သက်တမ်းအကြိမ်ကြိမ်တိုးနေရတော့ အချိန်ပိုကန်နေတဲ့ ကာလုံဘောလုံးပွဲလား
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၃
သက်တမ်းအကြိမ်ကြိမ်တိုးနေရတော့ အချိန်ပိုကန်နေတဲ့ ကာလုံဘောလုံးပွဲလား
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV က ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ကြေညာပါတယ်။ ဒီနေ့ကာလုံ အစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ အတူ NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ပါ တက်ရောက်တာ တွေ့ရပါတယ်လို့ RFA မြန်မာသတင်းဌာနက ပြောပါတယ်။
လက်ရှိကာလုံအဖွဲ့မှာ သူတို့ဆိုလိုချင်တာက - ၂၀၀၈ ခြေဥအတိုင်း သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌတွေ၊ အထင်ကရဝန်ကြီးတွေ လူစုံနီးပါး တက်ရောက်တယ်လို့ ပြသတာဖြစ်ပါတယ်။ သို့သော် ယခင်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်ခိုင်သန်းတို့ ပါဝင်ခြင်း မရှိပါဘူး။ အာဏာသိမ်းစစ်ကောင်စီက သူတို့စစ်တပ်ကနေ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ကို အစားထိုးထည့်ထားတာကလွဲရင် ကျန်သူများက စစ်တပ်အလိုကျ လိုက်ပါကစားကြသူတဲ့ အရင်လူတွေ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ၏ အစိုးရသက်တမ်းကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ရင်ကြားစေ့ရေးတို့ကို စစ်အုပ်စုနဲ့ ဦးစားပေးဆောင်ရွက်ခဲ့ပြီး မျက်နှာစာပေါင်းစုံက ပုဂ္ဂိုလ်များနဲ့လည်း မိတ်ဆွေဖွဲ့ ဆက်ဆံရေးတွေ ထူထောင်ခဲ့ပါတယ်။ အဲသည်ထဲက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မိတ်ဆွေအဖြစ် ထူထောင်ခဲ့ကြသူအချို့ဟာ ယခုလို စစ်အာဏာသိမ်းကာလမှစပြီး ကိုယ့်ဘက်က ရပ်တည်တဲ့မိတ်ဆွေတွေ မဟုတ်တော့ဘဲ ရန်သူရဲ့အသုံးချခံရသူတွေ၊ စစ်အာဏာရှင်ဘက်တော်သားတွေ၊ စစ်အုပ်စုကို မလွန်ဆန်သူတွေ ဖြစ်လာတာကို တွေ့လာရပါတယ်။
စစ်ကောင်စီက အကြိမ်ကြိမ် အရေးပေါ်အခြေအနေကို အကြောင်းပြပြီး ကာလုံသက်တမ်းတိုးနေတာက ဘောလုံးပွဲ မိနစ် ၉၀ အချိန်ပြည့်ကန်ပြီးတာတောင် အခြေအနေမကောင်းသေးလို့ အချိန်ပို ထပ်ကန်နေရတဲ့ ဘောလုံးပွဲလိုပဲလို့ စာဖတ်ပရိသတ်တဦးက မှတ်ချက်ပေးပါတယ်။ ပြီးတော့ သူတို့တွေက အရင်NLD အစိုးရဘက်က အသင်းပြောင်းတဲ့ (ဘက်ပြောင်းတဲ့) လူတွေကို သူတို့အသင်းထဲ ထည့်ပြီး ကစားပြနေတာလည်း ဟာသတပုဒ်လိုပဲ လို့ ပြောပါတယ်။ တကယ်တန်းက ဟာသမဟုတ်ပါဘူး။ မိတ်ဆွေတွေ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လို့ ယုံကြည်ရသူတွေက စစ်ကောင်စီထံ အညံ့ခံ ဒူးထောက်သွားတာကို မြင်တွေ့ကြရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချပစ်ဖို့အတွက် ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းနဲ့ ခရိုနီလုပ်ငန်းရှင် မောင်ဝိတ်တို့ အသိုင်းအဝိုင်းတွေအားလုံးကို စိတ်တိုင်းကျ အသုံးချခဲ့တာကလည်း မြန်မာပြည်သူတွေ နွေဦးတော်လှန်ရေးသမားတွေဘက်က မေ့ဖျောက်ပစ်လို့မရတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ၏ ကြိုးကိုင်ထားမှု အင်အားပြ အနိုင်ကျင့်နေမှုကို ကြောက်ရွံ့ဝပ်ကျိုးသွားတဲ့ ယခင် NLD နဲ့ မိတ်ဘက် လူပုဂ္ဂိုလ်များကိုယ်တိုင်ကလည်း သူတို့၏ အားနည်းချက်ကို ကြောက်ရွံ့မှုတွေ ဘယာဂတိတွေကို ဝန်မခံလိုဘဲ စစ်ကောင်စီ အာဏာသိမ်းတဲ့ဘက်က ရပ်တည် ကာကွယ် ပြောဆိုနေတာ၊ နွေဦးတော်လှန်ရေးကို ပုတ်ခတ်ပြောဆိုနေတာကလည်း နောက်စစ်အာဏာရှင်၏ အချိန်ပို နာကျင်ချိန်တွေမှာ စစ်ဘောပွဲကို ဝင်ကန်ဖို့ တန်းစီနေကြပုံ ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။
စစ်ကောင်စီက ကာလုံအရေးပေါ်သက်တမ်းတိုးလိုက်တဲ့နေ့မှာပဲ အမေရိကန်အစိုးရကတော့ အဆိုပါကြေညာချက်ကို ရှုတ်ချ ကန့်ကွက်လိုက်ပါတယ်။ ၂ နှစ်ခွဲလုံးလုံး လူသတ်၊ မီးရှို့၊ ဖျက်ဆီးနေတဲ့ စစ်တပ်၊ လူ ၁ ဒသမ ၆ သန်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်အောင်လုပ်နေတဲ့ စစ်ကောင်စီ၏ သက်တမ်းတိုးမှုဟာ မြန်မာပြည်ကို ပိုဆိုးဖို့ပဲ ဖြစ်စေတယ်လို့ အမေရိကန်အစိုးရက ပြစ်တင်လိုက်ပါတယ်။ အဲသည်နေ့မှာပဲ NUG နဲ့ NUCC တို့ အရေးပေါ်အစည်းအဝေးကျင်းပပြီး ၎င်းတို့ ရပ်တည်ချက်အတိုင်း နွေဦးတော်လှန်ရေးကို ဆက်ချီတက်မယ်လို့ ပြောဆိုကြပါတယ်။
အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားရာမှာ - “ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိပါတယ်။ (၁) အာဏာရှင် လုံးဝအမြစ်ပြတ်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း (political path) က ရပြီးသားဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်တဲ့ဘက် မလိုက်သွားဖို့ အရေးကြီးပါတယ်”လို့ နိုင်ငံတော်ယာယီသမ္မတက ပြောပါတယ်။ ဒါ့အပြင် NUCC ဘက်ကလည်း Regime Change မဟုတ်ဘူး၊ System Change ကို ဦးတည်နေတာလို့ ထောက်ပြသွားပါတယ်။
အဲသည်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်ပြည်ထောင်စု၏ နာမည်ကြီး New York Times သတင်းစာကြီးက - ကိုယ့်တိုင်းပြည်ကို ပြန်ဗုံးကြဲနေတဲ့ နိုင်ငံတော် ဆိုတဲ့ သတင်းဆောင်းပါးကနေ အာဏာသိမ်းစစ်ကောင်စီ၏ သက်တမ်းတလျှောက် ပြည်သူတွေကို ဗုံးကြဲ တိုက်ခိုက် မီးလောင်တိုက်သွင်းနေတဲ့ အချက်အလက် သတင်း ဓာတ်ပုံ ရုပ်သံတွေ ဝေဝေဆာဆာနဲ့ တင်ဆက်သွားပါတယ်။ သူတို့ကောက်ယူတဲ့အချက်အလက်တွေအရ မြန်မာစစ်တပ်က လူ ၃၄၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး ၁ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ မီးမောင်းထိုးသွားပါတယ်။
သည်တော့ စစ်ကောင်စီက သူတို့တွေမှာ တိုင်းပြည်အရေးပေါ်အခြေအနေတွေ ဆက်လက်ထိန်းသိမ်းဖို့ဆိုပြီး အကြောင်းပြချက်ရယ်၊ အာဏာသိမ်းတယ် ဆိုလိုက်ရင် သူတို့၏ ခြေဥကိုယ်တိုင်ပါ ဖျက်သိမ်းပစ်လိုက်ရတဲ့ ကိန်းဆိုက်မှာ ရှောင်လွှဲဖို့ရယ်၊ အာဏာထိန်းတယ်ဆိုတဲ့ အကြောင်းပြချက်ကို တန်ဆာဆင်ဖို့ အရင်အစိုးရက စစ်အုပ်စုဘက်သားတွေကို ကာလုံထဲမှာ ထုတ်ပြပြီး ကြေညာပြရတာရယ်နဲ့ သူတို့ကတိအတိုင်း ရွေးကောက်ပွဲအသစ်လည်း ခြေတလှမ်းမှ မစနိုင်သေးတာရယ်တွေ စတဲ့ အကျပ်အတည်း အကန့်အသတ်မျိုးစုံကနေ ကာလုံသက်တမ်း နောက် ၆ လ တိုးသော်ငြားလည်း နိုင်ငံတကာနဲ့ ပြည်သူတွေအပေါ် ထိရောက်တဲ့ သက်ရောက်မှု မရှိတာကိုသာ ရင်ဆိုင်လိုက်ရတယ်လို့ ဆိုလိုက်ချင်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar