Breaking News

သျှင်မျိုးငယ် - အိမ်ပြန်လမ်းဟာ မဝေးတော့ဘူး

အိမ်ပြန်လမ်းဟာ မဝေးတော့ဘူး
သျှင်မျိုးငယ်
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၃

အမှန်တရားအတိုင်း
မြစ်ကို ဆန်တက်ခဲ့ကြတယ်
လှိုင်းဟာ ထန်နေဆဲတဲ့လား
လှိုင်းကြီးလည်း လှေအောက်ရောက်ရတာပါပဲ
ဒီလိုနဲ့ ထက်မြမြဓားသွားကို လွယ်လို့
လှိုင်းကြမ်းရေဆန် ဖြတ်ကူးခဲ့ကြတယ်
အိမ်ပြန်လမ်းဟာ မဝေးတော့ဘူး။

ငါတို့အရပ်မှာ ရောင်နီ
ဟိုဘက်ကမ်းမှာ မှောင်ပြီပေါ့
အလင်းနဲ့အမှောင် ပြိုင်ပွဲမှာ
ငါတို့ရှေ့လမ်းဟာ ရောင်နီသန်းလာပြီ
အိမ်ပြန်လမ်းဟာ မဝေးတော့ဘူး။

ဟိုဘက်ကမ်းမှာ ပြိုကျတော့
ငါတို့ကမ်းမှာ သောင်ထွန်းတော့မှာပေါ့
ရေဟာ စီးဆင်းနေဖို့ပဲ လိုအပ်တယ်
မရပ်မနား တရစပ်စီးဆင်းနေဆဲ
မတရားမှုဟာ ကျဆုံးရစမြဲမဟုတ်လား
အိမ်ပြန်လမ်းဟာ မဝေးတော့ဘူး။

အဆုံးအစမဲ့ လောကကြီးထဲ
ဘဝဟာ ခရီးခဲတွေချည်းပါပဲ
လဲကျတဲ့အခါ ပြန်ထ
ကျရှုံးတဲ့အခါ အားတင်း
တရွေ့ရွေ့ စီးဆင်းလာခဲ့တယ်
အိမ်ပြန်လမ်းအဆုံးမှာ
အမေ့အပြုံးဟာ ကြိုနေမှာပါပဲ
အိမ်ပြန်လမ်းဟာ မဝေးတော့ပါဘူးမေမေ   ။      ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar