Breaking News

လေခဏီ - ဘုရားရင်သွေး တော်လှန်ရေး

လေခဏီ - ဘုရားရင်သွေး တော်လှန်ရေး

(မိုးမခ) ဧပြီ ၇ ၊ ၂၀၂၄

ခွေးရူး ရပ်ကွက်ထဲ ဝင်လာတော့ “ခွေးရူးတဲ့ဟေ့” လို့ တယောက်က စအော်လိုက်တာနဲ့ ကလေးတွေ အိမ်ထဲသွင်း၊ ဝင်းတံခါးပိတ်၊ မိန်းမတွေအထဲဝင်၊ သန်သန်မာမာတွေက မှိန်း လှံရှည် ဒုတ်ကိုင်ထွက်လာကြတော့တာပဲ။ ခွေးတွေပါ သွင်းရတာ၊ မသွင်းလို့မရ သူတို့ကလဲ သူတို့သခင်တွေအန္တရာယ် ကာကွယ်ချင်ပုံရ၊ မရမကတိုးထွက် ဆွဲချင်ကြ၊ ကိုက်မိရင် သူတို့ပါ အရူးဓာတ် ကူးမှာဆိုတော့ အိမ်ခွေးတွေ သေချာထိန်းရတယ်။ လမ်းခွေးကတော့ ဝင်လုံးတာဘဲ။ 

ခွေးရူးကို တရပ်ကွက်လုံး ငြာသံပေးလိုက်၊ ခွေးရူးကလဲ သွားရည်တွဲလောင်း ခေါင်းငိုက်ဆိုက်နဲ့ ဘေးဘီမကြည့် တည့်တည့်ကရှိသမျှ အကုန်ကိုက်။ နဂို ခွေးဗလံလဲ ရူးရင် အားသန်တော့တာကိုး။ ဝါးလုံးနဲ့ထိုး၊ လှံစွပ်နဲ့ထိုး ဒုတ်နဲ့ရိုက် ဝိုင်းတိုက်ကြတော့ သေတာပါဘဲ။ ခွေးရူးကလဲ မသေမချင်း ရှေ့အတင်းပြေး ခွေးမြင်မြင် လူမြင်မြင် ကိုက်တာဘဲလေ။ အဲတော့ ရှေ့က ကြို နောက်ကလိုက် ညှပ်ရိုက်သတ်ကြရတာ။ ရူးနေပြီဆိုတော့ မသတ်လို့မှ မရတော့တာ။ ခွေးရူးကိုက်မိတဲ့ ရပ်ကွက်ထဲက ခွေးတွေပါ တခါစောင့်ကြည့်၊ အခြေအနေမလှရင် သိပ်မဆိုးခင် သတ်လိုက်ကြရ။ ခွေးရူးမျိုးဖြတ်လိုက်ရတာ၊ မဖြတ်လို့မှ မရတာကိုး။ လောကမှာ အသက်ရှင်လျက်မရှိရမဲ့သတ္တဝါဟာ ခွေးရူးဘဲဟာ။

အင်း ဒီတခါ စစ်တပ် အာဏာသိမ်းပြီဆိုတော့ မအလနဲ့ သူ့စစ်တပ်ကိုလဲ ပြည်သူက ရပ်ကွက်ထဲ ခွေးရူးဝင်လာသလို သဘောထားပြီး ကလေးတွေတင်မက လူကြီးတွေပါ အိမ်ထဲဝင်ဆိုပြီး ရရာလက်နက်ဆွဲ မိန်းခလေး ယောက်ျားလေးအကုန်ထွက် လူရွယ်လူလတ် ခွေးရူးသတ်ကြတော့တာဘဲ။ တတိုင်းပြည်လုံးကလဲ မွေးတဲ့မိပြန်စော်ကား ကျွေးတဲ့လက်ပြန်ကိုက်ပြီဆိုတော့ကား ခွေးလို့ဘဲ အမည်သညာ ခေါ်စရာပြုလို့ ခွေးဖြစ်ပြီးသကာလ အာဏာလေးပါရူးလိုက်တော့ ခွေးရူးဖြစ်သွားပြီဆိုတော့ကား စစ်ခွေးရူး ရဲခွေးရူး ဟော စစ်တပ်လက်ကိုင်ဒုတ်ကိုတော့ ပျူခွေးရူးဆိုကာ ဝင်လာသမျှ ချကြတော့တာပဲ။ မချရင် ခွေးရူးကိုက်ခံပြီးရင်း ကိုက်ခံနေရပြီး တယောက်ကစ တရာ အကုန်ခွေးရူးပျံသေကုန်မှာကိုး။ ဒီခွေးတွေမှာက ဥပဒေဆိုတဲ့ ခွေးရူးပျံကာကွယ်ဆေးထိုးထားတဲ့ကောင် တကောင်မှမပါဘူးလေ။ ကိုက်မိ ခြစ်မိတဲ့လူမှန်သမျှလဲ ခွေးရူးပျံကာကွယ်ဆေး ဝိုင်းထိုးပေးရတာ၊ မဟုတ်ရင် လူကနေ ခွေးဘဝပြောင်း ခွေးကောင်းတောင်မဟုတ်၊ ခွေးရူးဇာတ်ဝင် မြင်မြင်သမျှကိုက် ခွေးမိုက်ဘဝနဲ့ဘဲ ဇာတ်သိမ်းရမှာလေ။

အဲသလို ခွေးရူးသတ်ခြင်းဆိုတဲ့ လုပ်သင့်လုပ်ထိုက်တာကို ညီညီညာညာလုပ်တာဟာ လူ့သီလပါဘဲတဲ့။ ဒီသီလမရှိတာဟာ အမြော်အမြင်ဉာဏ်ပညာ နည်းမှုသာလို့ ဗုဒ္ဓရှင်တော်က ကလေးငယ်ငယ်အရွယ်ကထဲက ဟော်ဖော်ညွှန်ကြားခဲ့ပါတယ်။ ဒီအလုပ်မလုပ် အမျှော်အမြင်မဲ့ရင်တော့ဖြင့် ဘဝမှာ တည်တည်ငြိမ်ငြိမ်နေရဖို့ မမျှော်လင့်နဲ့တဲ့။ မတည်မငြိမ်ဘဝမှာ ဘယ်ကောင်းခြင်းဓမ္မ ရနိုင်မှာလဲတဲ့လေ။ ကောင်းခြင်းဓမ္မ မရဘဲ ဘယ်လိုလုပ် ကိုယ်စိတ်နှလုံး သုံးပါးလုံးချမ်းသာရာ ရမလဲတဲ့။ စိတ်နှလုံး ညှိုးချုံးသူတွေနဲ့ ချမ်းသာတဲ့မိသားစုရပ်ရွာမြို့ပြနိုင်ငံ ဘယ်လိုထူမလဲတဲ့။

အဲဒါကြောင့် ဇိနပုတ္တ=ဘုရားရင်သွေးမှန်ရင် “ခွေးရူးသတ်ခြင်း” ဆိုတဲ့ လူ့သီလအလုပ်ကို လုပ်ရာ၏ပါတဲ့ခများ။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar