဘယ်ကလာပိုလီယိုဆင်ရမလဲဟ ၊ အဲ့ဒါဆင်ဖြူ တော်ကွ။ ဆင်ဖြူတော် ” လို့ ဆရာနောင်က မသာကောင်တွေရဲ့ သေဖက်အတူနစ်မယ့် ငွေစက္ကူသစ်ကို ရိသဲ့သဲ့ကလေး အမွှန်းတင်လိုက်သေးရဲ့။
     “ အင်း ဒီအကြောင်းကိုတော့ မင်းတို့ပြမှသိရတာ။ ဒါပေမယ့်ကွာ ဒီမနက် မင်းတို့မလာခင်လေးမှာပဲ ‘ ဗုဒ္ဓဝင် တောထွက်ခန် း’ ထဲက ဘုရင်သုဒ္ဓေါဒန ငြီးတာလေးကို ငြီးနေမိသေးရဲ့။ တိုက်တိုက်ဆိုင်ဆိုင်ကွာ ” ဆိုတော့ ဒရုန်း(ကွမ်းခြံကုန်း)က ...

     “ လုပ်ပါဗျ။ ငြီးပြစမ်းပါအုံး။ မှတ်သားရတာပ ” ဆိုတော့ ဘိုလ်တောကျော်လည်း မဆွတ်ခင်က ညွှတ်ချင်သူဆိုတော့...
     “ သူ့အတိုင်းမဟုတ်ပဲ ငါကခေတ်စတိုင်နဲ့ ပြင်ဆိုလိုက်ချင်တာကဆိုပြီးချောင်းတချက်ဟန့်လိုက်ရင်း...

“ မကောင်းပါဘူးမင်းကြီးမကောင်းပါဘူး။ ဖအေက ဝါးလုံးဆိုသူကဝါး ခြမ်း။ ဖအေက အဖြူဆို သူကအမည်း။ နိုင်ငံတကာအလယ်မှာ အရှက်ရအောင် တချက်မှ ငါ့အလိုမပါဘူး။ ဂွတိုသား ဂွတိုလိုလာမှာပေါ့။ ဂွတိုဆိုတဲ့ သူပထွေးကလည်းပဲ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျတာနဲ့ ၅၀၀၀ တန် လေးထုတ်ပါရစေတဲ့။ မထုတ်ပါနဲ့ဂွတိုရယ် ..ငွေကြေးပိုဖောင်းပွလိမ့်မယ်လို့ ငါအတန်တန်တားပေမယ့် ငါ့စကားတော့ ပေလာယျကံ။ ဒန်ခွက်ကြီး ဒီအတိုင်းကိုင်မယ်။ သူဖုန်းစားဖြစ်ချင်ဖြစ်ပလေတဲ့ ” လို့ ဆိုကောင်းနေတုန်းအိမ်ရှေ့ကနေ ...

    “  ဒါလားကွ ဆင်ဖြူတော် ဟားဟား ” အော်ဟစ်ပြီးဝင်လာတာကမောင်ခြိမ့်လေးပါလား။ စွယ်တော်မှာကယ် တော်မူပါဘုရား” ဆိုပြီးရင် ငွေ့လှုံနေရှာတဲ့ မောင်ခြိမ့်လေးပါလား။ သူကလည်းခရီးရောက်မဆိုက်
“ ဟေ့ ကိုယ်ဆရာတို့ ကြားပြီးပြီးလား။ အကြောင်းမဟန်တော့ နှစ်သောင်းတန်ထုတ်ပြီး မကောင်းကြံလိုက်တာက ပြောင်းကပြန်တွေတော့ဖြစ်ကုန်ပြီတဲ့ဗျို့” လို့ စာချိုးလေးနဲ့ သာသာထိုးထိုးလေးဆိုလာတော့ ဒရုန်း(ကွမ်းခြံကုန်း)ကလည်း အားကျမခံပြန်လှန်လိုက်ပုံက ...

     “အကြောင်းမမှန်တော့လည်းမကောင်ကြံပေမယ့် ပြောင်းပြန်ဒဏ်ထိသေဖေါ်ညှိသူတွေအတွက် အို..ဘိုလ် နောင်ရဲ့ အခါကောင်းတဲ့ လတပေါင်းမှာ အကြောင်းအမှန်ဆိုက်သမို့ ဒေါင်းအလံစိုက်ရင်း ဆိုင်းမယ်ဗျား” ဆိုပြီး ၅ ဦးသား တဟားဟားရယ်ပြီး “ ကံမလူရင် .. ဆင်ဖြူတော်တောင် .. ပိုလီယိုဖြစ်တဲ့အကြောင်း ” သတင်းကောင်းပါးလိုက်ရသည်ကလည်းတမုံ့။

ဘိုလ်တောကျော်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar