ဟိန်းထက်ဇော် - ၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် ( နိဂုံးပိုင်း )
Photo- Credit (ABSFU)
၇ ဂျူလိုင်ရှင်းတမ်းနှစ်စောင်လေ့လာချက် ( နိဂုံးပိုင်း )
ဟိန်းထက်ဇော်
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၃
ဗိုလ်အောင်ကြီးရဲ့မလယ်ရှုပ်ရှင်းတမ်း
ဒီအချက်တွေကြည့်တာနဲ့ သမဂ္ဂအဆောက်ဦဖြိုတဲ့တရားခံက ဘယ်သူဆိုတဲ့အဖြေကရှင်းနေပြီ။ အဲ့ဒီအချိန် မှာပဲ ဗိုလ်အောင်ကြီးရှင်းလင်းချက်က သူရှူးသူပတ်နေတာတွေ့ရတယ်။ သူက ဗိုလ်ကျော်စိုးဆီဖုန်းဆက်ပြီး “သ မဂ္ဂကိစ္စဆိုင်းထားပါ။ဗိုလ်ချုပ်ကိုကျနော်ကြည့်ပြောပါအုံးမယ်” ဆိုပြီး ဗိုလ်နေဝင်းဆီရောက်တော့ဘာမှမပြောပဲ ပြန်လာခဲ့တယ်။ သူ့စကားအတိုင်းထပ်ပြီးဖော်ပြရရင် “ လမ်းတွင်ဗိုလ်မှူးကြီးလှဟန်ကို ကျွန်တော်ဗိုလ်ချုပ်ကိုမ ပြောတော့ဘူး။ တားတဲ့ကိစ္စလည်း ကျွန်တော်တာဝန်ယူမယ်ဗျာ ” လို့ပြောသတဲ့။ ဗိုလ်အောင်ကြီး ဘယ်လိုတာဝန်ကိုယူလိုက်လေသလဲ။ ပိုဆိုးတာက အသံလွှင့်ရုံပြန်ရောက်တဲ့အကြောင်းလည်း ဗိုလ်အောင်ကြီးရှင်း တမ်းမှာ ပါမလာတော့ပါဘူး။ ဗိုလ်အောင်ကြီး ဘာလို့ဆက်ရှင်းမပြခဲ့ပါသလဲ။
အဲ့ဒီရဲ့ကွင်းဆက်ကို ဗိုလ်နေဝင်းရဲ့ ရှင်းပြချက်မှာတွေ့ရတယ်။ ဗိုလ်နေဝင်းရှင်းပြချက်မှာ “ ထို့နောက် ဗိုလ်အောင်ကြီးအသံလွှင့်ရုံပြန်လာပြီး ဗိုလ်ချုပ်ကသဘောတူလိုက်ပြီလို့ပြောသဖြင့် အသံလွှင့်ရုံရှိလူသိုက်တို့သမဂ္ဂအဆောက်ဦကိုဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်ပစ်လိုက်ကြသည် ” လို့ဆိုပါတယ်။ ဗိုလ်အောင်ကြီးရဲ့ ဟာကွက်ကိုနင်းပြီး ဗိုလ်နေဝင်းက ဖြည့်စွက်လိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အမှန်လည်း ဖြစ်ချင်ဖြစ်မှာပါလေ။ ဗိုလ်နေဝင်းကတော့ ဗိုလ်အောင်ကြီးက ဗိုလ်ကျော်စိုးဆီဖုန်းဆက်ပြီး သူတားမယ့်အကြောင်းပြောတာကို ကိုးကားပြီး ထပ်ပြောသေးတယ်။
အဲ့ဒီနောက် ဗိုလ်နေဝင်းက ဗိုလ်အောင်ကြီးနဲ့အတူပါတဲ့ ဗိုလ်လှဟန်စာကိုကိုးကားပြခဲ့တယ်။ ဗိုလ်လှဟန် ဖော်ပြချက်မှာ “ကားပေါ်ရောက်တဲ့အခါ ကျနော်က ဗိုလ်ချုပ် ဟိုကိစ္စမပြောရသေးဘူးဟု သတိပေးပါသည်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေပြောသဖြင့်လည်း ကျွန်တော်လည်း ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်ပါသည်။ အသံလွှင့်ရုံပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား “ အိုကေ ” ဟု ပြောလိုက်သည်ကိုကြား ရပါသည်” လို့ ထွက်ဆိုထားတယ်။
ဗိုလ်လှဟန်ထွက်ဆိုချက်ဟာ ဗိုလ်နေဝင်းပြောသလို “ ဗိုလ်ချုပ်ကသဘောတူလိုက်ပြီ ” ဆိုတဲ့စကားမပါဘူး။ ဗိုလ်လှဟန်စကားကို အမှန်ယူမယ်ဆိုရင် “ အိုကေ ” ဆိုတဲ့စကားဟာ လိုသလိုယူလို့ရတဲ့ အစွန်းထွက်လာတယ်။ ‘ သူတားခဲ့ပြီလို့ ဆိုချင်တာလား။ ဒါမှမဟုတ် သဘောတူလိုက်ပြီ ’ လို့ ဆိုချင်တာလားဆိုတဲ့ စကားနှစ်ခွဖြစ်လာတယ်။ အသံလွှင့်ရုံမှာရှိတဲ့ စစ်ဆင်ရေးအဖွဲ့ဝင်အားလုံကတော့ ‘ သဘောတူလိုက်ပြီ ’ ဆိုတဲ့အနက်ကို ကောက်ယူလိုက်ကြတာကြောင့် ဒိုင်နမိုက်ကပ်ပြီး ခွဲလိုက်ကြတာပါ။ ဗိုလ်အောင်ကြီးပြောတဲ့ ‘ တားတဲ့ကိစ္စ ကျွန်တော်တာဝန်ယူမယ် ’ ဆိုတာ ဘာကိုဆိုလိုတာလဲ။ တာဝန်ယူမယ်ပြောပြီး ဘာလို့တာဝန်မယူရသလဲ။ ဗိုလ်အောင်ကြီးတာဝန်ယူ မယူတော့မသိ။ ကျောင်းသားသမဂ္ဂအဆောက်အုံကြီးကတော့ အုတ်ပုံအတိဖြစ်ခဲ့ပေါ့၊ ဗိုလ်အောင်ကြီး မရိုးသားခဲ့တာအမှန်။
ဒီနေရာမှာ အချိန်ကာလကိုတချက်ပြန်ကြည့်ပါ့မယ်။ အသံလွှင့်ရုံမှာရှိတဲ့လူစုက ဗိုလ်အောင်ကြီးပြန်အလာကို စောင့်နေကြဟန်ရှိပါတယ်။ ဗိုလ်အောင်ကြီးစကားအတိုင်း ခဏဆိုင်းပြီး ရလာမယ့်အဖြေကိုစောင်နေကြဟန်ပါပဲ။ ဒီလောက်ကြီးကျယ်တဲ့ သမိုင်းဝင်အဆောက်အဦကြီးကို ဖြိုချဖို့ဆိုတာ လက်လွတ်စပယ် လုပ်ရဲကြဟန်မရှိပါဘူး။ ဗိုလ်နေဝင်းဆီကနေ ဗိုလ်အောင်ကြီးတို့ပြန်ရောက်ချိန်ဟာ ည ၉ နာရီကျော်လောက်ဖြစ်မယ်ထင်ပါတယ်။ ဗိုလ်အောင်ကြီးရဲ့အဖြေရမှ စတင်ပြင်ဆင်ကြဟန်ပါပဲ။ ဗိုလ်ကြီးသာဒိုးရဲ့ပြောစကားအရ ခန့်မှန်းကြည့်တာပါ။
ဗိုလ်ကြီးသာဒိုး က “ မိသားစုနဲ့အတူ ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ရောက်ချိန် စစ်ရုံးမှအထူးအမိန့်ရောက်နေသည်။ ” လို့ဆိုထားတာကြည့်ရင် ညဘက်ရုပ်ရှင်ပြီးတာ ၁၀ နာရီဖြစ်တယ်။ ဒါကြောင့် ဗိုလ်အောင်ကြီးဆီကအဖြေရတာ ၉ နာရီခွဲနဲ့ ၁၀ နာရီကြားဖြစ်နိုင်တယ်။ ပြောချင်တာက ဗိုလ်အောင်ကြီးဟာ အစကတည်းက ဗိုလ်နေဝင်းဆီက သဘောတူချက်ယူဖို့သွားတာလည်း ဖြစ်နိုင်ခြေရှိနေတယ်။ ဆရာကာဆီကို လမ်းကြုံလို့ဝင်သွားတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေနေတွေကိုကြည့်ရင် ဗိုလ်အောင်ကြီးဟာ မလိမ့်တပတ်လုပ်ခဲ့တယ်ဆိုတာကို တွေ့လိုက်ရတယ်။
ဗိုလ်အောင်ကြီးဟာ သူ့ကိုယ်တိုင်တာဝန်ခံထားတာကို တာဝန်မယူနိုင်ခဲ့ပါဘူး။ ဗိုလ်အောင်ကြီး စိတ်နှစ်ခွဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ သမဂ္ဂအဆောက်ဦဟာ သူပုန်ဌာနချုပ်လို့ယူဆတာကြောင့် ဖြိုခွဲချင်တဲ့စိတ်နဲ့ သမိုင်း ဝင်အဆောက်ဦဖြစ်လို့ နှမျောနေတဲ့စိတ်တာလည်းရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒွိဟစိတ်မှာ ခွဲလည်းခွဲချင် မခွဲလည်းမခွဲချင် တချိန်မှာသမိုင်းတရားခံဖြစ်နိုင်တာကိုလည်းစိုးရွံ့ပြီး ဝေခွဲမရဖြစ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ဒွိဟဖြစ်နေတဲ့စိတ်ဟာ နောက်ဆုံးတော့ ဗိုလ်နေဝင်းနဲ့ အလိုတူအလိုပါဆုံးဖြတ်ချက်ချလိုက်ပြီး “ အိုကေ ” လို့စကားနှစ်ခွသုံးပြီး မလိမ့်တပတ်နဲ့ ခေါင်းညိတ်လိုက်တယ်လို့ ယူသော်ရနိုင်ကောင်းမယ်ထင်ပါတယ်။
ချုပ်ကြည့်ရင် ဗိုလ်အောင်ကြီးစာက သမဂ္ဂဖြိုချတဲ့ကိစ္စမှာ သူလည်းမဟုတ်။ ဗိုလ်နေဝင်းလည်း မဟုတ်။ ဗိုလ် ကျော်စိုးနဲ့ စစ်ဆင်ရေးဌာနချုပ်ကလူတွေသာဖြစ်တယ်လို့ အပြစ်ပုံချချင်ဟန်ပါပဲ။ ဒါကြောင့်လည်း ဗိုလ်အောင်ကြီးစာမှာ “ ခွဲဖို့အမိန့်ပေးသူက ပြည်ထဲရေးဝန်ကြီ၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုးပါ ” လို့ ရေ လာမြောင်းပေးလုပ်ရင်း ဗိုလ်နေဝင်းကိုပါ ဗိုလ်ကျော်စိုးကိုသာပုံချဖို့ ဆွယ်လိုက်ဟန်ပါပဲ။ ဒါက ဗိုလ်အောင်ကြီးရဲ့ Second Thought လည်းဖြစ်နိုင်ပါတယ်။
ဗိုလ်အောင်ကြီးက ဗိုလ်ကျော်စိုးကိုပုံချဖို့ဆွယ်လိုက်ချိန်ဟာ အခါနှောင်းသွားပါပြီ။ ဗိုလ်နေဝင်းက သမဂ္ဂဖြိုတာ ဗိုလ်အောင်ကြီးဖြစ်တယ်လို့ စွပ်စွဲထားပြီးဖြစ်နေပါတယ်။ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းကို ဘယ်လောက်ပဲကာ ပေးပေမယ့် “ ရီကွိုင်းလက်ဂန်းနဲ့ထု” ဆိုတဲ့ ဗိုလ်နေဝင်းအမိန့်ပေးတာကလည်း စကားကျွံသွားပြီ။ ပြန်နုတ်လို့မရတော့ဘူး။ ဆရာတပည့်နှစ်ယောက်လုံး နှစ်ပင်လိမ်လို့ ကြိုးရှုပ်သွားခဲ့ပြီး ဖြစ်သွားပြီ။ အချိန်အကြာကြီး ဖုံးကွယ်ထားလို့ရမယ့်အကြောင်းတရားမှ မဟုတ်တာ။ သက်သေတွေ၊ ထုတ်ဖော်ပြောဆိုချက်တွေက တပုံတပင်ကြီးရှိနေ ခဲ့တာပဲ။
ကျောင်းသားသမဂ္ဂအဆောက်ဦကို ၂ ကြိမ်တိုင်အောင် အငြိုးကြီးကြီးနဲ့ ဖျက်ခဲ့ ( Phto- Credit)
ဦးလှရွှေတို့ ဦးခင်မောင်မြင့်တို့ အမြဲပြောလေ့ရှိတာက 'ကျောင်းသားသမဂ္ဂအဆောက်ဦကို ၂ ကြိမ်တိုင်အောင် အငြိုးကြီးကြီးနဲ့ ဖျက်ခဲ့တာ။ ဘယ်လောက်အငြိုးကြီးသလဲဆိုရင် ပထမအကြိမ် သမဂ္ဂကြီးဖြိုခွဲပြီးတဲ့ညက ဗိုလ်နေဝင်းတယောက် အူမြူး (ချို)ဂျိုကြွ ဖြစ်နေခဲ့တယ်လို့ တပ်မတော်အရာရှိအသိုင်းအဝိုင်းက ပြောဆိုခဲ့ဖူးတယ် ' လို့ ဆိုပါတယ်။ အောင်စောဦးမှတ်တမ်းတင်ထားတာက ' ဗိုလ်နေဝင်း' က “ သမဂ္ဂအဆောက်ဦဟာ ကွန် မြူနစ်ကျောင်းသားတွေ ခိုလှုံရာနေရာဖြစ်တယ်။ ဒီမြေပေါ်မှာ သမဂ္ဂအဆောက်ဦမရှိရင် သူတို့ခိုလှုံဖို့မရှိတော့ဘူး။ အဲ့လိုဆိုရင် ကွန်မြူနစ်တွေ နယ်စွန်နယ်ဖျားမှာပဲနေရတော့မယ်။ သီပေါ ပါတော်မူစက ထခဲ့တဲ့သူပုန်တွေလိုပဲ နယ်စပ်မှာပဲ တစတစ ဇီဝိန်ချုပ်စရာပဲရှိတော့တယ် ” လို့ ပြောဆိုခဲ့ကြောင်းကိုလည်း တပ်မတော်အရာရှိအသိုင်းအဝိုင်းရဲ့ပြောစကားကို မှတ်တမ်းတင်ပေးထားတာလည်း ရှိတယ်။
ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နဲ့ ဦးလှရွှေတို့ပြောလေ့ရှိတာက သမဂ္ဂခေါင်းဆောင်တွေ အဖမ်းခံရတာက ပြန်လွတ်လာတဲ့ ၁၉၆၃ ခုနှစ်ထဲမှာ သမဂ္ဂအဆောက်ဦယာယီတဲကြီးကို ပြန်ဆောက်ခဲ့ကြောင်း။ ငြိမ်းချမ်းရေးဆွေနွေပွဲပျက်တော့ အဲ့ဒီတဲကြီးကို ထပ်ဖျက်ဆီးပြန်တယ်။ သမဂ္ဂအဆောက်ဦဟာ ၂ ကြိမ်တိုင်တိုင်အဖျက်ခံရ အဖြိုခံခဲ့ရတယ်။ ပထမအကြိမ်မှာ ဗိုလ်နေဝင်းနဲ့ဗိုလ်အောင်ကြီး သူ့လက်ညှိုးထိုး ဟိုလူ့လက် ညှိုးထိုးနဲ့ ဝေ့လည်ချောင်ပတ်လုပ်နေပေမယ့် ဒုတိယအကြိမ်ဖြိုချဖျက်ဆီးချိန်မှာတော့ ဗိုလ်အောင်ကြီးဟာ အထုတ်ပယ်ခံထားရလို့ အစိုးရ အဖွဲ့ထဲမှာမရှိတော့ဘူး။ ဒါဆိုရင် ဘယ်သူဖျက်သလဲဆိုတာ အဖြေပေါ်နေပါပြီ ” လို့ ထောက်ပြခဲ့တယ်။
အခုထပ်ပြီး ၁၉၆၂ ခု နှစ်က ဖြစ်ရပ်ကိုပြန်ပြောပြတဲ့ NLD နာယကကြီး ဦးတင်ဦး (ကာ/ချုပ်ဟောင်း) က အင် တာဗျူးတခုမှာ “ အဆောက်ဦပြိုကွဲပြီးနောက်ပိုင်းမှာ ဦးနေဝင်းက တပ်မှူးကြီးတွေကိုခေါ်တယ်။ ကျနော်လည်း ဒုတိုင်းမှူးဆိုတော့ သွားရတယ်။ ဦးနေဝင်းပြောတဲ့စကားက ဒါနဲ့ပတ်သက်ပြီး ပြီးတာအားလုံးကို သူတာဝန်ယူတယ်။ ပစ်တာခတ်တာရော သမဂ္ဂကြီးခွဲလိုက်တာရော သူတာဝန်ယူတယ်လို့ပြောတယ်။ ဆက်လုပ်ရမယ့်အစီစဉ်တွေကိုလည်း ညွှန်ကြားတယ်။ အဲ့ဒီညပိုင်းမှာပဲ ‘ ဓားဓားချင်း လှံလှံချင်း ’ မိန့်ခွန်းခြွေတာလည်း ကြား လိုက်တယ် ” လို့ ဖြေထားတယ်။ ဒီအချက်ဟာလည်း သေချာတဲ့သက်သေခံချက်တခုပါပဲ။
အဆုံးမတော့ “ ဇူလိုင် ၇ ရက်ကျောင်းသားအရေးတော်ပုံ၏ တိုက်ပွဲဝင်ကျောင်းသားခေါင်းဆောင် မျိုးဆက်များ ” က သမိုင်ဌာနကဆရာတဦးရဲ့ပြောစကားကိုကိုးကားပြီး ပြောသလိုပဲ “ ဇူလိုင်သတ်ဖြတ်မှုနဲ့ တကသအဆောက်ဦဖြိုချဖို့ ’ အမိန့်ပေးတဲ့သူဟာ ဘုရားရှင်ဟောကြားတဲ့လူမိုက်စာရင်းပေါက်သူမျိုးဖြစ်တာကြောင့် တယောက်တည်း ဖြစ်ဖို့များပါတယ် ” ဆိုသလိုပါပဲ။ ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း ဂျူလိုင် ၇ ရက်နေ့က " ကျောင်းသားတွေပစ်သတ်ဖို့အမိန့်ပေးတာကျုပ် ” လို့ဝန်ခံထားပြီး ဖြစ်တယ်။ " ရီကွိုင်းလက်ဂန်းနဲ့ပစ်ရန်လိုက ရီကွိုင်းလက်ဂန်းသုံးရန်” ဆိုပြီးအမိန့်ပေးတာကို ကိုယ်တိုင်ဝန်ခံထားတာကြောင့် ၇ ဂျူလိုင် ကျောင်းသားသတ်မှုတရာခံအစစ်ဟာ ဗိုလ်နေဝင်းသာလျှင် ဖြစ်နေပါတယ်။ ကျောင်းသားသမဂ္ဂဖြိုဖျက်တဲ့ကိစ္စမှာလည်းနံပါတ် ၁ တရားခံဟာ ဗိုလ်နေဝင်းပဲဖြစ်နေတာလို့ အတိအကျသုံးသပ်နိုင်ပါတယ်။
အချုပ်အားဖြင့်ကောက်ချက်ချရရင် ဂျူလိုင် ၇ ရက်နေ့ ကျောင်းသားလူငယ်များအပေါ် အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့သူတွေဟာ ဗိုလ်နေဝင်းနဲ့အပေါင်းပါတွေဖြစ်တဲ့ ဗိုလ်ကျော်စိုး၊ ဗိုလ်သန်းစိန်၊ ဗိုလ်စိန်လွင်နဲ့ ဗိုလ်လှမြင့်တို့ဖြစ်တယ်။ သတင်းအမှန်ကိုထိန်ဝှက်ပြီး သတင်းမှားကိုထုတ်ပြန်စေကာ သတင်းစာလွတ်လပ်ခွင့်ကိုကျူးလွန်ခဲ့သူတွေကတော့ ဂျာနယ်ကျော် စောဦးနဲ့ ပြန်/ဝန် ဗိုလ်စောမြင့်တို့ဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်။
ဂျူလိုင် ၈ ရက်နေ့မနက်မှာ သမဂ္ဂအဆောက်အုံကြီးကိုဖြိုဖျက်ခဲ့တဲ့ နံပါတ် ၁ တရားခံဟာ ဗိုလ်နေဝင်းဖြစ်တယ်။ နံပါတ် ၂ တရားခံကတော့ ‘ သူတားမယ် ’ ဆိုပြီး တာဝန်မဲ့လုပ်ခဲ့တဲ့ ဗိုလ်အောင်ကြီး ဖြစ်တယ်။ ပြစ်မှုကျူးလွန်သူအပေါင်းပါတွေကတော့ ဗိုလ်ကျော်စိုး၊ ဗိုလ်လှမြင့်၊ ဗိုလ်ထွန်းရီ၊ သမဂ္ဂဖြိုခွဲမိန့်ကို လက်မှတ်ထိုးပေးလိုက်တဲ့ ဗိုလ်မင်းသိန်းတို့ ဖြစ်တယ်။
အခုဖော်ပြခဲ့တာတွေဟာ အစီရင်ခံစာမဟုတ်။ စစ်ခုံရုံးရဲ့တရားရေးဆုံး ဖြတ်ချက်လည်းမဟုတ်။ လူထုခုံရုံးဆုံးဖြတ်ချက်လည်းမဟုတ်သလို တရားလိုဘက်ကနေ စွဲချက်တင်တာလည်း မဟုတ်ပါဘူး။ နှောင်းခေတ်လူတယောက်ရဲ့ သမဂ္ဂရှင်းတမ်းစာနှစ်စောင်အပေါ်မှာ ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြည့်တာပဲ ဖြစ်တယ်။ စူးစမ်းဆင်ခြင် ကြည့်တာပဲ ဖြစ်တယ်။ ကိုးကားစာအုပ်မရှိမှုနဲ့ အချိန်ကာလအခြေနေတွေနဲ့ အခက်ခဲမျိုးစုံကြားကတင်ပြရတာမို့ ပြည့်စုံချင်မှ ပြည့်စုံမှာပါ။ လိုအပ်ချက်ရှိရင်လည်း ဖြည့်စွက်နားလည်ပေးဖို့ ပြောချင်ပါတယ်။
အားလုံးကိုခြုံကြည့်ရင်တော့ ဂျူလိုင် ၇ ရက်နေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ အဓိကရုဏ်းဖြစ်အောင်ဖန်တီးယူပြီးမှပစ်ခတ်တာဖြစ်တဲ့အတွက် အဓိကရုဏ်းဖြေရှင်းရေး၊ အဓိကရုဏ်းဖြိုခွဲရေးထက် အစုအပြုံလိုက်ပစ်သတ်ရေးကို အဓိကထားလုပ်ဆောင်တာ ပေါ်လွင်နေပါတယ်။
Aid to civil Power နဲ့အညီ အဓိကရုဏ်းဖြိုခွဲတာမဟုတ်ဘဲ တမင်ရည် ရွယ်ချက်ရှိရှိပစ်သတ်ဖို့ စစ်တပ်ကိုအသုံးပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဗိုလ်အောင်ကြီးစကားအတိုင်း အစုအပြုံလိုက်သတ်မှုကို ကျူးလွန်သူတွေဖြစ်နေတာမို့ စစ်ခုံရုံးတင် ဆုံးဖြတ်ကြရမှာပါ။
၈ ရက်နေ့မနက်လင်းအားကြီးအချိန်မှာ သမိုင်းတန်ဘိုးကြီးခဲ့တဲ့ ကျောင်း သားသမဂ္ဂအဆောက်အုံကြီးကို ဗကပကျောင်းသားတွေခိုလှုံဌာနချုပ်ဖြစ်လို့ ဖြိုခွဲဖျက်ဆီးတယ်ဆိုတာ အကြောင်းပြချက်တခုမျှသာ ဖြစ်တယ်။ ယုတ္တိကင်းမဲ့တဲ့အကြောင်းပြချက်ပဲဖြစ်တယ်။ အဲ့ဒီခေတ် ပညာရေးဟာ ဒီမိုကရေစီအခြေပြုပညာရေးဖြစ်တာကြောင့် ကွန်မြူနစ်ကြိုက်တဲ့ကျောင်း သားရှိသလို ကွန်မြူနစ်အယူဆကိုလက်မခံတဲ့ကျောင်းသားလည်း ရှိပါတယ်။ သမဂ္ဂအဖွဲ့အစည်းတွေကို ကြိုက်သလိုဖွဲ့ခွင့်ရှိခဲ့ပါတယ်။
သမဂ္ဂဗုံးခွဲပြီးနောက်တရက် ဗိုလ်အောင်ကျော် ကျောက်တိုင်မှာ ...(Credit- BBC)
သန့်ရှင်းကျောင်းသားများအဖွဲ့၊ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့၊ ဗကသများအဖွဲ့ချုပ် (သန့်ရှင်း) ဗကစဌာနချုပ် (ကိုကြီး၊ ကိုကိုလေး) ဒီအက်စ်အိုအဖွဲ့၊ တိုးတက်အဖွဲ့၊ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ ... စသဖြင့် တက္ကသိုလ်နယ်မြေမှာ ကျောင်းသားအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ထိ ရှိတယ်။ ရွေးကောက်ပွဲဝင်နိုင်တာကတော့ ၇ ဖွဲ့လောက်ပဲရှိပါတယ်။ အသင်းအဖွဲ့ပေါင်းလည်း ၉၅ ဖွဲ့ရှိတယ်လို့ ထွန်ဇော်ဌေးရဲ့ ‘ တို့သမဂ္ဂတို့ပိုင်တယ် ’ မှာဖော် ပြထားတာလည်း ရှိတယ်။ ကျောင်းသားသမဂ္ဂအတွက် ဒီမိုကရေစီအကျဆုံး ရွေးကောက်ပွဲကျင်းပပြီးနိုင်တဲ့အဖွဲ့က သမဂ္ဂမှာဦးဆောင်လုပ် ကိုင်ကြရတာ။
ဗိုလ်နေဝင်းတို့ ယူဆသလို ကွန်မြူနစ်ကျောင်းသားတဖွဲ့တည်းရှိတာမဟုတ်ဘူး။ ကျောင်းသားတိုင်း ကျောင်း သားသမဂ္ဂအဖွဲ့ဝင်တွေပဲ ဖြစ်တယ်။ ဗိုလ်နေဝင်းတို့ပြောသလို ကျောင်းသားသမဂ္ဂအဆောက်ဦဟာလည်း ကွန် မြူနစ်ကျောင်းသားတို့ ခိုလှုံရာမဟုတ်ဘူး။ သမဂ္ဂအဖွဲ့ဝင်ကျောင်းသားတိုင်းရဲ့ခိုလှုံရာ ဘူမိနက်သန်ပဲ ဖြစ်တယ်။ ဒါကြောင့်ပြည်သူ လူထုရဲ့ငြိမ်းချမ်းရေးနဲ့ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ပထမဆုံးချိုးဖောက်ကျူးလွန်သူတွေဟာ စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီအဖွဲ့သာဖြစ်တယ်လို့ စွဲချက်တင်ကြရမှာပါ။
၁၉၆၂ ဂျူလိုင် ၇ ရက်အစုပြုံလိုက်သတ်မှုနဲ့ သမဂ္ဂအဆောက်ဦဖြိုဖျက်မှုဟာ နိုင်ငံတော်အနာဂတ်ကို ဖျက်ဆီးတာပဲဖြစ်တယ်။ ဗိုလ်နေဝင်းတို့ စစ်အာဏာသိမ်းချိန်ကစပြီး ပါတီအဖွဲ့အစည်းတွေကို ဖျက်သိမ်းခဲ့တယ်။ အာ ဏာရှင်စနစ်ကိုအခြေတည်ခဲ့တယ်။ ဒီမိုကရေစီဆိတ်သုဉ်းအောင်ပြုကျင့်ခဲ့တယ်။ ကျောင်းသားသမဂ္ဂဆိုတာ နိုင်ငံသားကောင်းမွေးထုတ်ဖို့ ကျောင်းသားဘဝကတည်းက အလေ့အကျင့်ပြုရာ၊ ဒီမိုကရေအခြေခံ အစပျိုးပေးရာအလေ့အထရှိတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် မလိုလားတဲ့သဘောနဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ကျောင်း သားသမဂ္ဂကို ဖျက်သိမ်းဖို့လလုပ်ခဲ့တာ။ ဒါကြောင့်လည်း ဂျူလိုင် ၈ ရက်နေ့မှာ တော်လှန်ရေးအစိုးရက “ ကျူငုတ်မကျန် ဖျက်ဆီးလိုက်ရခြင်းဖြစ်သည် ” လို့ ကြေညာခဲ့တာပါ။
သမဂ္ဂအဆောက်ဦရှိရင် သမဂ္ဂကျောင်းသားရှိနေမှာပဲဆိုတဲ့ တထွာတမိုက်အကြံဆိုးနဲ့ သမဂ္ဂကိုဖြိုချဖျက်စီးတဲ့အထိ မိုက်ရိုင်းခဲ့ကြတာပဲဖြစ်တယ်။
ကျောင်းသားသမဂ္ဂဖျက်ဆီးခြင်းနဲ့ ကျောင်းသားသမဂ္ဂအဆောက်ဦ ဖြိုချဖျက်ဆီးလိုက်တဲ့ဖြစ်စဉ်ဟာ တဦးတယောက်ရဲ့ စိတ်အာသာဖြေရုံသက် သက်ကျူးလွန်ခဲ့တာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ အုပ်စုလိုက် အဆင့် ဆင့် ပါဝင်ပူးပေါင်းပြီး အကြံတူ ရည်ရွယ်ချက်တူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတခုဖြစ်ရုံမက ဒီမိုကရေစီရဲ့အမြစ်ကိုဆွဲနှုတ်ဖို့ကြံစည်တဲ့လုပ်ရပ်လည်းဖြစ်တယ်။ အနာဂတ်နိုင်ငတော်ကို ပဒသရာဇ်စစ်အာဏာရှင်အောက် သွတ်သွင်းရာမှာ ကျူငုတ်မကျန် ရှင်းလင်းလိုက်ခြင်းသာဖြစ်ပါတော့တယ်။
နှုတ်ကြောင့်ကြေ လက်ကြောင့်သေကြရတဲ့အပြင် စာရွက်ကိုလက်မှတ် ထိုးတဲ့လက်ဟာ နိုင်ငံကိုပါဖျက်ဆီးတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ။
ဟိန်းထက်ဇော်
* မူပိုင်ဓာတ်ပုံများကို လေးစားစွာ Credti ပေးပါသည်။
မိုးမခ
-
#MoeMaKaMedia
#WhatsHappeningInMyanmar