သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမစာမျက်နှာ (၄)

Members of the Free French Squadron during the link-up between advanced units of the First and Eighth British armies in Tunisia.
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမစာမျက်နှာ (၄)
(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၃
အာဖရိကမြောက်ဘက် စစ်မျက်နှာကို ‘ရွမ်းမဲလ်’ မရောက်မီအချိန်က ဥရောပဘက်ခြမ်းမှာ မဟာမိတ်တို့ အံ့အားသင့်ခဲ့ရတဲ့ နာဇီဂျာမနီရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ် ဧပြီလ (၇) ရက်မှ ဇွန် (၂၂) ရက်နေ့ အချိန်တိုအတွင်းမှာပဲ ဒိန်းမတ်၊နော်ဝေ၊ဘယ်လဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နဲ့ ပြင်သစ်တို့ ဂျာမန်လက်အောက် ကျရောက်သွားတာတွေက နာဇီတပ်တွေရဲ့ စစ်စွမ်းရည်ကို သက်သေပြခဲ့ပါတယ်။ ဂျာမနီကို တပြိုင်နက် စစ်ကြေညာခဲ့ကြတဲ့ ဗြိတိန်နဲ့ ပြင်သစ်မှာလည်း ဂျာမန်တို့ရဲ့ စစ်ရေးအောင်မြင်မှုတွေကြောင့် နိုင်ငံရေး ဖိအားတွေ ပိုများလာခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီကာလထဲမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ‘ချိန်ဘာလင်’(Neville Chamberlain)နဲ့ ပြင်သစ်ဝန်ကြီးချုပ် ‘ရေးနော့ဒ်’ (Paul Reynaud)တို့ နုတ်ထွက်ပေးခဲ့ရပါတယ်။
ဒီအချိန်အထိ မဟာမိတ်ဆိုပြီး ပြောဆိုတဲ့အခါမှာလည်း အမေရိကန်တို့က ၁၉၄၁ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ ပု လဲဆိပ်ကမ်း ဗုံးကြဲခံရပြီးမှသာ စစ်ထဲတရားဝင် ဝင်ရောက်ခဲ့တာကြောင့် ဒုတိယကမ္ဘာစစ် အစောပိုင်းမှာ မဟာ မိတ်တို့အင်အား နောက်ပိုင်းကာလလို မတောင့်တင်းသေးဘူးလို့ ဆိုရပါမယ်။ ၁၉၄၀ခုနှစ် ဇွန်(၁၄)ရက် ပဲရစ်မြို့ နာဇီတို့ လက်ထဲကျသွားပြီးတဲ့နောက် ဇွန် (၂၂) ရက်မှာ ပြင်သစ်က ဂျာမနီနဲ့ လက်မှတ်ရေးထိုး စစ်ပြေငြိမ်း လိုက် တဲ့အခါ မဟာမိတ်တပ်ဖွဲ့လို့သာ ခေါ်ဆိုရပေမယ့် စစ်အင်အား ကြီးကြီးမားမားဆိုလို့ ဗြိတိန်နိုင်ငံသာ အဲဒီအချိန်က ကျန်ရှိပါတော့တယ်။
ပထဝီ အနေအထားရကြည့်ရင် ဖက်ဆစ်အီတလီနဲ့ အာဖရိကမြောက်ပိုင်းဒေသတွေက မြေထဲပင်လယ်တခုပဲ ခြား နေပြီး လစ်ဗျားကိုလည်း သိမ်းပိုက်အခြေစိုက် ထားပြီးပါပြီ။ ဒါ့ကြောင့် ဗြိတိသျှတပ်တွေအနေနဲ့ လက်ဝယ်ရှိ ဗျူဟာမြောက် အာဖရိကမြောက်ဘက်ဒေသတွေကို အပြင်းအထန် ခုခံကာကွယ်ကြဖို့ပဲ ရှိပါတော့တယ်။ တကယ်လို့သာ ဝန်ရိုးတန်းတပ်တွေ လက်အောက်ထပ်ကျသွားခဲ့ရင် စစ်ရေးချိန်ခွင်ညှာက ပိုပြောင်းလဲသွားမှာပါ။
ဒီလိုအခြေအနေမျိုး ဖြစ်လာတဲ့အတွက် ‘စတာလင်’တို့ရဲ့ SASတပ်ဖွဲ့အနေနဲ့ စစ်ရေးရည်မှန်းချက် ကြီးကြီးထားပြီး အထူးစစ်ဆင်ရေးများ ဖေါ်ဆောင်ပေးနိုင်ဖို့ စီစဥ်ခဲ့ကြတာပါ။ SASကို ပူးတွဲတည်ထောင်ကြသူများအဖြစ် အသိအ မှတ်ပြုထားကြတဲ့ ‘စတာလင်’ ‘လူးဝစ်’နဲ့ ‘ပက်ဒီမိန်း’တို့ (၃)ဦးလုံး ဟာ ဗြိတိသျှစစ်သား (အမြဲတမ်း) တွေအဖြစ် စစ်တပ်ထဲ ရောက်လာကြသူတွေ မဟုတ်ပဲ ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့လို့သာ စစ်ထဲဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
တဖက်ကိုပြန်ကြည့်ရင် ဂျာမန်စစ်ဗိုလ်ချုပ် ‘ရွမ်းမဲလ်’ကတော့ ကမ္ဘာစစ်(၂)ခုလုံးကို ဖြတ်သန်းဖူးတဲ့ ပရော်ဖက်ရှင် နယ် စစ်သားတယောက်ပါ။ ကန္တာရ မြေခွေးဆိုတဲ့ နံမည်တလုံး ရမလာခင်ကတည်းက ပြင်သစ်နိုင်ငံကို လျင်မြန် စွာ ဝင်သိမ်းနိုင်ခဲ့စဉ် အဓိကကျတဲ့ ဂျာမန် အမှတ်(၇)တင့်ကားတပ်မှူး တယောက်အနေနဲ့ သူ့ရဲ့စစ်ရေးစွမ်းရည်ကို အသိအမှတ်ပြုခဲ့ကြရ ပြီးပါပြီ။ နာဇီဂျာမန်တို့ ပြင်သစ်နိုင်ငံကို သိမ်းပိုက်လိုက်တဲ့အခါ ပြင်သစ်နဲ့ သူ့ရဲ့ကိုလိုနီ နိုင်ငံ များအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း (၁.၈)သန်းခန့် စစ်အကျဉ်းသားများ ဖြစ်ခဲ့ကြရတာကို ကြည့်ရင်ပဲ ဂျာမန်လက် နက်ကိုင်တပ်ဖွဲ့တို့ရဲ့ စစ်ရေးစွမ်းဆောင်နိုင်စွမ်းကို တွေ့မြင်နိုင်ပါတယ်။
မဟာမိတ်တပ်တွေ အနေနဲ့ ဥရောပစစ်မျက်နှာပြင်မှာ ဂျာမန်တပ်တွေကို တားဆီးဖို့ ခက်ခဲလာတဲ့ကာလမှာ ‘ရွမ်း မဲလ်’က နံမည်တက်နေတဲ့ စစ်ပါရမီရှင်တဦးပါ။ နံမည်ကျော် စစ်ကျမ်းတခု ပြုစုခဲ့သူ ဖြစ်တဲ့အပြင် ရှေ့တန်း စစ် မျက်နှာပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်တတ်တဲ့ သူ့ရဲ့စစ်ရေးဗျူဟာကြောင့် လက်အောက်ငယ်သား များက အထူးလေးစားကြပါတယ်။ ပြင်သစ်နိုင်ငံကို ဝင်တိုက်ခဲ့တုန်းက အရေးပါတဲ့ ‘မားစ်မြစ်‘ (River Meuse) ကျော်ဖြတ်ချီတက်မှုမှာ သူ့တပ်ဖွဲ့ဝင်များနဲ့ ရှေ့ဆုံးက ရာဘာလှေငယ်တစီးကို အတူလှော်ခတ်ပြီး ဖြတ်ကူးခဲ့သူပါ။
အာဖရိက စစ်မျက်နှာပြင်မှာလည်း အရှည်(၃၃)ပေ၊ အမြင့်(၁၀)ပေ လောက်သာရှိတဲ့ Fieseler Storch (၃) ယောက် စီး အင်ဂျင်တလုံးတပ် အပေါ့စား လေယာဉ်ငယ်လေးနဲ့ ရှေ့တန်းစစ်မျက်နှာ နေရာအနှံ့ကို သွားရောက်ကွပ်ကဲလေ့ ရှိပါတယ်။ မဟာမိတ်တို့ဘက်က စစ်လေယာဉ်များစွာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အပြင် ဝေဟင် ပစ် လက်နက်မျိုးစုံလည်း အများအပြားသုံးစွဲ နေတဲ့ စစ်မြေပြင်တွေဖြစ်လို့ တကယ့်ကို အန္တရာယ်များတဲ့ အခြေ အနေလို့ ပြောရပါမယ်။
ဒါပေမဲ့ ‘ရွမ်းမဲလ်’ရဲ့ ရှေ့တန်းကနေ ဒီလိုဦးဆောင်ကွပ်ကဲတတ်မှုက အံ့အားသင့်လောက်အောင် သူ့တပ်ဖွဲ့တွေ မြန်မြန်ဆန်ဆန် ပြောင်းရွှေ့ ချီတက်နိုင်မှုကို အထောက်အကူပြုခဲ့ပြီး သဲကန္တာရ စစ်တလင်းမှာ ဂျာမန်တပ်ဖွဲ့တွေနဲ့ လျှပ်စီးပမာရွေ့လျား ထိုးစစ်ဆင်နိုင်သူတဦးအဖြစ် ကျော်ကြားလာပါတယ်။ ‘ရွမ်းမဲလ်’ဟာ နာဇီဗိုလ်ချုပ် တယောက် ဖြစ်လင့်ကစား ‘ချာချီ’နဲ့တကွ မဟာမိတ်စစ်ဗိုလ်ချုပ်များရဲ့ ချီးကျူးလေးစားမှုကိုလည်း ခံရတဲ့သူပါ။
ဒီလိုထိပ်တန်း စစ်ဗိုလ်ချုပ်တယောက်ရဲ့ စနစ်တကျ ကွပ်ကဲမှုအောက်က စစ်ရေးအတွေ့အကြုံ ပြည့်ဝတဲ့ တပ်ဖွဲ့ များရဲ့ အထိုင်တပ်စခန်းတွေကို စစ်သက်ကလည်း နုနယ်၊ အများဆုံးအင်အား စာရင်းပေါက် (၆၅) ယောက်သာရှိတဲ့ SAS တပ်ဖွဲ့သစ်လေးက ပံ့ပိုးမှု အလုံအလောက်လည်း မရရှိသေးတဲ့ကာလမှာ နှောက်ယှက်တိုက်ခိုက် ဖျက်ဆီးဖို့ ကြံရွယ်နေကြတာကတော့ စိတ်ကူးယဉ်ဆန်တယ်လို့တောင် ထင်နိုင်ကြပါတယ်။ ပြောရရင် ကိုင်ရို စစ်ရုံးချုပ်မှာ ရှိတဲ့ စစ်အရာရှိကြီးတွေထဲမှာတောင် ဒီလိုအမြင်မျိုး ရှိနေတဲ့ကာလပါ။
ဒါပေမဲ့ ဒီလိုယူဆထားကြမှုဟာ တချိန်မှာ SASဆိုပြီး သမိုင်းမှတ်တိုင် စိုက်ထူကြမယ့်သူတွေရဲ့ ခိုင်မာပြင်းပြတဲ့ စိတ်ဓာတ်တွေကို လျှော့တွက်ထားရာ ရောက်တယ်လို့ပဲ ပြောရပါမယ်။ တကယ်တမ်းက အရည်အချင်းနဲ့ အရင်းအမြစ်တွေ တူညီကြစေဦးတော့ ခြားနားတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့် ရလဒ်များ ကွာခြားသွားစေတဲ့အထိ စိတ် ဓါတ်က အရေးပါပါတယ်။
မုန်တိုင်းထဲခုန်ချ မီးပင်လယ်လည်း ဖြတ်ကြမည့်သူများ
မဟာမိတ်တပ်တွေကို ထိုးစစ်ဆင် ခြိမ်းခြောက်နေတဲ့ ‘ရွန်းမဲလ်’တပ်ဖွဲ့များအတွက် ၁၉၄၁ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့မှာ အရှေ့အလယ်ပိုင်းစစ်ဒေသ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ‘အော်ခင်လက်’ရဲ့ တန်ပြန်ထိုးစစ်ကြီး စတင်ဖို့ရှိပါ တယ်။ အာဖရိကမြောက်ပိုင်း စစ်မျက်နှာပြင်အတွက် ဒီ ‘အော်ပရေးရှင်း ခရူးဆိတ်ဒါ’ (Operation Crusader) လောက် ကြီးမားတဲ့ သံချပ်ကာ ယန္တရားစစ်ဆင်ရေးကို မဟာမိတ်တို့ဘက်က တခါမှ မစတင်ဖူးသေးပါဘူး။
‘စတာလင်’တို့ရဲ့ SAS က မဟာမိတ်တပ်ဖွဲ့တွေကို ထိုးနှက်ပြီး လေကြောင်းပစ်ကူပေးနေသလို ထောက်ပို့လမ်းကြောင်းကို ထိရောက်စွာ ပံ့ပိုးပေးနေတဲ့ ဂျာမန် အီတလီတို့ရဲ့ လေတပ်စခန်းတွေကို ကြိုတင်ဖျက်ဆီးပြီး ‘အော်ပ ရေးရှင်း ခရူးဆိတ်ဒါ’ အတွက် အထောက်အကူပြုပေးဖို့ ရည်ရွယ်ထားကြပါတယ်။
ဒီအတွက် နိုဝင်ဘာလ(၁၇)ရက်နေ့ညမှာ ပွဲဦးထွက် ‘အော်ပရေးရှင်း စကွပ်တာ’(Operation Squatter) လေထီး စစ်ဆင်ရေးကို ဆင်နွှဲဖို့ စီစဉ်ပါတယ်။ ဖြစ်ချင်တော့ လေပြင်းမုန်တိုင်းကျပြီး လေထီးခုန်ဖို့ မသင့်တဲ့ ရာသီဥတု လို့ မိုးလေဝသ ခန့်မှန်းချက် ထွက်လာပါတယ်။ စစ်ရုံးချုပ်က ဖျက်သင့်တယ်လို့ ကြိုအကြောင်းကြားခဲ့ပေမယ့် အဆုံး အဖြတ်က ‘စတာလင်’အပေါ် မူတည်ပြီး သူက သူ့တပ်ဖွဲ့နဲ့ တိုင်ပင်ပါတယ်။
ဒီတပ်ဖွဲ့ဝင်တွေဟာ ကွန်မင်ဒိုဘဝမှာ မျှော်မှန်းခဲ့သလို စစ်မတိုက်ရလို့ SAS ထဲဝင်လာကြသူတွေဆိုတော့ တိုက်ပွဲ ရှိရာဆီကိုပဲ သွားချင်ကြသူတွေပါ။ ‘စတာလင်’ဆက်စဉ်းစားနေမိတာက ဒီစစ်ဆင်ရေးသာ ပျက်သွားခဲ့ရင် SAS ဖွဲ့ စည်းမှုကို အားမပေးတဲ့ စစ်ရုံးက ဗျူရိုကရက် စစ်အရာရှိကြီးတွေ ဝမ်းသာစရာ ဖြစ်မယ်။ တကယ်တော့ သူ့ တပ်ဖွဲ့ဟာ စမ်းသပ်မှုတရပ်သာသာပါပဲ၊ ဝန်ရိုးတန်းတပ်တွေကို တန်ပြန်ထိုးနှက်ရာမှာ သူတို့အဖွဲ့ရဲ့ အသုံးဝင်မှုကို သက်သေကောင်းကောင်း မပြနိုင်ခဲ့ရင်တော့ SASဟာ ဆက်လက်ရှင်သန်နိုင်ဖို့မရှိပဲ ဖျက်သိမ်းခံရလိမ့်မယ်လို့ လည်း ခန့်မှန်းမိကြပါတယ်။
အစီအစဉ်ဖျက်လိုတဲ့ ဆန္ဒလုံးဝမရှိကြ၊စိတ်ဓါတ်ပြင်းပြကြသူများပီပီ အော်ပရေးရှင်းကို အပျက်မခံပဲ လေပြင်း မုန်တိုင်းကြားထဲ လေထီးခုန်ဆင်းဖို့ ဝိုင်းဆုံးဖြတ်ခဲ့ကြပါတယ်။ ဟောလိဝုဒ် အက်ရှင်ဇာတ်ကား ဆန်ဆန်သာ ရိုက် ကူးကြရင်တော့ မုန်တိုင်းကြားကနေ မရမက လေထီးခုန်ချပြီး လေယာဉ်တွေကို စွန့်စွန့်စားစား ဖောက်ခွဲပစ်ကြ၊ နာဇီ၊ ဖက်ဆစ်တွေ အချီကြီး အထိနာသွားခဲ့ကြတဲ့ ပွဲဦးထွက်ရလဒ်ကောင်း များနဲ့ SAS တပ်ဖွဲ့ နာမည်ကြီးသွားတဲ့ ပြကွက်များ ရှုမြင်ရနိုင်ပါတယ်။
ဒါပေမယ့် လက်တွေ့ဖြစ်ရပ်က ရုပ်ရှင်လုံးဝမဆန်ခဲ့ပါဘူး။ လေထဲမိုးထဲခုန်ဆင်းရတဲ့အပြင် မြေပြင်က လေယာဉ် ပစ်သေနတ်တွေနဲ့ ပြန်ပစ်ခတ်တာလည်း ခံရပြီး လေယာဉ်တစီးလည်း ထိမှန်ပျက်ကျခဲ့ပါတယ်။ ချုပ်ပြောရရင် တော့ SAS (၅၅)ယောက် လေထီးခုန်ကြတဲ့အထဲ (၂၁) ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ ကျန်သူများကတော့ သေဆုံးဒဏ်ရာရ ဒါမှမဟုတ် ပျောက်ဆုံး၊ အဖမ်းဆီးခံ စာရင်းထဲ ထည့်ခဲ့ရပါတယ်။ ရာသီဥတုဆိုးဝါးမှုအပြင် သူတို့ အသုံးပြုခဲ့တဲ့ လေထီးနဲ့နည်းစနစ်တွေက အခုနောက်ပိုင်းကာလများလို အန္တရာယ်မနည်းပါးဘူးလို့လည်း ဒီဖြစ် ရပ်နဲ့ပတ်သက်ပြီး ပြန်ပြောပြကြပါတယ်။
လေပြင်းမုန်တိုင်းကြောင့် မှန်းထားတဲ့နေရာကို အတိအကျ မခုန်ချနိုင်ခဲ့ပဲ ဖေါက်ခွဲရေး ပစ္စည်းတွေကလည်း တကွဲ တပြား လွင့်ပျောက်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဘယ်လိုနည်းနဲ့မှ မူလဖေါက်ခွဲဖျက်ဆီးရေး အစီအစဉ်ကို ဆက်မ လုပ်ဆောင် နိုင်တော့တဲ့အတွက် ဆုံမှတ်နေရာဆီကိုသာ ပြန်လာခဲ့ကြရပါတယ်။
ဒီအသက်ရှင် ကျန်ရစ်ကြသူများကလည်း တစုတစည်း တနေရာတည်းမှာ ရှိကြတာမဟုတ်ပါဘူး၊ လေပြင်းမုန် တိုင်းကြောင့် နေရာတကွဲတပြားဆီ ရောက်ကုန်ကြတာပါ။ နာရီပေါင်းများစွာ၊ တချို့ဆို တရက်ခွဲလောက် ကြာ အောင် လာကြိုမယ့်ဆုံမှတ်ဆီကို လမ်းလျှောက် ပြန်ခဲ့ကြရတာပါ။ ဒီလိုနဲ့ပဲ မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးက အသက်ရှင် ကျန်ရစ်ခဲ့သူများ စခန်းကို ပြန်ရောက်လာခဲ့ကြပါတယ်။
ပြန်စဉ်းစားကြည့်ရင် မုန်တိုင်းထဲ ခုန်ချကြတဲ့အထိ ခိုင်မာပြင်းပြကြတဲ့ သူတို့တတွေရဲ့ စိတ်ဓာတ်ဟာ မယုံကြည်နိုင်လောက်အောင် အံ့ဩစရာပါ။ ‘ရာသီဥတုဆိုးပြီး ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်မှန်း သိပါတယ်၊ ဒါပေမဲ့ အဲဒီ အော်ပရေးရှင်းကို ဖျက်ပစ်လိုက်ရမှာထက် ပိုဆိုးဝါးတာ ဘာမှမရှိဘူး။ ဖျက်ပစ်ခဲ့ရရင်လည်း SAS တပ်ဖွဲ့ ဖြစ်လာနိုင် တော့မှာ မဟုတ်ဘူး’လို့ သူတို့ ယုံကြည်ထားကြတာကို နောက်ပိုင်း အင်တာဗျူးတွေမှာ ပြန်ပြောခဲ့ပါတယ်။
အသက်အရွယ်တွေ ကြည့်လိုက်တော့လည်း အုပ်ချုပ်သူ အရာရှိ ‘စတာလင်’ကိုယ်တိုင်ကမှ (၂၅) နှစ်ကျော်၊ ’ပက်ဒီ မိန်း’က သူ့ထက် (၁၀) လပဲကြီးသူ၊ ’လူးဝစ်’က (၂၇) နှစ်နဲ့ ‘ဂျော်နီကူးပါး’လို (၁၉) နှစ်တောင် မပြည့်သူလည်း ပါပါသေးတယ်။ လူစွန့်စားတွေ ဆိုတာထက် မြန်မာအသုံးအနှုန်းနဲ့ ‘တစူးစား’လို့တောင် ခေါ်ဝေါ်ရမလားလို့တောင် တွေးချင်စရာပါ။ သူတို့ခေါင်းထဲမှာ သူတို့လုပ်ရမယ့် စစ်ဆင်ရေးကပဲ နံပါတ်(၁)၊ (၂)၊ (၃)၊(၄) အဲဒီလို ဖြစ်နေကြပုံပါပဲ။
ပထမအကြိမ် လေယာဥ်ပေါ်က လေထီးခုန် လေ့ကျင့်ခဲ့တုန်းက တပ်ဖွဲ့ဝင်(၂)ယောက် သေဆုံးခဲ့ရတာ ဖေါ်ပြခဲ့ ဖူးပါတယ်။ လူသားတွေဖြစ်တဲ့အတွက် တုန်လှုပ်စရာ အတွေ့အကြုံကြောင့် စိတ်ခံစားမှုမျိုးစုံ ဖြစ်ခဲ့ကြမှာပါပဲ။ အများစုအတွက်က ပထမဦးဆုံးအနေနဲ့ လေယာဥ်ပေါ်က လေထီးခုန်ချဖူးကြတာပါ။
‘ဘော့ဘင်းနက်’(Bob Bennett )က အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောပြပါတယ်။ အဲဒီနေ့မှာပဲ ‘စတာ လင်’နဲ့ ‘လူးဝစ်’က နောက်နေ့မနက်မှာ အားလုံးထပ်ခုန်ကြရမယ်လို့ ညွှန်ကြားပါတယ်။ မနက်ခင်းတန်းစီတဲ့ အချိန် ရောက်တော့ မခုန်ချင်တဲ့သူ ထွက်သွားနိုင်တယ်ဆိုပြီး သူတို့ကိုဆုံးဖြတ်ခွင့်ပြုပါတယ်။အဲဒီမှာပဲ ရှိသမျှ တပ်ဖွဲ့ဝင် အားလုံး ဘယ်သူမှ ချန်မနေရစ်ပဲ ခုန်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ SAS စိတ်ဓါတ်ကို ပြသလိုက်ခြင်းပါပဲ။
လဲကျရင်ပြန်ထကြဖို့ အရေးကြီးတယ်လို့ ဆိုလေ့ရှိကြပါတယ်။ သာမန်အမြင်နဲ့ စဥ်းစားကြည့်ရင် ပါဝင်တဲ့ အင် အားရဲ့ ၃ပုံ ၂ပုံ နီးပါးလောက် ပြန်ပါမလာနိုင်တဲ့ ဒီပွဲဦးထွက် စစ်ဆင်ရေးရလဒ်ဟာ ဘယ်လောက်တောင် စိတ်ဓါတ် ပျက်ပြားဖို့ ကောင်းလိမ့်မလဲ။ အခုကြုံနေသူများကတော့ သာမန်လူတွေမဟုတ်ပဲ သမိုင်းမှတ်တိုင် စိုက်ထူကြ မယ့် စိတ်ဓါတ်ပြင်းပြတဲ့ SASများပါ။ သူတို့တတွေက ပြန်ထဖို့ဆိုတာထက်ကို ကျော်လွန်ပြီး မူလဦးတည်ရာ လမ်း ကြောင်းပေါ်ဆီကို အရှိန်မြှင့်ပြီး အရောက်ပြန်လျှောက်နိုင်ဖို့ပဲ ခေါင်းထဲရှိကြသူတွေပါ။ အခုတခေါက်လည်း တလ မပြည့်ခင် ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ ကျန်တဲ့သူတွေနဲ့ပဲ စစ်ဆင်ရေး ပြန်ထွက်ဖို့ ပြင်ဆင်ကြပါတော့တယ်။
ကိုယ်ရောစိတ်ပါ ပြိုလဲကျသွားလောက်အောင် ရှင်ကျန်ပြန်လာနိုင်သူအရေအတွက်က ပြန်ပါမလာနိုင်သူတွေ ထက် များစွာလျော့နည်းခဲ့တဲ့၊ မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေး အပြီးမှာ ကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာများ ပြန်ကုသဖို့၊ စိတ်ဓါတ်ခွန်အား ပြန်မွေးကြဖို့၊ လူအင်အား ထပ်ဖြည့်တင်းဖို့တို့ ဆိုတာတွေအတွက် အချိန်များများ ယူမနေကြ တော့ပဲ ရက်ပိုင်းအတွင်းမှာ သူတို့အော်ပရေးရှင်းကို ရှိတဲ့အင်အားနဲ့ ပြန်အကောင်အထည်ဖော်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြတာကလည်း နောက်ထပ်အံ့အားသင့်စရာပါပဲ။
သာမန်လူတယောက်ရဲ့ အမြင်နဲ့ကြည့်ရင်တော့ အဲဒီလိုအချိန်မျိုးမှာ ဒီလောက်အန္တရယ်ကြီးတဲ့ စစ်ဆင်ရေးမျိုး အ လျင်အမြန် ပြန်ဖေါ်ဆောင်ကြတာက လုပ်သင့်ရဲ့လား၊လုပ်နိုင်ကြပါ့မလား၊ ဖြစ်နိုင်ချေရှိတဲ့ အော်ပရေးရှင်းရော ဟုတ်ပါရဲ့လားလို့ ဒွိဟဖြစ်စရာပါ။
တခုတော့ ရှိပါတယ်။ ပြောခဲ့တဲ့အတိုင်း သူတို့ကို သာမန်လူလို့ မြင်ဖို့မဖြစ်နိုင်ပါဘူး။ သူတို့က အထူးစစ်ဆင်ရေးတပ်ဖွဲ့များရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းရေးထိုးနိုင်ခဲ့ကြတဲ့ မူလSAS တပ်ဖွဲ့ဝင်များဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ် ဖြစ် သူတို့ရဲ့ ပွဲဦးထွက်မှာ ဆုံးရှုံးမှုများစွာနဲ့ မျက်နှာပန်းမလှခဲ့ကြပဲ၊ လက်ဆုပ်လက်ကိုင် ပြစရာကျန်ခဲ့တာဆိုလို့ သူတို့ရဲ့ ‘ပြင်းပြတဲ့စိတ်ဓာတ်’နဲ့ သူတို့ရယူထားတဲ့ ‘ပြင်းထန်တဲ့လေ့ကျင့်မှု’တို့သာဖြစ်တယ်လို့ မညှာမတာ ကောက်ချက်ချကြရမယ့် အနေပါ။
ပြန်တွေးကြည့်ရင်တော့လည်း ဒီအရာနှစ်ခုလုံးက အထူးတပ်ဖွဲ့တခုအတွက် မရှိမဖြစ် အဓိကအကျဆုံး ကျောရိုး ပါ။ ‘စတာလင်’တို့ရဲ့ SAS တပ်ဖွဲ့အနေနဲ့ ဒီအရာများကို ပိုင်ဆိုင်ပြီးသား ဖြစ်နေတာကိုက နောင်ဖေါ်ဆောင်ကြ ရမယ့် SAS အော်ပရေးရှင်းတွေအတွက် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး ဖြစ်တယ်လို့ ဆိုရ ပါမယ်။
ထူးခြားတဲ့ အရည်အချင်း၊ထူးချွန်တဲ့ စွမ်းရည်ကိုယ်စီရှိကြပြီး တိုက်ပွဲကို ဆာလောင်၊ အောင်ပွဲကို ငတ်မွတ်နေကြ သူများ၊ မုန်တိုင်းပဲတွေ့တွေ့၊ မီးပင်လယ်ပဲကြုံကြုံ၊ မီးတောင်တန်းပဲ ခြားခြား မရရအောင် ကျော်ဖြတ်ဖို့ စိတ်ပိုင်း ဖြတ်ထားကြသူများရဲ့ ဒီ SAS အထူးတပ်ဖွဲ့အတွက် ‘စတာလင်’ရွေးချယ်ထားတဲ့ ဆောင်ပုဒ်က လိုက်ဖက်ညီလွန်း တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့ခေတ် ဒီကနေ့ကာလအထိ မပြောင်းမလဲ တန်ဖိုးထားပြီး ဆက်လက်အသုံးပြု နေကြ တဲ့ Who Dares Wins ‘ရဲသူနိုင်စတမ်း ’ဆိုတဲ့ဆောင်ပုဒ်ကတော့ တကယ့်ကို အနက်အဓိပ္ပာယ် ပြည့်ဝလှပါတယ်။
ဒီဆောင်ပုဒ်ပါတဲ့ SAS အမှတ်တံဆိပ်ကို ရှားရှားပါးပါး တပ်ဆင်ခွင့်ရရှိတဲ့သူတိုင်း အခါအားလျော်စွာ တမြတ်တနိုး နမ်းရှိုက်ဖူးကြပါလိမ့်မယ်။ အဲဒီလိုအချိန်တိုင်းမှာ ‘ရဲသူနိုင်စတမ်း’ဆိုတဲ့ စာတမ်းပါတဲ့ SAS အမှတ်တံဆိပ် ပျောက် ပျက်မသွားပဲ SAS အထူးတပ်ဖွဲ့ ရှင်သန်ကျန်ခဲ့ရလေအောင် စိတ်ဓါတ်ပြင်းပြစွာနဲ့ အသက်ကို မငဲ့မကွက် စွန့်စား ခဲ့ကြတဲ့ မူလပထမ SASတပ်ဖွဲ့ဝင်များကို သူတို့ဦးညွတ်မိကြမှာပါ။
ခိုင်မာပြတ်သား ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ စိတ်မပျက် ဇွဲမလျော့ တိုက်ပွဲဝင်ကြသူများအတွက်တော့ အောင်ပွဲဟာ လက်တကမ်းမှာသာ ရှိတယ်ဆိုတာကို မူလ SASများရဲ့ မကျေပွဲ စစ်ဆင်ရေးများက သမိုင်းမှတ်တမ်းတင်ထားခဲ့ကြပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar