K မိုး - သမိုင်းတခေတ်ကို ပိုင်းဆစ်ကြည့်ခြင်း
K မိုး - သမိုင်းတခေတ်ကို ပိုင်းဆစ်ကြည့်ခြင်း
(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၃
ယူကရိန်းလို
ကမ္ဘာမကျော်ပေမယ့်
အိပ်မောကျနေတဲ့
ငါ့နိုင်ငံတော်
သန်းခေါင်ယံ အိပ်မက်လို ညတွေ
အသက်ဝဝ ရှူရတာထက်
အသက်အောင့်ထားရတာ
ပိုများလွန်းလှ.....။
တနေ့ထက် တနေ့
ပိုပိုပြီး ကျိန်စာသင့်နေသူတွေ
မကြာခင်
ခါးသီးလွန်းတဲ့ ပြည်သူ့ဘဝများစွာ
ကြွေလွင့်ကြမ္မာရိုင်းက
ရုန်းထွက်လွတ်မြောက်
မိုးသောက်အရုဏ်ဦးမှာ
မင်္ဂလာပါလို့
နှုတ်ဆက်ခွင့်ရတော့မယ်။
နှင်းဆီကို.....အကျဉ်းချလည်း
သူ့ရနံ့က
ကမ္ဘာအနှံ့ ပျံ့လွင့်လို့....။
လူတိုင်းမှာ....
မတူညီနိုင်တဲ့
အရည်အချင်းကိုယ်စီ ရှိတယ်ဆိုတာ
လုံးဝ လုံးဝ မမေ့ပါနဲ့....။
ပုဂံရာဇဝင်မှာ
အနော်ရထာ မျက်မာန်ရှလို့
ပရိမ္မအရပ်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့
ကျန်စစ်သားက
အချိန်တန်တော့လည်း
ရာဇပလ္လင်မှာ ထိုင်ပြီး
ဘိသိက်ခံ မင်းတစ်ပါး
တိုင်းပြုပြည်ပြု လုပ်ရပ်နဲ့
ဂုဏ်ဒြပ် တက်ခဲ့ရ
ဒီလိုပါပဲ ...
ဒီလိုပါပဲ ..
တနေ့နေ့ တချိန်ချိန် ဆိုတာ
မကြာတော့ပါ...။