NUG SDB ဘဏ်ထောင်ချိန် ကျပ် ၂ သောင်းတန်ထုတ်ဝေမယ့် အကြောင်း စစ်ကောင်စီ ကြေညာ၊ ယင်းမာပင်မြို့နယ်ထဲက စုန်းချောင်းရွာ ဝင်စီးပြီး ၁၄ ဦး အသတ်ခံရ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၃
NUG SDB ဘဏ်ထောင်ချိန် ကျပ် ၂ သောင်းတန်ထုတ်ဝေမယ့် အကြောင်း စစ်ကောင်စီ ကြေညာ၊ ယင်းမာပင်မြို့နယ်ထဲက စုန်းချောင်းရွာ ဝင်စီးပြီး ၁၄ ဦး အသတ်ခံရ
စစ်ကောင်စီအစိုးရရဲ့ ဗဟိုဘဏ်က ကျပ် ၂ သောင်းတန်ငွေစက္ကူတွေကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့က စတင်ထုတ်ဝေသုံးစွဲမယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တခါတရံငွေကြေးဖောင်းပွမှု ဖြစ်ပွားတဲ့အခါမျိုးမှာ ကောလဟလ သဖွယ်ပြောဆိုကြတဲ့ ပြောဆိုချက်က အခုတော့ လက်တွေ့ ဖြစ်လာခဲ့ပါပြီ။ ငွေစက္ကူ ကျပ် ၂ သောင်းတန်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ဘာလဲလို့ဆိုရင် လိုအပ်နေတဲ့ စစ်ကောင်စီ အစိုးရရဲ့ ဘဏ္ဍာငွေလိုအပ်ချက်ကို ငွေစက္ကူရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းတဲ့ နည်းလို့ ဆိုရမှာဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌတည်တဲ့ မာရဝိဇယ ဆင်းတုတော်ဘုရားကြီးပြီးလို့ ငွေစက္ကူထုတ်ဝေတယ်လို့ အကြောင်းပြကောင်းပြပေမယ့် အမှန်အားဖြင့် လက်ရှိ အမြင့်ဆုံးတန်ဖိုးဖြစ်တဲ့ ကျပ် ၁ သောင်းတန်ရဲ့ ၂ ဆတန်ဖိုးရှိတဲ့ ၂ သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းဟာ လှည့်ပတ်သုံးစွဲနေတဲ့ ကျပ်ငွေပမာဏထဲကို နောက်ထပ် အတိုင်းအတာတခု မြန်မြန်ဆန်ဆန် ဝင်ရောက်လာမယ့် သဘောဖြစ်ပြီး ဒီလို ကျပ် ၂သောင်းတန် ထုတ်ဝေခြင်းကြောင့် လက်တွေ့မှာ ငွေပမာဏ ဘယ်လောက်ထပ်ဝင်လာမယ့်မသိသေးသည့်တိုင် ငွေကြေး ဖောင်းပွမှု စိုးရိမ်မှုက ချက်ချင်းမြင့်တက်လာမယ့် အကျိုးသက်ရောက်မှုလည်း ရှိလာနေပြီလို့ ဆိုနိုင်ပါတယ်။
ဘောဂဗေဒ ကျွမ်းကျင်သူမဟုတ်ပဲ သာမန်အရပ်သား တယောက်အနေနဲ့တောင် တွေးကြည့်ရင် တန်ဖိုး အမြင့်ဆုံးငွေစက္ကူဖြစ်တဲ့ ငွေကျပ်တသောင်းတန်ထက် ၂ ဆရှိတဲ့ ငွေစက္ကူထုတ်ဝေခြင်းဟာ အစိုးရအနေနဲ့ ငွေစက္ကူအရေအတွက် နည်းနည်းရိုက်ထုတ်ပြီး အသုံးစရိတ် ပမာဏများများ လိုချင်တဲ့ သဘောကို နားလည်နိုင်တာ ဖြစ်ပါတယ်။ ကျပ် ၂ သောင်းတန်ဂယက်က စျေးကွက်က ငွေလဲနှုန်း၊ ရွှေစျေး၊ အိမ်စျေး၊ ကားစျေးတွေကို စတင်သက်ရောက်နိုင်ပြီး နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုးကျခြင်းကြောင့် နေ့စဥ်လူမှုဘဝကို မြန်မြန်ဆန်ဆန် သက်ရောက်မှုတွေ ရှိလာနိုင်တာဖြစ်ပါတယ်။ လောင်စာဆီစျေး၊ စားသုံးဆီစျေး၊ ပြည်ပက တင်သွင်းတဲ့ လူသုံးကုန် ပစ္စည်းတွေအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး လက်လုပ်လက်စား သူတွေ၊ စက်ရုံအလုပ်ရုံက လုပ် ခစားလက်ခစား လုပ်ကိုင်နေသူတွေအဖို့ လုပ်ခလစာ မြင့်တက်လာဖို့ မသေချာချိန်မှာပဲ ဝင်ငွေက ကျုံ့သွားတဲ့အကျိုးဆက်ကို ခံစားကြရမယ့် အကျိုးသက်ရောက်မှုတွေ မကြာခင်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။
၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ အုပ်ချုပ်ခဲ့တဲ့ အရင် စစ်အစိုးရလက်ထက်က ဘဏ္ဍာရေးလိုငွေကို ငွေစက္ကူရိုက်ထုတ်ပြီး ခပ်လွယ်လွယ်ဖြေရှင်းခဲ့ရာက ၂၀၁၁ ခုနှစ်နောက်ပိုင်း အတိုင်းအတာတခုထိ ငွေဖောင်းပွမှုကို ထိန်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာတော့ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်တွေလက်က ငွေကြေးတွေကို ကန့်သတ်ခဲ့ပါတယ်။ ဘဏ်ထဲက ငွေကြေးတွေထုတ်ရခက်ခဲတဲ့အကြပ်အတည်း၊ အာဏာသိမ်းစစ်အစိုးရရဲ့ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဆိုင်ရာ အမိန့်ထုတ်ပြန်ချက်တွေ တမျိုးပြီးတမျိုးထုတ်ပြန်ကာ ထိန်းချုပ်ဖို့ စိစစ်ဖို့ ကြိုးစားမှုတွေက လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ် ကိုင်နေကြတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေ အရပ်ဖက်အဖွဲ့အစည်းတွေတင်မကပဲ ပို့ကုန် သွင်းကုန် စီးပွားရေးလုပ်ငန်းတွေကိုပါ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ကျပ်ငွေတန်ဖိုး ဆိုးရွားစွာကျဆင်းတဲ့ အဖြစ်ကို လအနည်းငယ်အတွင်း ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။ အခု တကြိမ် ကျပ် ၂ သောင်းတန် ထုတ်ဝေခြင်းက ကျပ်ငွေတန်ဖိုးကို ဘယ်လောက်ထိ ကျဆင်းစေဦးမလဲ ဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပြီး ထိပ်ဆုံးက ခံစားရမယ့်သူတွေက တနေ့လုပ်မှ တနေ့စားရသူတွေ ဖြစ်တာကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခတွေအပြင် ငွေ ကြေးဖောင်းပွဲမှုရဲ့ အကျိုးဆက်ကို ခါးစည်းခံစားကြရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။
နောက်တချက် စဉ်းစားစရာကလည်း မြန်မာစစ်ကောင်စီလက်ထဲက လည်ပတ်နေတဲ့ ဘဏ်စနစ်အတွင်းက ငွေကြေးစနစ်နဲ့ အပြိုင် NUG ရဲ့ digital currency ကို ပြည်တွင်း ပြည်ပမြန်မာတွေက မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေကြေးတွေနဲ့ လဲလှယ်ပြီးလည်ပတ်တဲ့ စင်ပြိုင်ငွေကြေးစျေးကွက်က စိတ်ဝင်စားမှု မြင့်တက်လာတာမို့ စကစရဲ့ ၂သောင်းတန် ငွေစက္ကူတွေကို စျေးကွက်ထဲ သွတ်သွင်းပြီး တုန့်ပြန်လိုက်တာလားကလဲ မေးခွန်းဖြစ်လာပါတယ်။ သည်ရက်တွင်းမှာ NUG ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးဖွံဖြိုးရေးဘဏ်ကို စတင် ဖွင့်လှစ်လညပတ်မှု စတင်လိုက်တာမို့ မြန်မာအများအပြားကလဲ သူတို့လက်ထဲက ငွေကြေးစုဆောင်းထားတာကို ရွှေ့ပြောင်းဖို့ လှုပ်လှုပ်ရှားရှားဖြစ်နေကြပါတယ်။ မြန်မာငွေကြေး ဖောင်းပွလာရင် ဘယ်ဘဏ်ကိုပဲ ပြောင်းပြောင်း လက်ရှိစုထားတဲ့ ကျပ်တန်ဖိုးက မနေ့ကထက် ပိုပြီး ကျဆင်းတဲ့ ဆုံးရှုံးမှုကို ပြည်သူတွေပဲ ခံစားကြရမှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်က ယင်းမာပင်မြို့နယ်ထဲကစုန်းချောင်းကျေးရွာကို ဇူလိုင်လ ၂၁ မနက်ပိုင်းက စစ်ကောင်စီတပ်တွေဝင်စီးနင်းပြီး ကျေးရွာကာကွယ်ရေး၊ ပီဒီအက်ဖ်တပ်ဖွဲ့ဝင်တွေသာမက သာမန်အရပ်သားတွေကိုပါ နှိပ်စက်မေးမြန်းပြီးနောက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေထဲ ကျေးရွာသားစုစုပေါင်း ၁၂ ဦးအသတ်ခံရတယ်လို့ ရေးသားကြပေမယ့် နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းအရ အရပ်သား ၅ ဦးအပါအဝင် PDF တပ်ဖွဲ့ဝင်နဲ့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တို့ အားလုံးပေါင်း အမျိုးသား ၁၄ ဦး သတ်ဖြတ်ခံရပြီး အဲဒီအထဲမှာ အထက်တန်းကျောင်းသားအရွယ် အရွယ်မရောက်သေးသူ ၄ ဦးလည်း ပါဝင်တယ်လို့ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အရွယ်မရောက် အသက်မပြည့်သေးတဲ့ လူငယ်တွေကိုလည်း လက်နက်ကိုင်ခုခံမှုမှာပါဝင်တယ်လို့ သံသယနဲ့ သတ်ဖြတ်လေ့ရှိတာဖြစ်ပါတယ်။
မြေပြင်အနေအထားအရ ကျယ်ပြန့်တဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီအနေနဲ့ စိုးမိုးဖို့ ကြိုးစားနေချိန်မှာပဲ NUGလက်အောက်က ပကဖ အဖွဲ့၊ NUG လက်အောက်ကမဟုတ်တဲ့ PDF အဖွဲ့တွေနဲ့ ကျေးရွာအလိုက် ကာကွယ်ဖို့ရည်ရွယ်ဖွဲ့စည်းတဲ့ကျေးရွာကာကွယ်ရေးအဖွဲ့တွေ စသဖြင့် အမျိုးမျိုး ပေါ်ထွက်လာနေပြီး စစ်ကိုင်းတိုင်းကို စစ်ကောင်စီ အနေနဲ့ ထိန်းချုပ်နိုင်ဖို့ ပိုမိုအလှမ်းဝေးလာနေတာ ဖြစ်ပါတယ်။ တဖက်မှာလည်း လက်နက်ကိုင် အဖွဲ့တွေ အမျိုးမျိုးပေါ်ထွက်လာနေတာ စစ်ကောင်စီကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်အနေနဲ့ တူညီကြတာမှန်ပေမယ့် လက်နက်ခဲယမ်းလုံလောက်စွာရရှိဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်ရေး ကာကွယ်ရေးအတွေ့အကြုံရှိဖို့ ၊ လက် နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ ရံပုံငွေလိုအပ်ချက်ကို ဘယ်လို စုဆောင်းကြမလဲဆိုတဲ့ အပိုင်းတွေမှာ စိမ်ခေါ်မှုတွေ ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းရဲ့ လက်နက်ကိုင်ခုခံမှုနဲ့ စစ်ကောင်စီတပ်တွေကို အောင်မြင်မှုရဖို့ရာမှာ နိုင်ငံရေးအရ စုစည်းမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စုစည်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အခရာကျပြီး ဒီအရာတွေကိုထွက်ပေါ်လာအောင် ဘယ်သူတွေက ကမကထလုပ်ပြီး အကောင်အထည်ဖေါ်ကြမလဲဆိုတဲ့ မေးခွန်းကလည်း အရေးကြီးတဲ့ မေးခွန်း ဖြစ်နေတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar