Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တော်လှန်ရေးသီလ၊ နိုင်ငံ့သမာဓိ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တော်လှန်ရေးသီလ၊ နိုင်ငံ့သမာဓိ

(မိုးမခ) ဇူလိုင် ၈ ၊ ၂၀၂၃


ဘာမှားပြည်မှာ လူတယောက် သေသွားတိုင်း ဆေးကုလိုက်ရတယ် ဆိုရင်တောင် သေချိန်မတန်ဘဲ သေလိုက်ရတာတွေချည်း များပါတယ်။ အဲဒါဟာ ဇောက်တပ်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဖျက်ဆီးထားလို့၊ ကျန်းမာရေးအတွက် မသုံးဘဲ တိုင်းပြည့်ဘဏ္ဍာ စစ်စရိတ်နဲ့ အိတ်ထဲထည့်တာချည်းလုပ်လို့ဆိုတာ လူတိုင်း သိပါတယ်။ 

ဇောက်တပ်တိုက်ရိုက်သတ်လို့ သေတာကတော့ မြင်မကောင်း ကြားမကောင်းအောင်ကို ရှိနေတာပါ။ ၁၉၆၂ခုနှစ် ဆဲဗင်း ဂျူလိုင်ကစလို့ ကနေ့ ကိုယ့်မျက်မှောက် သေနေတာတွေထိ ကြည့်လိုက်ပါတော့။

လူတယောက် သေသွားတိုင်း သေသူကို ရည်မှန်းပြီး ကုသိုလ်ကောင်းမှု ပြုကြပါတယ်။ မိသားစု၊ ဆွေမျိုးမိတ်ဆွေ၊ တပည့်တွေ အပါအဝင် ပတ်သက်သူမှန်သမျှက ရက်လည်၊ လလည်၊ နှစ်လည်စသဖြင့် အကြိမ်ကြိမ်အခါခါ လုပ်ကြပါတယ်။

အဲသလို ကုသိုလ်ပြုကြပြီဆိုရင်တော့ ဘုန်းကြီးရဟန်းများကို ကျွေးမွေးလှူဒါန်းပြီး အမျှအတန်း ပေးဝေကြလေ့ရှိပါတယ်။ အကြောင်းကတော့ သီလရှိသူတွေနဲ့လုပ်မှ သေသူအတွက် အကျိုးသက်ရောက်မယ်ယူဆကြလို့ပါ။ လူတွေကတော့ သီလမရှိဘူးလို့ အလိုလိုတဆင့်နှိမ့်သတ်မှတ်ပြီးသားဖြစ်နေတဲ့လူ့ဘောင်ဓလေ့ကြောင့်လဲပါမှာပါ။

ဒီနေရာမှာ သေချာစဉ်းစားစရာက ဘုန်းကြီးတွေ သီလရှိ မရှိ ကိစ္စမဟုတ်သလို သေသူအတွက် အကျိုးတွေ ရ မရကိစ္စလဲ မဟုတ်ပါဘူး။

အဓိက စဉ်းစားရမှာက သေခြင်းလဲ မဟုတ်ပါဘူး။ သေခြင်းက မဆန်းပါဘူး။ ဆန်းတာက သတ်ခြင်းပါ။ သေစေခြင်းပါ။ သေအောင်ပြုခြင်းပါ။ အဲတော့ သေမင်းက ဘယ်သူလဲ။ အဲဒါကို စဉ်းစားရမှာပါ။ ဗမာပြည်အတွက်တော့ သေမင်းက စစ်တပ်ပါ။ နှစ်ပေါင်းခြောက်ဆယ်ကျော် စစ်ဗိုလ်ချုပ်တွေ တိုက်ခိုင်းလို့ သေသွားရတဲ့စစ်သားတွေ မရေနိုင်ပါဘူး။ ပင်စင်ဝန်ပါ အချောင်ထမ်းထားရပါသေးတယ်။ စစ်တပ်က သတ်လို့ သေသွားရသူတွေကတော့ ပိုလို့တောင် မရေမတွက်နိုင်ပါဘူး။ အဲဒီကနေ ဆက်လာမယ့် ဒုက္ခဆင်းရဲပေါင်းဆိုတာလဲ ဘယ်ရွေ့ဘယ်မျှလို့ မမှန်းဆနိုင်ပါဘူး။ စစ်တပ်ရဲ့ အသုံးမကျ အတ္တကြီးလွန်းလို့၊ အရာရာနိမ့်ကျလို့ သေချိန်မတန်ဘဲ သေပေးရသူတွေကတော့ တတိုင်းပြည်လုံးဆိုရင်ကို မမှားပါဘူး။

သေသွားတဲ့သူတွေအတွက် ကုသိုလ်လုပ်ရင်တော့ ဘုန်းကြီးများနဲ့ ကုသိုလ်ပြုလုပ်ကြလေ့ရှိပါတယ်။ အဲဒီမှာအလေးအနက် ထပ်စဉ်းစားရမှာက ဘုန်းကြီး သီလရှင်အများစုဟာ ဇောက်တပ်အားပေးဖြစ်နေကြတာကိုပါဘဲ။ စစ်တပ်အားပေးကိုယ်တော် မယ်သီတော်များနဲ့ကုသိုလ်လုပ်တာဟာ သေမင်းကို ပံ့ပိုးနေတာလားဆိုတာ သေချာထပ်စဉ်းစားရမယ့်ကိစ္စပါ။

ဒါဟာ သေသူတွေကို စော်ကားသလိုဖြစ်ရုံတင်မက ကျန်သူတွေကိုပါ အသက်တိုအောင်လုပ်နေသလိုမို့ ပါဏာတိပါတကို ဆထက်ထမ်းပိုး ကျူးလွန်နေသလိုဖြစ်နေပါတယ်။

သေသူအတွက်ရည်စူးလုပ်တဲ့ကုသိုလ်က ဗမာပြည်အဖို့တော့ သေမင်းကို စစ်ခင်းနေသူတွေနဲ့ဘဲ လုပ်သင့်တာပါ။ သေမင်းစစ်တပ်ကို ဖြိုဖျက်နေသူတွေနဲ့ဘဲလုပ်ရမှာပါ။ သူတို့ကြောင့် သေနေရတာဆိုတော့ သူတို့ကိုရှင်းတဲ့အလုပ်မှာ ပံ့ပိုးလှူဒါန်းရမှာပါ။ ဟာ အဲလိုဆို သေသူက ကုသိုလ်ရပါ့မလားဆို၊ မပူပါနဲ့။ ရပါတယ်။ သီလရှိသူတွေကို လှူရင် ရတယ်မဟုတ်လား။ 

ခုနက မစဉ်းစားနဲ့ပြောထားတဲ့သီလရှိ မရှိကိစ္စကို ပြန်စဉ်းစားကြည့်ရအောင်။ သီလဆိုတာ ဝါရိတ္တသီလ=မလုပ်သင့်မလုပ်ထိုက်တာကိုမလုပ်တာနဲ့ စာရိတ္တသီလ=လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။ အခု စစ်တပ်ကို တော်လှန်နေသူတွေဟာ မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်တဲ့ ဝါရိတ္တသီလရော လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့စာရိတ္တသီလရော ရှိသူများဖြစ်ပါတယ်။

သေသူတွေကို ရည်စူးကုသိုလ်ပြုမယ်ဆိုရင် သီလအရာ မယှဉ်သာတဲ့ PDF တွေကို သတိရပါ။ သူတို့ သီလအားကောင်းလေ တိုင်းပြည် တည်ငြိမ်လေ၊ နိုင်ငံ သမာဓိရှိလေ တိုင်းသူပြည်သား ပညာပွားလေ၊ တိုင်းပြည် ပညာကြီးလေ ကျန်းမာလေ၊ ချမ်းသာလေဖြစ်မှာမဟုတ်လား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar