မနအ - အလွမ်းစင်တာ
အလွမ်းစင်တာ
မနအ
(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၃
အဲ့သည် လမ်းကလေးကို
အမှတ်တရလမ်းလို့
အမည်နာမပြုထားတယ် ။
လေးဆယ့်ရှစ် မျဥ်းစောင်း ခြောက်ဆယ့်နှစ် ဆိုတဲ့
ဟောင်းနွမ်း ညစ်ထေး ငုံးတိတိနဲ့
မမ်မိုရီစတုန်း စကျင်ကျောက်တခုက
လမ်းအဝင် ပိတောက်ပင်ကြီးအောက်မှာ ။
ဝါဖန့်ဖန့် ဒဏ်ရာရနံ့တွေ
လွင့်ပျံ့နေတဲ့ အဲသည်လမ်းကလေးထဲမှာ
အလွမ်းစင်တာလေးက ငုတ်တုတ် ။
အလွမ်းဒီဇိုင်းနာ ရုပ်တု နဲ့
စင်တာမုခ်ဦးအဝင်မှာ
ဝိညာဥ်ပြာအလံလေးတွေက မလှုပ်မခြောက် ။
စင်တာအဝင် လျှောက်လမ်းမှာတော့
အမေ့ လီလီပန်းခက်ကလေးတွေက
မျက်ရည်စက်လက်နဲ့ ခပ်မဆိတ် ။
သွေးမတိတ်သေးတဲ့ ပန်းချီနဲ့
ဆေးမညီသေးတဲ့ ကဗျာနဲ့
တေးဖွဲ့မသာတဲ့ အလွမ်းတွေက
အဲ့သည် စင်တာကလေးမှာ ရှိပါတယ် ။ ။
၁၅ ဩဂုတ် ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar