Breaking News

ဆဲဗင်းဂျူလိုင်ရဲ့ အရိပ်၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကုန်စိမ်းစျေးသည်တွေ ပစ်သတ်ခံရ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၃ 


ဆဲဗင်းဂျူလိုင်ရဲ့ အရိပ်၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတရွာမှာ ကုန်စိမ်းစျေးသည်တွေ ပစ်သတ်ခံရ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁ နှစ် ဖြစ်တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂထဲမှာ ခိုလှုံနေကြတဲ့ ကျောင်းသားတွေ အပါအဝင် ကျောင်းသားဒါဇင်နဲ့ချီပြီး ဖောက်ခွဲခံရတဲ့ အထဲအသက်ဆုံးရှုံးခဲ့ကြရတဲ့ အဖြစ်အပျက်၊ အဲဒီ ဇူလိုင် ၇ ရက်မှာပဲ တက္ကသိုလ်ဝင်းထဲက ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ကျည်အစစ်နဲ့ ပစ်ခတ်တာတွေ တော်လှန်ရေးကောင်စီလို့ ၄င်းတို့အဖွဲ့ကို ၄င်းတို့နာမည်ပေးထားတဲ့ စစ်ဗိုလ်ချုပ်တွေက အမိန့်ပေးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ မတ်လ မှာ စစ်အာဏာသိမ်းပြီး တက်လာတဲ့ ဦးနေဝင်းဦးဆောင်တဲ့ စစ်အစိုးရရဲ့ ပွဲဦးထွက် သွေးထွက်သံယိုမှု ဖြစ်ပါတယ်။ 

၁၉၆၂ ခုနှစ်အာဏာသိမ်းမှုကို နိုင်ငံရေးသမားတွေ အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု မရှိခဲ့ဘဲ အချို့သော ဆိုရှယ်လစ်၊ ဆိုရှယ်ဒီမိုကရက်လို့ ဆိုနိုင်တဲ့ အလယ်အလတ် လက်ဝဲနိုင်ငံရေးသမားတွေက ထောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က ဖဆပလက အရင်းရှင်စီးပွားရေးစနစ်၊ နိုင်ငံတကာအရေးမှာ ကြားနေဝါဒနဲ့ တိုင်းရင်းသားအရေးကိစ္စတွေမှာ ဆိုရှယ်လစ်တွေထက်ကို သဘောထား ပျော့ပျောင်းတဲ့ မူဝါဒတွေရှိတာကို အချို့သော မြေပေါ်လက်ဝဲနိုင်ငံရေးသမားတွေက မကြိုက်ရာက ဆိုရှယ်လစ်လမ်းစဥ်နဲ့ သွားမယ်လို့ ကြွေးကြော်တဲ့ ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီကို အားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

မတ်လ ၂ ရက် စစ်အာဏာသိမ်းအပြီး ပထစ အစိုးရအဖွဲ့ဝင်တွေ၊ တည်မြဲဖဆပလခေါင်းဆောင်တွေကို ထိန်းသိမ်းထားလိုက်ပြီး အဲဒီပြင်ပနိုင်ငံရေးသမားတွေ အနေနဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီကို ကြီးကြီးမားမား ဆန့်ကျင်တဲ့ လှုပ်ရှားမှုမရှိခဲ့ပဲ လအနည်းငယ်အကြာမှာ ကျောင်းသားအင်အားစုရဲ့ ဆန့်ကျင်မှုကို ကြုံကြရတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ယုံကြည်မှု အတိုင်းအတာတခုထိရထားတဲ့ အာဏာသိမ်း ခေါင်းဆောင်တွေက ကျောင်းသားတွေရဲ့ ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ကြတာမျိုး ဖြစ်ပါတယ်။ 

ဖဆပလ လက်ထက် ကျောင်းသား လှုပ်ရှားမှုတွေကို စစ်တပ်အနေနဲ့ မျက်မုန်းကျိုးနေခဲ့ကြတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို သူပုန်တွေရဲ့ ကွန်းခိုရာ၊ ခိုအောင်းရာ သဖွယ်မြင်ကြပြီး သမဂ္ဂအဆောက်အဦကို အပြီးတိုင်မြေပေါ်က ဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း သမဂ္ဂအဆောက်အဦထဲမှာ လက်နက်တွေ ဝှက်ထားတယ်ဆိုတာမျိုး သတင်းတုတွေ ဖန်တီးအကြောင်းပြပြီး စစ်ခေါင်းဆောင်ပိုင်းအကြား လှုံ့ဆော်ကာ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ကျောင်းသား သမဂ္ဂအဆောက်အဦကို ဖြိဖျက်ခဲ့ကြတာ ဖြစ်ပြီးဖောက်ခွဲချိန် အထဲမှာ ကျောင်းသား ဘယ်နှစ်ဦးရှိနေသလဲ ဆိုတာတောင် မသိနိုင်လောက်အောင် ဖြစ်ခဲ့တဲ့ သမိုင်းအမည်းကွက် ဖြစ်ရပ်တခုဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ဟာ တော်လှန်ရေးကောင်စီနဲ့ စစ်တပ်ခေါင်းဆောင် နေဝင်းနဲ့သာ သက်ဆိုင်တဲ့ ဖြစ်ရပ်အနေနဲ့ မမှတ်ယူကြဘဲ ဘာကြောင့် ဆယ်စုနှစ် ၆ ခုကျော်အထိ အုပ်ချုပ်သူ အစိုးရနဲ့ ကျောင်းသားတက်ကြွ လှုပ်ရှားသူတွေအကြား သမိုင်းအကြွေးတရပ်သဖွယ် ဖြစ်နေခဲ့တာပါလဲ။ 

စစ်တပ်ရဲ့ နိုင်ငံရေးမှာ နေရာယူမှု ၊ အာဏာကို ချုပ်ကိုင်မှုက ပြီးခဲ့တဲ့ နှစ် ၆၀ အတွင်း ပြတ်လပ်သွားတယ်လို့ မရှိလောက်အောင် တဆက်တည်း အာဏာကို ချုပ်ကိုင်ထားတာ၊ ကျောင်းသားလှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ်တာ၊ ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွင့်ခွင့် မပေးတာ (၂၀၁၁ မှ ၂၀၂၁ ခုနှစ် ချွင်းချက်)၊ ၁၉၆၂ ခုနှစ်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ တာဝန်ရှိသူတွေကို ဖေါ်ထုတ်တာ၊ တောင်းပန်စကားပြောတာ ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ်မဖြစ်ပွားဖို့ အာမခံတာ၊ ပျက်စီးသွားတဲ့ သမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်လုပ်ဖို့ ခွင့်မပြုခဲ့တာတွေကြောင့် သမိုင်းရဲ့ အကြွေးက အခုချိန်ထိ ဆက်လက်တည်ရှိနေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် အန်အယ်လ်ဒီအစိုးရအဖြစ် အုပ်ချုပ်စဥ်ကာလမှာ သမဂ္ဂ အဆောက်အဦပြန်ဆောက်ဖို့ ရန်ကုန်တိုင်းအစိုးရက ကမကထ လုပ်ပြီးကြိုးစားမှုတခုရှိခဲ့ပြီး ကျောင်းသားသမဂ္ဂ အဖွဲ့တွေနဲ့ ကြေလည်စွာ တိုင်ပင်ဆွေးနွေးခြင်းမရှိတာကြောင့် ကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ပြီး ဆောက်လုပ်မယ့် အစီအစဥ်ကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ 

ဆဲဗင်းဂျူလိုင် အဖြစ်အပျက်ကို ပြန်သုံးသပ်ကြည့်ရင် စစ်တပ်အနေနဲ့ လက်နက်မဲ့ ဆန္ဒပြသူ ကျောင်းသားတွေအပေါ် အင်အားအလွန်အကျွံ သုံးစွဲတာ၊ စပြီးဖြိုခွဲတဲ့အခါမှာ ကျည်အစစ်တွေနဲ့ တန်းပြီးသုံးစွဲခဲ့တာ၊ အဆိုးဆုံးကတော့ သမဂ္ဂကို ရန်သူ ခံတပ်စခန်းသဖွယ် သဘောထားပြီး ဒိုင်းနမိုက်တွေ ဆင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့တာတွေက သမိုင်းမှာ ရုပ်ဆိုးဆုံးဖြစ်ရပ်တွေ ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်တဲ့ အင်္ဂလိပ်ကိုလိုနီ လက်ထက်မှာ ကျောင်းသားလှုပ်ရှားမှုတွေကို ကိုင်တွယ်တာထက် ဆယ်ဆမက ရက်စက်တဲ့ နည်းလမ်းတွေသုံးပြီး လုပ်ဆောင်ခဲ့တာကို ခေတ်အဆက်ဆက် ဆက်ခံတဲ့ စစ်ခေါင်းဆောင်တွေက နောင်တမရသေးတဲ့အဖြစ်က သမိုင်း အကြွေးရှိနေဆဲ ဆဲဗင်းဂျူလိုင် အဖြစ်အပျက်လို့ ဆိုနိုင်တဲ့ အချက် ဖြစ်ပါတယ်။ 

ဒီနေ့ သတင်းအဖြစ်အပျက်တွေထဲက သတင်းတချို့ကတော့ ဝက်လက်မြို့နယ်ထဲက ကျေးရွာတရွာဖြစ်တဲ့ ရွှေပန်းကုန်းကျေးရွာမှာ ကုန်စိမ်းရောင်းဖို့ ကားနဲ့အသွား စစ်ကောင်စီတပ်တွေ ရွာဝင်လာတာနဲ့ ဆုံပြီး ပစ်သတ်ခံရလို့ အမျိုးသမီးတွေ အပါအဝင် ကုန်စိမ်းစျေးသည် ၇ ဦး သေဆုံးခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ 

အဖြစ်အပျက်က မနက် ၄ နာရီခန့် စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာချိန်မှာ ဖြစ်ပျက်တာလို့ သိရပြီး ကုန်စိမ်းခြင်းတွေအကြား အသက်သေဆုံးနေတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းတွေက ကျေးရွာတွေကို ဝင်ရောက်ချိန်မှာ မဲမဲမြင်တာနဲ့ မခွဲခြားဘဲ ပစ်ခတ်လေ့ရှိတာ၊ လမ်းမှာ သွားလာသူကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သို့မဟုတ် ထောက်ခံသူ သတင်းပေးသူအဖြစ် ယူဆပြီး သတ်ဖြတ်တာတွေက မကြာခဏဖြစ်ပျက်နေတဲ့ အဖြစ်အပျက်သဖွယ် ဖြစ်လာနေတာပါ။ ခုနေအခါမှာ ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ရုံကလွဲပြီး မဖြစ်ပွားအောင် ရှောင်လွှဲနိုင်ဖို့ သို့မဟုတ် ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့ပြီလား။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ အခုလို အရပ်သားတွေ အသက်ဆုံးရှုံးမှုတွေ မရှိအောင် အရေးတကြီး လုပ်ဆောင်နိုင်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့လည်း တိုက်တွန်းလိုက်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar