ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒေါ်အောင်ဆန်းစုကြည်နှင့် ပဉ္စာနန္တရိယကံကြီးထိုက်သူမျာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒေါ်အောင်ဆန်းစုကြည်နှင့် ပဉ္စာနန္တရိယကံကြီးထိုက်သူများ
(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသဘောထားက အရင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတူတာများတယ်။
သူက မြေအောက်မလုပ်ဖူး။ ဥပဒေပေးထားချက်ထဲက ရအောင်လုပ်တာ။ ဥပဒေဆိုတာက ဘာကောင်ဘဲအုပ်အုပ်၊ ဘာစနစ်ဘဲလုပ်လုပ် လူမြင်ကောင်းအောင် ပေးထားရတဲ့အခွင့်အရေးလေးတွေက ရှိသေးတာကိုး။ သူက အဲဒီဘောင်ထဲကနေ တော်လှန်တာ။
ဘာလို့ အဲလို တော်လှန်ရေးမျိုးကို ရွေးလဲဆိုတော့ သူ လုပ်နိုင်တာကိုး။ လက်နက်ကိုင်တာတို့ ဘာတို့ကျ သူ မလုပ်နိုင်ဘူး။ သူက သူကိုယ်တိုင်မလုပ်တဲ့ဟာကို သူများကို မခိုင်းဘူး။ မစည်းရုံးဘူး။ မလှုံ့ဆော်ဘူး။ အဲဒါ တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတူတာဘဲ။ အဲဒါကို တချို့က ဒေါ်စုဟာ လက်နက်ကိုင်တော်လှန်ရေး မထောက်ခံဘူး ဆိုတဲ့ဘက်ကို တွန်းချတယ်။ သူက သူ ပါဝင်လုပ်ဆောင်တဲ့ နိုင်ငံရေးမျိုးကိုပဲ ပြောတယ်။ သူ ဖမ်းခံရသမျှက သူလုပ်တဲ့တော်လှန်ရေးပုံစံဘဲ။ ဧရာဝတီတိုင်း ခရီးစဉ်၊ ဒီပဲယင်းခရီးစဉ်စတဲ့ ခရီးစဉ်တွေကြည့်မလား၊ သူ အဖမ်းခံရတဲ့ ကိစ္စတိုင်းက သူ့နိုင်ငံရေးလုပ်နည်းလုပ်ဟန်ကြောင့်ချည်းဘဲ။ အဲဒါကဘဲ ပြည်သူတရပ်လုံးကို လှုံ့ဆော်နိုင်ပြီး နိုင်ငံရေးအောင်မြင်မှုတွေ ရလာတာဘဲ။ သူ ရတဲ့နိုင်ငံရေးအောင်မြင်မှုမျိုးကလဲ ဘယ်သူမှ မရခဲ့သေးဘူးလေ။ ဘာ့လို့ဆို သူ့လို နိုင်ငံရေးကို ပြည်သူတရပ်လုံး သတိမူမိအောင် လုပ်နိုင်ကြတာမှ မဟုတ်ပဲကိုး။
အခု သူ့ကြောင့် နိုင်ငံရေးကို သတိမူမိတဲ့ ပြည်သူအများစုဟာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ပြီ။ တစုံတယောက်ရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် မဟုတ်ဘဲ ပြည်သူကိုယ်တိုင် လုပ်နိုင်လို့ ရွေးချယ်ပြီဆိုမှတော့ ဒီလက်နက်ကိုင်တော်လှန်ရေးဟာ မအောင်မြင်စရာ အကြောင်းမရှိသလို ဒေါ်စု လက်မခံစရာလဲ အကြောင်းမရှိဘူးလေ။ ဘာ့လို့ဆို ဒီတခါ အာဏာသိမ်းတာက ဒေါ်စု လုပ်လို့ရတဲ့ နိုင်ငံရေးဆိုင်ရာ ဥပဒေတွေ အကုန်ပျက်သွားတာကိုး။ အဲဒီတော့ ဥပဒေတွင်းတိုက်ပွဲ ဝင်စရာကို မရှိတော့တာ။ မလိုတော့တာ။
အခု ဒေါ်စု ရင်ဆိုင်နေတဲ့ ဥပဒေက ရာဇဝတ်မှုနဲ့စွဲထားလို့ ရာဇဝတ်ကြောင်း ရင်ဆိုင်နေတာ။ နိုင်ငံရေးအရ ရင်ဆိုင်ဖို့ ဥပဒေက အာဏာသိမ်းကထဲက လစ်သွားပြီ။ မရှိတော့ဘူး။ မအလနဲ့ စစ်တပ်က သူတို့ စောင့်ထိန်းပါမယ်ဆိုတဲ့ ဥပဒေကို သူခိုးစျေးတောင်မရဘဲ ရောင်းလိုက်တာ မဟုတ်လား။ အဲဒီအာဏာသိမ်းလုပ်ရပ်က အဲဒီအချိန်တည်ဆဲခြေဥကို ကျော်ပြီး သိမ်းလိုက်တာဆိုတော့ အလိုလိုပျက်သွားပါရောလား။ ဆန္ဒပြတာလဲ ပစ်သတ်ပြီဆိုတော့ ဥပဒေတွင်းလုပ်စရာ ဘာမှကို မကျန်တော့တာလေ။
အဲဒီတော့ ပြည်သူက လက်နက်ကိုင်တော်လှန်ရေးကို ရွေးလိုက်ရတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ ကိုဗစ်တိုက်ဖျက်ရေးတုန်းကလို ကိုစစ် တိုက်ဖျက်ရေးအတွက် ဒေသအလိုက်ပြည်သူနဲ့ ဒေါ်စု ဇွန်းမီတင်လိုက်ရရင် ပိုတောင် မြန်မြန်ဆန်ဆန် ပြတ်သွားအုံးမယ်။
ပဉ္စာနန္တရိယကံထိုက်နေတဲ့ စစ်တပ်ဟာ ဒေါ်စု ပုံရိပ်ကို အလွဲသုံးပြီး လက်နက်ကိုင်တော်လှန်ရေးကိုဖြိုခွဲဖို့ လုပ်ဆောင်နေတာတွေဟာ ဒေါ်စုနဲ့ ပြည်သူကို သေချာနားမလည်တာရယ်၊ ကိုယ် ကျူးလွန်ထားတဲ့ အကုသိုလ်ကံရဲ့ အတိုင်းအဆကို မသိချင်ယောင်ဆောင်တာရယ်၊ ဒီကံရဲ့ အကျိုးပေးပုံကို နားမလည်တာရယ်ကြောင့်ပါ။
အနန္တရိယကံဆိုတာ ဘဝမခြား အပါယ်လားတဲ့ကံလေ။ ဘာနဲ့မှ အစားထိုး ချေဖျက်လို့ မရတဲ့ကံ။ ကျူးလွန်ပြီးတာနဲ့ သွားရမယ့်ကံ။ တပါးတည်းနဲ့တောင် အပါယ်လားတာ ငါးပါးအစုံ အကုန်လွန်ကျူးထားတဲ့ အာဏာရူးများအတွက်တော့ ဆိုဖွယ်ရာမရှိပ။
ဘယ်လိုများ ငါးပါးလုံး ကျူးလွန်ထားသလဲဆိုတော့ စစ်တပ် ဆိုတာ ပြည်သူက မွေးထား ကျွေးထား ဆင်ထားရတာ မဟုတ်လား။ စစ်တပ်က မိုးပေါ်ကျ မဟုတ်ဖူးလေ။ သူ့မှာ ပြည်သူ ဆိုတဲ့ အဖေ အမေ ရှိတယ်။
အဲဒီတော့ ပြည်သူကိုသတ်နေတာဟာ မာတုဃာတက = အမိသတ်ကံနဲ့ ပိတုဃာတက = အဖသတ်ကံကို တပြိုင်တည်း ကျူးလွန်တာပေါ့။ ပြည်သူကို နေ့စဉ် သတ်ဖြတ်မီးတိုက်ရုံမက တပြည်သားချင်း ကိုယ့်နှမအရင်းတွေကို မုဒိမ်းပါ ကျင့်လိုက်သေးတာ။ အရဟန္တဃာတကဆိုတဲ့ သူတော်စဉ် သူတော်ကောင်းတွေကို အလောင်းမပြတ် သတ်ဖြတ်နေတဲ့ ကံတွေလဲ ပြုထားတာက ရေတောင်မရေနိုင်။ လောဟိတုပ္ပါဒက ဆိုတာကတော့ ဒေဝဒတ်ကမှ ဘုရားခြေမကလေး သွေးစိမ်းတည်အောင်သာ လုပ်တာ၊ မအလနဲ့ စစ်တပ်ကတော့ ဘုရားရှင့်သာသနာတခုလုံး သွေးစိမ်းပန်းအောင် လုပ်ထားတာကလား။ ရှေ့လျှောက် ဆွမ်းရေးကွမ်းရေးတောင် မရေမရာ။ သံဃဘေဒကဆိုတဲ့ သံဃာသင်းခွဲတဲ့ကံကတော့ ပြောမနေနဲ့၊ မဘသခေတ်ကစလို့ အနီသံဃာ၊ အစိမ်းသံဃာ၊ အဝါသံဃာ သံဃာ ဘယ်လောက်ကွဲနေလဲသာ ကြည့်။ ပြန်ကို စေ့မရတော့တာ။ ဒါ သာသနာပြိုပျက်ဖို့ အလားအလာဘဲလေ။
အဲလို အနန္တရိယကံငါးပါးလုံး သိမ်းကျုံး ကျူးလွန်ထားသူက ဒေါ်စု ပုံရိပ်ခိုရုံနဲ့ အပြစ်က လွတ်မတဲ့လား။ ဘုရားရှင်က သူ့ယောက်ဖ ဒေဝဒတ်ကို ငါ့ကို သွေးစိမ်းတည်အောင် လုပ်ရပါ့မလား၊ ငါ့သာသနာ ပြိုကွဲအောင် လုပ်သူပါတကားလို့ အငြိုးမထား မဟာကရုဏာပွားသော်လဲ ငရဲက ခေါ်တာကိုတော့ တော်ရာက ကြည့်နေရသလို ဒေါ်စုလည်း နိုင်ငံရေးကံကြီးထိုက်သူတွေကို ကရုဏာဖြစ်မှာကတော့ သေချာပါတယ်။
ပြည်သူ့တရားစီရင်မှု ဆိုတဲ့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကတော့ ပြည်သူနဲ့တသဘောတည်းရှိနေတဲ့ ဒေါ်စုကြောင့်ကို ပိုအားကောင်းအုံးမှာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar